ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်း၌ တိုက်ခိုက်မှု ဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး သင်္ကာမကင်း၍ ဖမ်းဆီးထားသူ ၁၈ ဦး ကို တရားစွဲဆိုရန် ယနေ့ စတင် ရုံးထုတ်ကြောင်း သိရသည်။
၎င်းတို့အား ပုဒ်မ ၆(၁) ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် ယမန်ယူထားပြီး ဖြစ်ကြောင်း၊ ထိုသူများကို ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးထားခြင်းဖြစ်ပြီး ယနေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေ သည့် ရှေ့နေ က ဧရာဝတီ ကို ပြောသည်။
ဖမ်းဆီးခံထားရသူများတွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ၄ ဦး ပါဝင်၍ ထို ၄ ဦးနှင့် တခြား အကူအညီ တောင်းခံထားသူများအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ရှေ့နေ ဒေါ်အေးနုစိန် က ပြောဆိုသည်။
ရဲစခန်း တိုက်ခိုက်မှု နှင့်ပတ်သက်သည်ဟု ဆိုပြီး စစ်တွေဒေသခံ ၁၈ ဦးကို ဖမ်းဆီး အရေးယူထားခြင်း ဖြစ်သည်။
စစ်တွေမြို့ နာဇီဈေး၌ ဈေးခွန် မတရားကောက်ခံခြင်းအား ဦးဆောင် ကန့်ကွက်ခဲ့သူ RNDP ပါတီမှ ဦးအောင်သန်းဝေ ဆိုသူ ကို လူတစုက ဖမ်းဆီးထားကြောင်း၊ ထိုကိစ္စအား ရဲစခန်းမှ ဖြေရှင်းပေးရန် ဒေသခံများ စုပေါင်း တောင်းဆိုကြရာမှ ရဲစခန်း တိုက်ခိုက်မှု တခု ဇွန်လ ၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည်။
ယခု ဖမ်းဆီးခံထားရသည့် RNDP ပါတီဝင်များသည် ရဲစခန်း တိုက်ခိုက်မှုကို အဓိက လုပ်ဆောင်ခဲ့သူများ မဟုတ်ကြောင်း၊ အမှုအခင်း ဖြစ်ပွားစေရန် လှှုံ့ဆော်သူများ၊ အကြမ်းဖက် တိုက်ခိုက်မှု အဓိက လုပ်ဆောင်ခဲ့သူများကို အာဏာပိုင်များ က ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း RNDP ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြောသည်။
“ဒေသခံတချို့ အပစ်ခံရတယ်၊ အဲဒီလို ပစ်ခတ်တဲ့သူတွေ အရေးမယူဘူး၊ အဲဒီလို ဘာကြောင့် ပစ်ခတ်ရတယ် ဆိုတာလည်း မဖော်ထုတ်ဘဲ ကျနော်တို့ ပါတီဝင် တချို့ကိုပဲ အရောင်ပြ ဖမ်းဆီးထားတယ်လို့ မြင်တယ်၊ ကျနော်တို့ ပါတီဝင်တွေ ပြန်လည် လွတ်မြောက်ဖို့ အတွက် ဥပဒေကြောင်း အရ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ရဲစခန်းကို ခဲဖြင့်ပေါက်ခြင်း၊ ခြံစည်းရိုးများ ဖျက်ဆီးခြင်း စသည့် တိုက်ခိုက် သူများနှင့်ဝိုင်းအုံကြည့်နေကြသည့် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့် လူနာ ၄ ဦး ဆေးကုသရန် ရန်ကုန်မြို့သို့ ပို့ဆောင် ခဲ့ရကြောင်း သိရသည်။
အထက်ပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းအား ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။