[irrawaddy_gallery]
ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIO ၏ ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည် စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။
မိုင်ဂျာယန်၊ ပါကထောင်၊ ဖလူရန့်နှင့် ဂျေယန့် စခန်းများ အပါအဝင် တခြားစခန်းများတွင် အသက် ၅ နှစ်အောက်နှင့် သက်ကြီး ရွယ်အိုများ အဖြစ်များပြီး လူဦးရေ ၇၀၀၀ ကျော် ခိုလှုံနေကြသော ဂျေယန့် စခန်းတွင် ဒုက္ခသည် ၆၀ ရာခိုင်နှုန်းကျော် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားနေသည်ဟု ဒုက္ခသည်စခန်း ကော်မတီနှင့် ဆေးအဖွဲ့များက ပြောသည်။
“ဝမ်းပျက်၊ ဝမ်းလျောက တော်တော်များများ ဖြစ်နေတယ်။ အဓိက ကတော့ မိုးရာသီ ဖြစ်နေတာကြောင့်ရယ်၊ သောက်သုံးရေ ကြောင့်ရယ်” ဟု ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆားက ဧရာဝတီသို့ ပြောသည်။
ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားနေသော စခန်းများ အပါအဝင် KIO ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည် စခန်း ၄၀ ကျော်တွင် ဆေးဝါး၊ ဆေးဝန်ထမ်းနှင့် ရိက္ခာ မလုံလောက်မှု နှင့်လည်း ရင်ဆိုင်နေရကြောင်း သူက ဆက်ရှင်းပြသည်။
မိုးတွင်းကာလ စီးဆင်းနေသော ချောင်းရေများကို စနစ်တကျ ကျိုချက် သောက်သုံးခြင်း မရှိသဖြင့် ယင်းသို့ ဝမ်းရောဂါ ဖြစ်ပွား
နေခြင်းဖြစ်ကြောင်း လိုင်ဇာမြို့နယ်ရှိ ဂျေယန့် ဒုက္ခသည် စခန်း၏ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
“ဒီစခန်းမှာက ဝမ်းပျက်ဝမ်းလျော အများဆုံးဖြစ်နေတယ်။ ငှက်ဖျားပိုး ဝင်တာတော့ နည်းနည်း တွေ့ရတယ်” ဟု သူက ရှင်းပြသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကချင် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ခန့်အပါအဝင် ကချင်ပြည်နယ် နယ်စပ် ဒုက္ခသည်စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခသည် ၅၃၀၀၀ ကျော်အတွက် KIO က တနှစ်ခန့် ထောက်ပံ့ ပေးခဲ့ပြီး ယခုအခါ ငွေကြေး အကျပ်အတည်း ဖြစ်လာသဖြင့် ဒုက္ခသည်များကို ထောက်ပံ့မှု အားနည်းလာသည်ဟု သိရသည်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသော စခန်းများတွင် ဆေးဝန်ထမ်း လုံလောက်မှုမရှိခြင်း၊ ဆေးဝါး ပြတ်တောက်ခြင်း တို့ကြောင့် ရောဂါ ကူးစက်မှု တိုးလာမည်ကို စိုးရိမ်ရကြောင်း လိုင်ဇာမြို့နယ် အတွင်းရှိ ဖလူရန့် ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါ ဖြစ်ပွားနေသူများကို ကုသပေးနေသော ဆေးဝန်ထမ်း တဦးက ပြောသည်။
“အခု ဝမ်းပျက်ဝမ်းလျှောက ဖြစ်နေကြ ရာသီမှာ ဖြစ်တာလို့လည်း ဆိုနိုင်သလို၊ ကူးစက်နိုင်တဲ့ ရောဂါ လို့လည်း ပြောနိုင်တယ်။ ဒီစခန်းမှာ လူဦးရေကလည်း များ၊ အိမ်ထောင်စုကလည်း များတယ်၊ ပြီးတော့ ဆေးဝါးတွေကလည်း ပြတ်နေတယ်လေ။ရောဂါဖြစ်နေရင် ဆေးပတ်လည်အောင်တောင် မတိုက်နိုင်ဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူများ မရှိသေးကြောင်း၊ ဝမ်းရောဂါ ထပ်မံ မပြန့်ပွားရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ဒုက္ခသည် စခန်းများသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ပြုလုပ်ကြရန် ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ညွှန်ကြားထားကြောင်း ဦးဒွဲပီဆားက ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း မိုးများ ဆက်တိုက် ရွာသွန်းနေသော်လည်း KIO နှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ဖြစ်နေကြသဖြင့် နယ်မြေ မတည်ငြိမ်မှုကြောင့်ဟု ဆိုကာ ဒုက္ခသည်တချို့ ထပ်မံရောက်ရှိ လာနေကြောင်း သိရသည်။
ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ပုံမှန်ပေးနေသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် အမိုးအကာများ ခွဲတမ်းကျ လုံလောက်စွာ မရရှိဘဲ ဖြစ်နေချိန်တွင် လိုင်ဇာမြို့နယ်ထဲ၌ ကိုယ်ထူကိုယ်ထ တဲထိုးကာ နေထိုင်သူများနှင့် အမိုး
အကာမရှိဘဲ ခိုလှုံနေရသည့် ဒုက္ခသည် မိသားစု ၃၀၀ ခန့်ရှိနေသည်ဟု သိရသည်။
ထို့အတူ မိုးညှင်းခရိုင်အတွင်းရှိ တောများအတွင်း ခြေသလုံးအိမ်တိုင် အခြေအနေဖြင့် ပုန်းအောင်းနေရသူ ဒုက္ခသည် ၂၀၀၀ ခန့်နှင့် ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြော များတွင် ပုန်းအောင်းနေရသော ဒုက္ခသည် ၁၅၀၀ ကျော် ရှိနေကြောင်း ဦးဒွဲပီဆားက ပြောသည်။
KIO ထိန်းချုပ်ရာ နယ်စပ်ဒေသအတွင်း ဒုက္ခသည် စခန်းများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းနေအရွယ် ကလေးများ ပိုမိုတိုးပွားလာကြောင်း၊ ဘော်ဒါဆောင်နေ၍ ကျောင်းတက်ရမည့် ကျောင်းသားဦးရေ ၁၅၀၀ ကျော် အထိ
ရှိနေရာ ထိုကျောင်းသားများအတွက် ကျောင်းဆောင်များနှင့် ကျောင်းသုံး ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သူက ဆိုသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ KIO က တည်ဆောက် ပေးထားသော ဒုက္ခသည် စခန်းများတွင် လာရောက် ခိုလှုံနေကြကာ၊ နယ်မြေ တည်ငြိမ်မှု မရရှိ သေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင်ကြသေးချေ။
ကျော်ခ ပူးပေါင်း ရေးသားသည်။