နုတ်ထွက်သွားသော ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၏ နေရာတွင် ဆက်ခံရေးအတွက် ဒုသမ္မတလောင်း၏ အမည်စာရင်းကို ယနေ့ စတင်ကျင်းပသည့် စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တင်သွင်းမည်ဟု သတင်းရရှိသည်။
ထင်ကြေးပေးခံရသူများတွင် လက်ရှိ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို တို့ ပါဝင်ကြောင်း လွှတ်တော်သတင်းရပ်ကွက်က ဆိုသည်။
ခေါင်းမာဂိုဏ်းသားဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး ပြီးခဲ့သည့် မေလအတွင်းက ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားကြောင်း ဧရာဝတီက ရေးသားခဲ့သော်လည်း အစိုးရတာဝန်ရှိသူများက ငြင်းဆိုခဲ့ပြီး အဆိုပါသတင်းနှင့် ပတ်သက်၍ ပြည်တွင်းဂျာနယ်များတွင်လည်း ဖော်ပြခွင့်မပြုခဲ့ပေ။
ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေးကို အစိုးရသတင်းစာများနှင့် သမ္မတရုံးဝက်ဘ်ဆိုဒ်တို့၌ ဖော်ပြရာတွင် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး အတွက် ယခင်က လျာထားပေးသည့် ထိုင်ခုံနေရာ မရှိတော့ပေ။
အစိုးရနှင့် နီးစပ်သူများ အဆိုအရ ဦးတင်အောင်မြင့်ဦးသည် လည်ချောင်းကင်ဆာရောဂါ ဖြစ်ပွားနေသည့်အတွက် စင်ကာပူနိုင်ငံတွင် ဆေးကုသခံယူ ခဲ့ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဗီလာအတွင်းရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းတွင် ရဟန်းဝတ်နေသည်ဟု သိရသည်။
သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ယခင်စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး (၁) တာဝန်ထမ်းဆောင်ခဲ့ပြီး ကုန်သွယ်မှုဝါဒ ကောင်စီတွင် ဥက္ကဋ္ဌ၊ တပ်မတော်တွင်လည်း စစ်ထောက်ချုပ်တာဝန်ယူခဲ့သူဖြစ်သည်။
လွှတ်တော်သတင်းရပ်ကွက်များ အဆိုအရ ဒု သမ္မတသစ် ရွေးချယ်တင်မြောက်ရေးသည် ပြုပြင်ပြောင်းလဲရေးကို ဦးတည်မည့် ဥပဒေအသစ်များကို ပြဋ္ဌာန်း၍ အစိုးရအဖွဲ့ အတွင်းတွင်လည်း ခေတ်နောက်ပြန်ဆွဲသူများ၏ သြဇာအာဏာကို လျှော့ချရေး ရှေ့ပြေးဖြစ်သည်ဟု ဆိုသည်။
ပြုပြင်ပြောင်းလဲရေးကို မလိုလားသည့် ဝန်ကြီးများ ထုတ်ပယ်နိုင်ပြီး အလုပ်မဖြစ်သည့် ဝန်ကြီးဌာနများကိုလည်း ပူးပေါင်းပစ်နိုင်ကြောင်း၊ ထို့ကြောင့် တချို့သောဝန်ကြီးများ ၎င်းတို့ရာထူး ဆုံးရှုံးနိုင်ကြောင်း ရိုက်တာ သတင်းတပုဒ်တွင်လည်း ဖော်ပြထားသည်။