ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် လယ်ဧက ၆၀၀ ကျော် အသိမ်းခံထားရသော ဒေသခံလယ်သမားများက ၎င်းတို့၏ ဘိုးဘွားပိုင် လယ်မြေများအား ပြန်လည်လုပ်ကိုင်ခွင့် သို့မဟုတ် နစ်နာကြေး မပေးပါက မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနကို ထပ်မံဆန္ဒ ပြ တောင်းဆိုသွားမည်ဟု လယ်သမားများက ပြောသည်။
လယ်မြေ သိမ်းခံရခြင်းနှင့်ပတ်သက်ပြီး တရားမျှတစွာ ဖြေရှင်းပေးရေး အတွက် ယခုလအတွင်း ပဒံကျေးရွာအုပ်စု ကျေးရွာများမှ လယ်သမား ၅၀ ကျော်က ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရှေ့တွင် ဇူလိုင်လ ၂ ရက် နေ့မှစပြီး ၂ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။ ယင်းလယ်မြေများကို ၁၉၈၈ ခုနှစ်က အနော်ရထာ စက်မှုဇုန် စီမံကိန်းကို အကြောင်းပြပြီး အစိုးရပိုင်အဖြစ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန က သိမ်းယူခဲ့ခြင်း ဖြစ်သည်။
လယ်သမားများ၏ ဆန္ဒပြတောင်းဆိုချက်များအား အိုးအိမ် ဌာန က တိုက်ရိုက်ဖြေရှင်းမပေးဘဲ ဝါဝါဝင်း ကုမ္ပဏီနှင့် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် ဖြေရှင်းရန် လွှဲပြောင်း ပေးခဲ့သည်။
“အိုးအိမ်က ပြောထားတဲ့ အတိုင်း ဒီနေ့မနက် လှိုင်သာယာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုသွားတယ်။ ဟိုရောက်တော့ ကုမ္ပဏီက လူတွေက မစောင့်နိုင်လို့ဆိုပြီးပြန်သွားတယ်တဲ့၊ လယ်တွေပြန်လုပ်ခွင့် ဒါမှမဟုတ် တခြားနေရာမှာ ပြန်လုပ် နိုင်ဖို့အတွက် နစ်နာကြေး ဖြေရှင်းပေးရင် ကျေနပ်တယ်၊ မဖြေရှင်းပေးဘူး ဆိုရင်တော့ အိုးအိမ်ကို ပြန်ဆန္ဒပြရမှာပဲ၊ သိမ်းတုန်းက သူသိမ်းတာလေ”ဟု လယ်သိမ်းခံထားရသူ တဦးဖြစ်သည့် ဦးမြင့်နိုင် က ဧရာဝတီသို့ ပြောသည်။
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက တိုက်ရိုက် ဖြေရှင်းမပေးသည့်အပေါ် မကျေနပ်သော်လည်း ဝါဝါဝင်း ကုမ္ပဏီ က ဖြေရှင်း ပေးမည်ဆိုသည့် အခြေအနေကို စောင့်ကြည့်ဦးမည်ဟု လယ်သမားများက ဆိုသည်။
လယ်မြေများအသိမ်းခံရပြီးနောက် အစိုးရက သီးစားပြန်ချပေးထားသဖြင့် အဆိုပါလယ်ကွက်များတွင် ထွန်ယက်စိုက်ပျိုးခြင်းများ ပြုလုပ်နိုင်ခဲ့သော်လည်း ယခုနှစ် ဧပြီလပိုင်းမှ စတင်ကာ ရပ်ဆိုင်း ခံခဲ့ရသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန် လည် ဖြေကြားခြင်း မပြုပေ။
အိုးအိမ်က သိမ်းယူထားသော လယ်မြေများပေါ်တွင် စက်ရုံငယ် ၃ ရုံသာ လည်ပတ်နေပြီး ကျန်နေရာများတွင် မြေကွက် အရောင်း အဝယ်များနှင့် စည်းရိုးကာရံခြင်းများသာ တွေ့မြင်ရကြောင်း လယ်သမားများက ပြောသည်။ ထိုလယ်မြေများတွင် ထွန်ယက်စိုက်ပျိုး ရန် ပြုလုပ်ခဲ့ကြသော လယ်သမားများကို စက်မှုဇုန် တာဝန်ရှိသူများက ခြိမ်းခြောက်ခြင်း များလည်း ရှိသည်ဟု ဆိုသည်။
“ဒီမြေတွေက ကျမတို့ ဘိုးစဉ်ဘောင်ဆက်ကတည်းက လုပ်ကိုင်လာတဲ့မြေတွေပါ၊ စာရွက်စာတမ်း အထောက်အထားတွေလည်း ရှိပါတယ်၊ အခုကျမတို့လယ်မြေတွေကို အုတ်တံတိုင်းတွေခတ်၊ မြောင်းတွေလိုက်တူး လုပ်နေတယ်၊ ဒါကိုသိမ်းလိုက်ရင် ကျမတို့ မှာတခြားလုပ်စရာမရှိတော့ဘူး”ဟု လယ်မြေ ၄ ဧက အသိမ်းခံထားရသူ မချိုမာ က ပြောသည်။
