ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ် များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ်တို့ကို အဆိုပြုထားပြီး ယခုလ ၉ ရက်နေ့ နောက်ပိုင်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ဧရာဝတီ သို့ ပြောသည်။
အစိုးရဘက်က ဗန်းမော်မြို့နယ်တွင် တွေ့ဆုံဆွေးနွေးရန် ယခုလဆန်းပိုင်းက ကမ်းလှမ်းခဲ့သော်လည်း စစ်ရေးတင်းမာနေချိန် အတွင်း ထိုနေရာများ၌ တွေ့ဆုံဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ဘက်က ပြန်လည် အကြောင်းကြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
နှစ်ဘက် တွေ့ဆုံဆွေးနွေးအတွက် ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် အစိုးရဘက်က ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ကြိုတင် ညှိနှိုင်း၍ ယမန်နေ့က စစ်ဘက်ဆိုင်ရာ နှစ်ဘက် ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
“နှစ်ဘက်တပ်တွေ ဖယ်ရှားပေးရမယ့် ကဏ္ဍတွေ၊ နှစ်ဘက်တပ်တွေ နီးနီးကပ်ကပ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့ အစိုးရဘက်က တိုးချဲ့ထားတဲ့ တပ်မတွေ ပြန်ရုပ်ဖို့ အဲဒီကိစ္စတွေကို အသေးစိတ် ဆွေးနွေးကြမယ်”ဟု ဦးဆန်းအောင်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် KIA ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့သည်။
နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေကြရသော စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။ ယင်း ဒုက္ခသည် စခန်းများသည် KIO ၏ ထိန်းချုပ်မှု အောက်ရှိ စခန်း များ ဖြစ်သည်။
ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုမှာ မိုင်ဂျာယန်၊ ပါကထောင်၊ ဖလူရန့် နှင့် ဂျေယန့် စခန်းများတွင် အဓိက ဖြစ်ပွားနေပြီး ဒုက္ခသည် ၇၀၀၀ ကျော်ရှိသော ဂျေယန့် စခန်းတွင် ၆၀ ရာခိုင်နှုန်းကျော် ဖြစ်နေကြောင်း၊ အများစုမှာ အသက် ၅ နှစ်အောက်နှင့် သက်ကြီး ရွယ် အိုများ ဖြစ်ကြောင်း၊ တချို့ ဒုက္ခသည် စခန်းတွင်လည်း ဖြစ်ပွားကြောင်း ကြားသိရသည်ဟု ဒုက္ခသည်စခန်း ကော်မတီဝင်များက ဆိုသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် ၁၀၀၀၀ ခန့် အပါအဝင် နယ်စပ် ဒုက္ခသည် စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခ သည် ၅၃၀၀၀ ကျော်အတွက် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။