သတင်း

သစ်ခိုးခုတ်သူများနှင့် ထိုင်းအာဏာပိုင်များ ပစ်ခတ်မှု ၂ ဦး ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ထိုင်း – မြန်မာ နယ်စပ်တွင် သစ်ခိုးခုတ်သည့် မြန်မာ နိုင်ငံသားများနှင့် ထိုင်း သစ်တော အာဏာပိုင်များ တနင်္ဂနွေနေ့ ညက
ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တာ့ခ်ခရိုင် မယ်လမမြို့နယ် အတွင်းရှိ ဟွေပါကလောင်း ကျေးရွာနှင့် ၈ ကီလိုမီတာခန့် အကွာတွင် သစ်ခိုးခုတ်နေသူများကို သွားရောက် ဖမ်းဆီရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ထိုင်းသစ်တော အရာရှိ တဦးနှင့် မြန်မာနိုင်ငံသား တဦး သေနတ် ဒဏ်ရာများ ရရှိ၍ မယ်လမမြို့ နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ထိုင်းသစ်တော အရာရှိတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

ထိုင်း အာဏာပိုင်များက သစ်ခိုးခုတ်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦးအနက် ၈ ဦးကို ဖမ်းဆီးထားပြီး သက်သေခံ ပစ္စည်းများအဖြစ် M16 သေနတ်တလက်နှင့် သစ်ခုတ်ရာတွင် သုံးသည့် စက်ပစ္စည်း တချို့တို့ကို သိမ်းဆည်းရမိကြောင်း ထိုင်း သတင်းများက ဆို သည်။

သတင်းများအဆိုအရ အဖမ်းခံရသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်များ ဖြစ်ပြီး မယ်လဒုက္ခသည် စခန်းအတွင်း နေ ထိုင် သူများ ဖြစ်ကြောင်း သိရသည်။

မယ်လ ဒုက္ခသည် စခန်း ဥက္ကဌ စောထွန်းထွန်းကမူ ဒုက္ခသည် စခန်း၏ အပြင်တွင် ဖြစ်ပွားသောကြောင့် အတိအကျ မပြောပြနိုင် သော်လည်း မယ်လဒုက္ခသည် စခန်းက လူတချို့ ပါဝင်ကြောင်း ကြားသိရသည်ဟု ဧရာဝတီသို့ ပြောပြသည်။

“မယ်လ ဒုက္ခသည်စခန်းက လူတချို့ပါတယ်၊ အားလုံး ၁၀ ယောက်၊ ၂ ယောက် ထွက်ပြေးသွားတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလော အဖမ်းခံရသူများ၏ အခြေအနေကို မသိရှိရသော်လည်း ထိုင်း သူဌေး တဦး၏ တပည့် အဖြစ် အလုပ်လုပ်ကိုင် နေ သူများ ဖြစ်နိုင်ကြောင်း စောထွန်းထွန်းက ပြောသည်။

အဖမ်းခံရသူများကို မယ်လမမြို့နယ် ရဲစခန်းမှ တဆင့် ယနေ့ မဲဆောက်မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားမည်ဟု ကြားသိ ရကြောင်းလည်း ၎င်းက ဆိုသည်။

“သက်ဆိုင်ရာကိုပဲ အကူအညီတောင်းထားပြီတော့ သူတို့က တကယ်ပဲ အပစ်ကျူးလွန်လား၊ မကျူးလွန်ဘူး ဆိုတာ တရားရုံးကပဲ ဆုံဖြတ်လိမ့်မယ်လို့ ထင်တယ်”ဟု စောထွန်းထွန်းက ဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်း ၉ ခုရှိသည့် အနက် မယ်လ ဒုက္ခသည်စခန်းသည် ဒုက္ခသည် ၅ သောင်းခန့် နေထိုင်သော စခန်းတခု ဖြစ်သည်။

မယ်လ ဒုက္ခသည် စခန်း အပါအဝင် အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စသည့် ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ ဖြစ်ပြီး ထိုစခန်းများတွင် ဒုက္ခသည် တသိန်း ခြောက်သောင်းခန့် ရှိကြောင်း ကူညီ ကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။ ယင်း ဒုက္ခသည်များသည် ၁၉၈၃ ခုနှစ်မှ စတင်၍ မြန်မာ အစိုးရ တပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။

Loading