သိမ်းယူထားသော လယ်မြေများပေါ်တွင် အနော်ရထာ စက်မှုဇုန် အမည် တပ်ထားသော်လည်း စက်မှုဇုန် လည်ပတ်ခြင်းမရှိသည့် အပေါ် အိုးအိမ် ဥပဒေအရ သိမ်းဆည်းခြင်းမပြုဘဲ၊ လယ်သမားများကိုသာ ဖိနှိပ်နေသည်ဟု လယ်သမားများဘက်မှ ကူညီဆောင် ရွက် ပေးနေသူ ဦးဝင်းချိုက ပြောဆိုသည်။
“စက်မှုဇုန်တွေက သိမ်းထားတဲ့ နှစ်တွေအတွင်းမှာ စက်မှုဇုန်ဆိုတဲ့ နာမည်တပ်ပြီး ဘာမှလုပ်ကိုင်တာမရှိဘူး၊ အဲဒါတွေကြတော့ အိုးအိမ်နည်းဥပဒေတွေထဲမှာ ပါတဲ့အတိုင်း စက်မှုဇုန် မဆောင်ရွက်တဲ့ ကုမ္ပဏီတွေဆီကနေ မြေပြန်သိမ်းရမယ့်ဟာကို မသိမ်းဘဲ နဲ့ ကုမ္ပဏီတွေကိုပဲ ဌာနဆိုင်ရာက ဦးစားပေးနေတာကို ကျနော်တို့ ပြည်သူတွေလက်တွေ့ ခံစားနေရတာ၊ အဲဒါတော့ ရင်နာစရာ ကောင်းတယ်ဗျာ”ဟု ဦးဝင်းချိုက ပြောသည်။
အလားတူ လှိုင်သာယာမြို့နယ် အဆင့်မြင့်ရပ်ကွက်ထဲက လစ်လပ်မြေကွက်တွင် ၁၉၈၈ ခုနှစ်ကတည်းက ကျူးကျော် နေထိုင် နေခဲ့ကြသော အိမ်ထောင်စု ၂၈ စုကိုလည်း အိုးအိမ် ဌာနက တရားစွဲဆိုထားပြီး ယခုလ ၁၂ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် တရားရုံး၌ ရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။
ရွှေ့ပြောင်းရန် အခက်အခဲဖြစ်မည် စိုးရိမ်သဖြင့် မိုးတွင်းကာလတွင် ဆက်လက်နေထိုင်ခွင့်ပေးပြီး ပွင့်လင်းရာသီရောက်မှ ပြောင်း ရွေ့ ခွင့်ပြုရန် ကျူးကျော်နေထိုင်သူများက တောင်းဆိုခဲ့ကြသည်။ ထိုသို့ တောင်းဆိုကြသူများထဲမှ ၂၂ ဦးကို လှိုင်သာယာမြို့နယ် အာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ယခုလ၂ ရက်နေ့က အာမခံဖြင့် ပြန်လွှတ် ပေးလိုက်ပြီဖြစ်သည်။
အိမ်ထောင်စု ၂၈ စုအနက်မှ ၇ ဦးကို ယခင်လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၃၀ ရက်နေ့နှင့် ယခုလ ၁ ရက်နေ့တွင် နောက်ထပ် ၁၅ ဦး ကို လှိုင်သာယာမြို့နယ် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဖမ်းဆီးခံခဲ့ရသူများထဲတွင် မူလတန်းမှ ၆ တန်းထိ ကျောင်းသား ၁၀၀ ကျော်ကို စာသင်ပေးနေသော ဗေဒါ အခမဲ့ စာသင်ကျောင်း တည်ထောင်သူများလည်း ပါဝင်နေပြီး ထိုကျောင်းသည်လည်း ပြောင်းရွှေ့ပေးရမည့်စာရင်းတွင် ပါဝင်နေသည်။
တရားစွဲဆိုထားခြင်း မပြုလုပ်ရန်နှင့် မိုးတွင်းကာလအတွင်း အတင်းအကျပ်ပြောင်းရွှေ့ခိုင်းခြင်းမပြုရန် သမ္မတ ဦးသိန်းစိန်ထံသို့ ကျူးကျော်နေထိုင်သူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ မစုစုနွေးက ယခုလ ၃ ရက်နေ့က အသနားခံစာ တင်ပြထားသည် ဟု သိရသည်။
“ဒီနေရာကို ဖျက်ခိုင်းတယ်ဆိုရင် ဒီမိသားစုတွေကို ဘယ်နေရာမှာ အကွက်ချပေးရမလဲဆိုတာ သေချာစဉ်းစားပြီးမှ လုပ်စေချင်ပါ တယ်၊ အဲလိုမှမဟုတ်ဘဲနဲ့ ငါတို့ဖျက်လိုက်မယ်၊ နေချင်တဲ့ဆီနေ၊ ရောက်ချင်တဲ့နေရာကိုရောက် ဆိုတာမျိုး လုပ်နေတာတွေက တရားမျှတမှု မရှိဘူး၊ နိမ့်ပါးနေတဲ့ ကိုယ့်ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်ရာ ရောက်တယ်”ဟု မစုစုနွေးက ဧရာဝတီသို့ ပြောသည်။
၁၉၆၂ ခုနှစ်တွင် အစိုးရက လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့ပြီးနောက် စီမံကိန်းများ အတွက် လယ်မြေများသိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်းတို့ကို နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ တွေ့ကြုံခဲ့ကြရသည်။