စာပေစိစစ်ရေးကို ဇွန်လကုန်တွင် ဖျက်သိမ်းမည်ဟု ဆိုသော်လည်း လက်တွေ့ ဖျက်သိမ်းမှု မရှိသေးကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောသည်။
နိုင်ငံရေး၊ ဘာသာရေးနှင့် သတင်း အမျိုးအစား များပါဝင်သည့် စာပေ အမျိုးအစားများကို ဇွန်လကုန် မှ စတင်၍ စိစစ်ရေး တင်ရန် မလိုတော့ကြောင်း စာပေစိစစ်နှင့်ညွန်ကြားမှု ဦးစီးဌာန က ဆိုထားသည့်တိုင် ယခင်အတိုင်းသာ ဆက်လက် လုပ် ဆောင်နေရကြောင်းလည်း ပြောဆိုကြသည်။
စာပေစိစစ်ရေး ဖယ်ရှားမှု မရှိခြင်းသည် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့်လည်းဖြစ်နိုင်သကဲ့သို့ သက်ဆိုင် ရာ တာဝန်ရှိသူများ ၏ ညွန်ကြားမှု မရှိသေးသည့် အတွက်လည်း ဖြစ်နိုင်ကြောင်း မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်း အယ်ဒီတာ ဦးသီဟစော က ပြောသည်။
“ဇူလိုင်ကစပြီး စိစစ်ရေး မရှိတော့ဘူးပြောပေမယ့် နီးလာတော့ ဘာမှကိုမပြောတော့တာ၊ အရင်လိုပဲ တင်နေရတယ်၊ စိစစ် ရေး တင်ရတော့ စိစစ်တာ၊ သူတို့မကြိုက်ရင် ဖြုတ်တာတွေ ရှိတုန်းပေါ့၊ လွတ်လပ်ခွင့်ပေးတယ်ဆိုရင် အရင်တုန်းက ရေးလို့ မရခဲ့ တာတွေ ရေးလို့ရမှ လွတ်လပ်တယ်ပြောရမှာပါ”ဟု ၎င်း က ဆိုသည်။
ရခိုင်ဒေသအကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရေးသားထားသည့် သတင်းများ၊ ဆောင်းပါးများ အနက် အများစုကို စာပေစိ စစ်ရေးမှ ဖြတ်တောက်နေသည့် အပြင် သတိပေးမှု တချို့လည်းရှိကြောင်း သိရသည်။ ရခိုင်ဒေသတွင်း ပဋိပက္ခနှင့်ပတ်သက် သည့် သတင်းဓာတ်ပုံ တချို့ ရေးသား ဖော်ပြခဲ့မှုကြောင့် လျှပ်တစ်ပြက် ဂျာနယ်အား တရားစွဲဆိုမှု ဖြစ်ပေါ်ခဲ့သေးသည်။
စာပေလွတ်လပ်ခွင့်နှင့်ပတ်သက်၍ လက်ရှိဖြစ်ပွားနေသည့် အခြေအနေများ၊ ပြဿနာတချို့အား ကြားဝင်ဖြေရှင်းပေးနိုင်မည့် ယာယီစာနယ်ဇင်း ကောင်စီတခု ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း အကြောင်း မပြန်သေးဟု ရန်ကုန်မီဒီယာ ဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ် ကိုကို (စက်မှုတက္ကသိုလ်) က ပြောသည်။
“သတင်းသမားတွေ ဘက်ကလည်းပဲ ညီညွတ်ဖို့၊ ကျင့်ဝတ်စောင့်ထိန်းဖို့၊ ကိုယ့်စည်းလုံအောင် ထိန်းဖို့ လိုအပ်သလို ဒီ အခွင့် အရေးတွေ ကို ကာကွယ်ပေးဖို့ အဖွဲ့တွေလည်းပဲ မြန်မြန်ပေါ်စေချင်တယ်”ဟု ၎င်း က ဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးသော မြန်မာနိုင်ငံ အမျိုးသားစာနယ်ဇင်းကောင်စီ တခုတည်ထောင်ဖွဲ့စည်းရန် ကြိုးပမ်းနေကြ သော်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်မှု မရှိသေးပေ။ ထိုကောင်စီ၌ သတင်း မီဒီယာအဖွဲ့အစည်းများအား ပါဝင်ရန် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ကမ်းလှမ်းထားသေးသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၌ မည်သည့် ပုဂ္ဂိုလ်များပါဝင်မည် ဆိုသည်ကို မသိရကြောင်း၊ မည်သည့် ပုဂ္ဂိုလ်များပါဝင် သည် ဖြစ်စေ မီဒီယာသမားများ ၏ အခွင့်အရေးများအား ကာကွယ်ပေးခြင်း၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ပေးခြင်း စသည် တို့ကို ဆောင်ရွက်ပေးစေလိုကြောင်း ကိုကို (စက်မှုတက္ကသိုလ်) က ဆက်ပြောသည်။
