ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အဆောက်အဦး ဖြိုဖျက်ခံရသည့် နှစ် ၅၀ ပြည့် ဆဲဗင်းဇူလိုင် ရွှေရတု အထိမ်းအမှတ် အစီအစဉ်ကို မန္တလေးမြို့တွင် မပြုလုပ်ရန် တိုင်းဒေသကြီး ရဲသတင်း အထူးတပ်ဖွဲ့က အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင်များကို ယမန်နေ့ညက ခေါ်ယူ သတိပေးသည်။
ရွှေရတု အခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်နေသည့် ကိုရဲရင့်ကျော်၊ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမိုးထက်နေ အပါအဝင် ၇ ဦးသည် ဗကသ အဖွဲ့ချုပ် ဖွဲ့စည်းရေး အထက် မြန်မာပြည် တာဝန်ခံများ ဖြစ်ကြပြီး ၎င်းတို့ကို ရဲမှူးကြီး သန်းဝင်းက မန္တလေး တောင်ခြေရှိ သတင်းတပ်ဖွဲ့ရုံးတွင် ယမန်နေ့ည ၇ နာရီက ခေါ်ယူပြောဆိုခြင်း ဖြစ်သည်။
“သမိုင်း အနာဟောင်းတွေကို ပြန်ဆွရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ အထက်လူကြီးတွေက တားမြစ်တာ၊ ဥပဒေအရလုပ်ပါ ပြောလို့မလုပ်ရင် အပြစ်ရှိသလို၊ မလုပ်ပါနဲ့ ဆိုတဲ့ကိစ္စတွေ လုပ်ရင်လည်း အပြစ်ရှိတယ်” ဟု ရဲမှူးကြီး သန်းဝင်းကဆိုကြောင်း ကိုရဲရင့်ကျော်က ဧရာဝတီကို ပြောသည်။
ရဲမှူးကြီး သန်းဝင်းက ဆဲဗင်းဇူလိုင်ဆိုသည်မှာ နိုင်ငံတော်က တရားဝင် သတ်မှတ်ပေးထားသည့် နေ့ရက် မဟုတ်သည့်အတွက် မလုပ်သင့်ကြောင်း၊ ဗကသ ဆိုသည်မှာလည်း တရားဝင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းမဟုတ်ကြောင်း ထောက်ပြ ပြောဆိုသည်ဟု ၎င်းက ဆိုသည်။
အခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်နေသူများကလည်း ယခုနှစ် ဆဲဗင်းဇူလိုင် အခမ်းအနားသည် နှစ် ၅၀ ပြည့် ရွှေရတုဖြစ် သည့်အတွက် သမိုင်းတာဝန်အရ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
ရန်ကုန် တက္ကသိုလ်ဝန်းအတွင်း တည်ဆောက်ထားသည့် ကျောင်းသားသမဂ္ဂ အဆောက်အဦးသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ဖြိုဖျက်ခံခဲ့ရသောကြောင့် ယခုနှစ် ဆိုလျှင် နှစ် ၅၀ ရှိပြီဖြစ်ရာ အထိမ်းအမှတ် ရွှေရတု အခမ်းအနားကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး တချို့တွင် ကျင်းပနိုင်ရေးအတွက် ကျောင်းသားများက စီစဉ်နေသော်လည်း အစိုးရ အာဏာပိုင်များက ခွင့်မပြုပေ။
ရန်ကုန်မြို့တွင်လည်း ဆဲဗင်းဇူလိုင် အခမ်းအနားကို သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးတွင် ကျင်းပမည်ဟု ဗကသ အဖွဲ့ချုပ် ပြန်လည်ဖြစ်မြောက်ရေး အဖွဲ့ဝင် ကိုကျော်ကိုကိုက ပြောသည်။
“အရင်ကတော့ တော်ဝင်နှင်းဆီမှာ လုပ်ဖို့စီစဉ်ထားပေမယ့် ရန်ကုန်တိုင်း ဒေသကြီး ထွေအုပ်က ဖိအားပေးတော့ ဆိုင်ပိုင်ရှင်က မငှားရဲတော့ဘူး၊ အာဏာပိုင်တွေ ကြားထဲမှာ ကျောင်းသားတွေက ဆန္ဒပြဖို့လား၊ အတိတ်ကို ပြန်ဆွပြီး ဆူပူအောင် လှုံဆော် မှာလားဆိုတဲ့ အမြင်တွေရှိတယ်” ဟု ၎င်းက ဆိုသည်။
နှစ် ၅၀ မြောက် ရွှေရတု ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဆူပူစေရန် သွေးထိုးခြင်းမဟုတ်ဘဲ ကျဆုံးသွားသည့် ကျောင်းသား ရဲဘော်များကို ဂုဏ်ပြုခြင်း၊ သတိရ အောင့်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခြင်းနှင့် နောင်မျိုးဆက်များ အနေဖြင့် သမိုင်း အဖြစ်အပျက်များအပေါ် သင်္ခန်းစာ ယူစေရန်အတွက်သာ ရည်ရွယ်ကြောင်း ကိုကျော်ကိုကိုက ဆက်ပြောသည်။
မကြာသေးမီကလည်း ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ပြန်လည်တည်ဆောက် ရန် သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က တိုက်တွန်းပြောကြားသည့် စာတမ်းတစောင် ထွက်ပေါ် လာခဲ့သည်။
ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ကိုကျော်ကိုကိုက “ကျောင်းသားသမဂ္ဂ ပြန်ဆောက်ရေး ဆိုတာ ကျနော်တို့ မျှော်လင့်ချက်ပါ၊ ဒါပေမယ့် အဆောက်အဦး ပြန်ဆောက်ရုံနဲ့ မပြီးဘူး၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ရပ်တည်ပြီး လှုပ်ရှားခွင့်ကိုလည်း အသိအမှတ်ပြုမှ အင်္ဂါစုံမယ်လို့ ပြောနိုင်မယ်” ဟု ဆိုသည်။
၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းယူခဲ့ခြင်းကို ဗကသ က ဦးဆောင် ဆန့်ကျင်ခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် ဒု ဗိုလ်မှူးကြီးစိန်လွင်(နိုင်ငံတော် သမ္မတဟောင်း) ဦးဆောင်သည့် တပ်များက ဆန္ဒပြ ကျောင်းသားများကို သတ်ဖြတ်ခဲ့သည့်အပြင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ကိုပါ ဗုံးခွဲ ဖျက်ဆီးခဲ့သည်။
သို့သော် ထိုစဉ်က တာဝန်ရှိသည့် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေဝင်းနှင့် ဒု ဥက္ကဋ္ဌ ဦးအောင်ကြီးတို့ကမူ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝန်မခံကြပေ။