ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှ ကင်းလွတ်သည့် သီးသန့် ရုပ်သံလိုင်းတခု ထုတ်လွှင့်ရန် လွှတ်တော်က ကြိုးပမ်းနေကြောင်း ပြည်သူ့လွှတ်တော်၏ ရေးရာကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည် (ခ) ဦးခင်မောင်ရည်ထံမှ သိရသည်။
“တခြားနိုင်ငံတွေမှာလည်း လွှတ်တော်က ရုပ်သံထုတ်လွှင့်တာတွေရှိတယ်။ လွှတ်တော်နဲ့ပတ်သက်ပြီး သိချင်ရင် အဲဒီ ချယ်နယ်ကို ဖွင့်လိုက်ရုံပဲ” ဟု ၎င်းက ဆိုသည်။
အစိုးရပိုင် မီဒီယာများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုကို ပြည့်စုံစွာ မဖော်ပြနိုင်သည့် အပြင် ဖော်ပြရန်လည်း နေရာမရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်မှုများကို လေ့လာရန်၊ သိရှိရန် လိုအပ်သဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ပြောသည်။
လွှတ်တော်မှ သီးသန့်မီဒီယာ ထုတ်လွှင့်ရန်အတွက် ဇွန်လ ၁၈ ရက်နေ့ကတည်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တိုက်ရိုက် တင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင်မီဒီယာများ၌ လွှတ်တော်တွင်း ဆွေးနွေးမှုများကို ဆင်ဆာဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “လွှတ်တော်ဆိုတာ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းတခုပဲ။ အခုတော့ နိုင်ငံပိုင်မီဒီယာတွေက လွှတ်တော်ရဲ့အထက်မှာ ရှိသလိုဖြစ်နေတာပေါ့” ဟု ဆိုသည်။
လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို ပြည်သူက အချိန်နှင့်တပြေးညီ သိခွင့်ရှိကြောင်း၊ လွှတ်တော်၏ လုပ်ဆောင်မှုများကို နေ့စဉ် သို့မဟုတ် အပတ်စဉ်သိရသင့်သည့်အတွက် လွှတ်တော်၏ သီးသန့်မီဒီယာ ထုတ်လွှင့်ရန်ကြိုးပမ်းမှုကို ကြိုဆိုကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
လွှတ်တော်က ထုတ်လွှင့်မည့် ရုပ်သံလိုင်းနှင့် ပတ်သက်၍ ဦးခိုင်မောင်ရည်က “ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ အဖြစ်မခံနိုင်ဘူး၊ လွတ်လပ်တဲ့ရုပ်သံ ဖြစ်ချင်တယ်” ဟု ပြောကြားသေးသည်။
လွှတ်တော်၏ သီးသန့်ရုပ်သံလိုင်း ထွက်ပေါ်လာပါက ပြည်တွင်း၌ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ မဟုတ်သော ပထမဆုံး ရုပ်သံမီဒီယာ ဖြစ်လာမည် ဖြစ်သည်။
နော်ဝေနိုင်ငံသို့ မြန်မာလွှတ်တော်ကိုယ်စား လှယ်များသွာရောက်စဉ် လွှတ်တော်က ထုတ်လွှင့်မည့် မီဒီယာအတွက် အကူအညီတောင်းခဲ့သကဲ့သို့ ပြည်ပနိုင်ငံများမှ မီဒီယာနှင့်ပတ်သက်၍ ကျွမ်းကျင်သူများကိုလည်း အကူအညီ တောင်းထားကြောင်း ဦးခိုင်မောင်ရည်က ပြောသည်။
ပြည်တွင်းမှ သတင်းအယ်ဒီတာတဦးက “အချိန်နဲ့တပြေးညီ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေလဲဆိုတာ ပြည်သူကို တင်ပြပေးနိုင်တာပေါ့။ အဲဒါကြောင့် ပြည်သူကလည်း သူတို့ရွေးထားတဲ့ ကိုယ်စားလှယ်ရဲ့ အရည်အချင်းကို ပိုပြီး အကဲဖြတ်လာနိုင်လိမ့်မယ်။ ဘယ်သူက သူတို့အတွက် ပိုအလုပ်လုပ်လဲဆိုတာ ပိုသိလာလိမ့်မယ်” ဟု ဆိုသည်။
ယခင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြားသော မိန့်ခွန်းများကိုပင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာနှင့် ရုပ်သံများတွင် ဆင်ဆာ တည်းဖြတ်ပြီးမှ ထုတ်လွှင့်မှုများ ရှိခဲ့သည်။