၎င်းက“ဒီကိစ္စက မီဒီယာဥပဒေ ထွက်ပေါ်လာမှပဲ ဖြစ်မှာဆိုတော့ ဒီကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကြားဝင်ဖြန် ဖြေ ပေးဖို့ အဖွဲကြီး တခုလိုအပ်ပါတယ်၊ ဘယ်တော့ဖွဲ့ မလဲဆိုတာတော့ ပြန်ကြားရေးဌာနကို တင်ပြထားတုန်းပါ”ဟု ဆိုသည်။
မြန်မာ စာနယ်ဇင်း သမဂ္ဂ(MJU) နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်(MJN) အဖွဲ့ များ ကမူ ထိုကောင်စီ၌ ပါဝင်ရေး၊ မပါဝင်ရေး ကိစ္စတို့အား မသိသေးကြောင်း၊ ထိုကောင်စီ မပေါ်မီ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ဖြေရှင်းရန် ယာယီ အဖွဲ့ကြီး တခု ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
၂၀၁၁ ဇွန်လတွင် ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ အနုပညာ၊ ကလေးစာပေ စုစုပေါင်း စာနယ်ဇင်းအမျိုးအစား ၅ ခုကို ထုတ်တင် စနစ်နှင့် ဒီဇင်ဘာတွင် မှုခင်းနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်း ၅၀ ကျော်ကို စာပေစိစစ်ရေးတင်ပြရန် မလိုဘဲ ထုတ်ဝေခွင့် ပြုခဲ့သော်လည်း သတင်းဂျာနယ်များကို ဆင်ဆာ ဖြတ်တောက်ခြင်း၊ စိစစ်ခြင်း၊ လုပ်ဆောင်နေဆဲ ဖြစ်သည်။ မော်ဒန် ဂျာနယ်၊ The Voice ဂျာနယ် တို့ကိုလည်း တရားစွဲဆိုသည့် အမှုများ ဖြစ်ပေါ်ခဲ့သည်။
ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ရေးသားခြင်းများကို ခွင့်ပြုချက်ဖြင့် ရေးသားရန်နှင့်ခွင့်ပြုချက် မရဘဲ ရေးသားပါက အရေး ယူမည်ဟုလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက မီဒီယာများအား ဖိတ်ခေါ်၍ ဇွန်လ ဒုတိယပတ်တွင် သတိပေးခဲ့သည်။
ဇွန်လကုန်တွင် ဆင်ဆာဖြတ်တောက်မည့် စာပေစိစစ်ရေး မရှိတော့ကြောင်း၊ ပါလီမန် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနေချိန် တွင် ဆင်ဆာဖြတ်တောက်မှုမရှိသင့်တော့ကြောင်း စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဦးတင့်ဆွေ က ပြီးခဲ့သည့် မေလအတွင်း၌ ပြုလုပ်သော စာပေစိစစ်ရေး မူဝါဒများ ဖြေလျှော့ရေး အစည်းဝေးတွင် ပြောဆိုခဲ့သည်။
စိစစ်ရေးဖျက်သိမ်းခြင်း မလုပ်ဆောင်မီ လွတ်လပ်သောစာနယ်ဇင်း ကောင်စီတရပ် ပေါ်ပေါက်ရေးအတွက် မြန်မာ ဂျာနယ်လစ် အဖွဲ့များကို ကောင်စီနှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များအား လွတ်လပ်စွာ ရေးဆွဲခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ သို့သော် တာဝန်ရှိသူများအနေဖြင့် လက်တွေ့တွင် ပါဝင်ပူးပေါင်းမှု အားနည်းကြောင်း သတင်းထောက် တချို့က ပြောဆိုကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေခံ၍ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲထားသည့် မီဒီယာ ဥပဒေသစ် မူကြမ်း အား လွှတ်တော် ၌ တင်သွင်း၍ ဆွေးနွေးကြမည်ဟု သိရသော်လည်း မည်သည့်အချိန်၌ အတည်ပြု ပြဌာန်းနိုင်မည် ဆိုသည်ကို မသိသေးပေ။
လက်ရှိကျင့်သုံးနေသော စိစစ်ရေး ဥပဒေသည် ၁၉၆၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။
မြန်မာပြည်တွင်း၌ ဂျာနယ် ၁၇၀ ကျော်နှင့် မဂ္ဂဇင်း ၁၈၀ ကျော် ပုံနှိပ်ထုတ်ဝေ နေကြောင်း သိရသည်။