ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် အသိမ်းခံထားရသော လယ်မြေများကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် ဒေသခံ မူလလယ်ပိုင်ရှင်များကို ကျောက်တော်အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ် (စကခ) ၉ က မင်းပြားမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
မင်းပြားမြို့နယ်၊ ပုလဲဘောက်ကျေးရွာ အုပ်စုတွင်းရှိ ပုလဲဘောက်ရွာနှင့် တုပ်ပင်လယ် ကျေးရွာတို့မှ ဒေသခံ လယ်သမားတို့၏ ဓားမဦးချ လုပ်ကိုင်လာခဲ့သော လယ်ဧက ၄၂၀ ကျော်ကို တပ်မြေအဖြစ် ၂၀၀၄ ခုနှစ်တွင် စခက ၉ က သိမ်းယူခဲ့သည်။ အလုပ်လက်မဲ့ ဖြစ်နေသော မူလပိုင်ရှင် လယ်သမားက ယခုနှစ် မိုးရာသီတွင် လယ်မြေများကို ဝင်ရောက်လုပ်ကိုင်ရာမှ တပ်က ဇွန်လ ၂၇ ရက်နေ့က တရားစွဲဆိုထားခြင်း ဖြစ်သည်။
“လယ်ဆင်း မထွန်ကြနဲ့လို့ ရဲစခန်းက ခြိမ်းခြောက်ထားပေမယ့် ကျနော်တို့က ဆက်လုပ်မှာပါ။ လောလောဆယ်တော့ ရပ်ထားပါတယ်။ တရားဥပဒေအတိုင်း ရင်ဆိုင်သွားဖို့ ကျနော်တို့ ဆုံးဖြတ်ထားကြပါတယ်” ဟု လယ်သိမ်းခံ လယ်သမားတဦးက ဧရာဝတီသို့ ပြောသည်။
သိမ်းထားသော လယ်မြေများတွင် မူရင်း လယ်ပိုင်ရှင် ၂၀ ကျော်က ဝင်ရောက်လုပ်ကိုင်သဖြင့် ဒေသခံ လယ်သမားခေါင်းဆောင် ၃ ဦးဖြစ်သည့် ဦးမောင်ဘု၊ ဦးအလုံမောင်နှင့် ဦးကျော်ဇံရွှီး တို့ကို စကခ ၉ မှ ဗိုလကြီး ဝေယံဖြိုးက တရားလိုအဖြစ် မင်းပြားမြို့နယ် တရားရုံးတွင် တရားစွဲခဲ့သည်။
လယ်မြေများ သိမ်းပိုက်ခံရခြင်းကြောင့် လယ်ယာမဲ့ ဖြစ်သွားသော လယ်သမား ၂၀၀ ဝန်းကျင်သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ရကြောင်း၊ ယခုအခါ အရပ်သားအစိုးရ တက်လာပြီးဖြစ်သည့်အတွက် မိမိတို့၏ လယ်မြေများကို ပြန်လည်လုပ်ကိုင်ခွင့် ရရှိမည်ဟု ဒေသခံလယ်သမားများက မျှော်လင့်ထားကြောင်း လယ်သမားများက ပြောသည်။
လယ်ယာမြေ သိမ်းဆည်းခံထားရခြင်းများကို စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရေးတို့အတွက် ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွတ်က ယမန်နေ့ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ ယင်းအဆိုကို ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဇူလိုင် ၉ ရက်နေ့ညနေ ၄ နာရီ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
လယ်သမားအရေး အဆိုတင်သွင်းမှုနှင့် ပတ်သက်ပြီး အားရကျေနပ်ကြောင်း လွှတ်တော်သို့ တက်ရောက်နေသော အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ် ဦးသိန်းဆွေက ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ ပြောကြားထားသည်။
“ဒီအဆိုတင်တဲ့ အပေါ်မှာ ကျနော်ကတော့ အားရတယ်။ တောင်သူလယ်သမားတွေ အကျိုးအတွက် ဆောင်ရွက်ပေးသင့်တယ်။
ဘာကြောင့်လဲဆိုတော့ တောင်သူလယ်သမားတွေက ခေတ်အဆက်ဆက် ခါးစည်းခံခဲ့ရတယ်။ ဒီလိုမျိုး ခေတ်ပြောင်း စနစ်ပြောင်း အချိန်လေးမှာ တောင်သူ လယ်သမားတွေအတွက် ဆောင်ရွက်ပေးသင့်တယ်။ ကျနော်တို့ နယ်မြေတွေမှာလည်း ဒီလိုအသိမ်းခံရတာတွေလည်း ရှိတယ်” ဟု ဦးသိန်းဆွေက DVB သို့ ပြောဆိုထားသည်။
မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများဖြစ်ပွားပြီး လယ်ယာမြေပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ကြရသည်ဟု သိရသည်။
စစ်တပ်၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ကုမ္ပဏီများက သိမ်းယူခြင်းခံရသော လယ်သမား ၁၆၉ ဦးက ယခုလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် လာရောက်တွေ့ဆုံပြီး လယ်ယာမြေ အသိမ်းခံရမှုများနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြသည်။
“ဒီမြေယာပေါ်မှာ လုပ်ကိုင်စားသောက်တဲ့ သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုး၊ သို့မဟုတ် ထိုက်သင့်တဲ့ လျှော်ကြေးပေးတဲ့ ဥပဒေမျိုး တိတိကျကျ ရှိဖို့လိုတယ်။ မြေယာဥပဒေကို လွှတ်တော်က ပြဌာန်းလိုက်ပေမယ့် မြေယာ အသုံးချချင်းဆိုင်ရာ ဥပဒေပေါ့၊ အဲဒါလည်း ထပ်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးပြဌာန်းဖို့လိုတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် လယ်ယာမြေ လက်လွတ်ဆုံးရှုံးရခြင်းကိစ္စသည် မြန်မာနိုင်ငံတွင် နှစ်အရှည်ဆုံးနှင့် အရှုပ်ထွေးဆုံး ပြဿနာတရပ် ဖြစ်နေကြောင်း၊ ထို့ကြောင့် လယ်သမားများဖက်မှ အကာအကွယ်ပေးနိုင်မည့် ဥပဒေကို လွှတ်တော်က ထိထိရောက်ရောက် ပြဌာန်းပေးရန်လိုအပ်ပြီး ထိုဥပဒေများကို အောက်ခြေ လယ်သမားများထံသို့ ထိရောက်သော အသိပညာပေးခြင်းမျိုး ပြုလုပ်ရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အနေဖြင့် ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အစိုးရထံတင်ပြရန်နှင့် လယ်မြေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လယ်သမားများ နားလည်စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၁၉၆၂ ခုနှစ်တွင် အစိုးရက လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့ပြီးနောက် စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်းတို့ကို နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ တွေ့ကြုံခဲ့ကြရသည်။