သတင်း

ဂျက်ကီချန်း၊ ဟမ်ပါဒင့်နဲ့ နေရာမပေးနိုင်တဲ့ ဂီတအစည်းအရုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.
မန္တလေးသို့ ယနေ့ ရောက်ရှိလာသည့် ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်း (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

မြန်မာပရိသတ်အများအပြားရဲ့ အသည်းစွဲ ဖြစ်နေတာ ဆယ်စုနှစ် ၃ ခု နီးပါးရှိပြီဖြစ်တဲ့ ကမ္ဘာကျော် ကွန်ဖူးမင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံကို ရောက်ရှိခိုက် ရုပ်ရှင်အစည်းအရုံးအဖွဲ့သားများက သွားတွေ့ဖို့ ပြင်နေကြပါတယ်။

“မိတ်ဆုံစားပွဲတခုလို တွေ့ဆုံဖို့ပါပဲ။  လုပ်ငန်းကိစ္စတွေ ဆွေးနွေးဖို့ တိုင်ပင်ဖို့ ရည်ရွယ်ချက်တွေတော့ မပါပါဘူး။  ကျနော်တို့ အစည်းရုံးကတော့ မင်းသား၊ မင်းသမီး ၁၀ ယောက်လောက် သွားတွေ့ဖို့တော့ စီစဉ်ထားပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ လူမင်းက ဧရာဝတီကို ပြောပါတယ်။

ကွန်ဖူးမင်းသားက ရုပ်ရှင်ကိစ္စအတွက်  လာရောက်တာ မဟုတ်ပေမယ့် သူ့ဆီက အကူအညီ၊ အကြံဉာဏ်၊ အဆက်အသွယ်များလည်း ရကောင်းရနိုင်ကြောင်း၊ အခုလို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ရောက်လာတာဟာ  နိုင်ငံတကာကို မထိုးဖောက်နိုင်သေးတဲ့ ရုပ်ရှင်လောကအတွက် အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန်တဦးဖြစ်သူ ဂျက်ကီချန်းရဲ့ ၃ ရက်ကြာ ခရီးစဉ်ဟာ ကလေးများ ကုန်ကူးခံရမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုပ်ငန်းတွေကို ကူညီဖို့ပါ တဲ့။

ဈေးမသေးတဲ့ ဟမ်ပါဒင့် စတိတ်ရှိုး

ဟစ်ဟော့ပ် အဆိုတော်နှစ်ဦးဖြစ်တဲ့ ရန်ရန်ချန်းနဲ့ အနဂ္ဂ (ဓာတ်ပုံ – သံသာဝင်း / Facebook)

ရှေ့တပတ် ဗုဒ္ဓဟူးနေ့ ရန်ကုန်မှာ ဖျော်ဖြေတင်ဆက်မယ် ဆိုတဲ့ ဂန္တဝင်အဆိုတော်ကြီး အိန်ဂျယ်ဘတ် ဟမ်ပါဒင့် (Engelbert Humperdinck) ရဲ့ မြန်မာပြည်ခရီးစဉ်ကို ဖျက်လိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

အဆိုတော်ကြီး ခရီးစဉ် ဖျက်လိုက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ “သူ့မိသားစုရဲ့ ကျန်းမာရေး အခြေအနေကြောင့်” လို့ မြန်မာသတင်းတွေမှာ ဆိုထားပါတယ်။ သူ့အသက်က ၇၆ နှစ် ရှိပြီ ဆိုတော့ သူ့ရဲ့ ကျန်းမာရေးကြောင့်များ ဖြစ်နိုင်မလား ဆိုပြီး အင်္ဂလိပ်သတင်းတွေမှာ ရှာကြည့်တော့ ဒီအကြောင်းကို ရှာမတွေ့ပါဘူး။

ကျန်းမာရေးကြောင့် ဆိုတာ မှန်ရင်တော့ ရက်နောက်ဆုတ်လို့ ရပါတယ်လေ။ ကျန်းမာရေး ဆိုတာ ပြန်ကောင်းလာတတ်တာပဲ မဟုတ်လား။

ဧရာဝတီက ပွဲစီစဉ်သူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဖြေ မရခဲ့ပါဘူး။ ဒီတော့ … ဘာကြောင့် ပွဲဖျက်တယ်၊ လက်မှတ်အရေအတွက် ဘယ်လောက် အရောင်းထွက်ခဲ့တယ် ဆိုတာလည်း မသိရတော့ဘူးပေါ့။

လက်မှတ်ဈေးနှုန်းတွေကတော့ နိုင်ငံတကာစံချိန်ပါပဲ၊ တစောင်ကို ကျပ် သောင်းဂဏန်း ခပ်ကြီးကြီးကနေ တသိန်းခွဲ အထိတောင် သတ်မှတ်ခဲ့တာပါ။

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ မကျင်းပဖြစ်တော့ဘူး ဆိုတဲ့ သူ့ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲလက်မှတ် ဝယ်ထားသူများကို ငွေပြန်ထုတ်ပေးမယ် လို့ ဂျာနယ်သတင်းတွေက ဆိုပါတယ်။

ဂီတလောကသားတချို့ကတော့ လက်မှတ်ဝယ်ထားပုံ ရပါတယ်။

“လူငယ်တွေကတော့ တော်တော်များများ မကြားဖူးကြဘူး။  ဒါပေမယ့် ပြည်ပကနေ လာရောက် ဖျော်ဖြေမှာက ဒါ ပထမဆုံး အဆိုတော် ဆိုတော့ တီးတဲ့သူတွေကလည်း  အတီးဘက်က၊ စက်သမားတွေကလည်း စက်ဘက်က၊ အဆိုတော်တွေကလည်း သူ့ပါဖော့မန့်နဲ့ သူ့band နဲ့သူ လာမှာ ဆိုတော့ မျှော်လင့်ထားတာကြီးက အခုလို ပြတ်သွားတဲ့ အခါကျတော့ သူတို့ဆီက ရမယ့် အတွေ့အကြုံ အခွင့်အရေးတခုတော့ ဆုံးရှုံးသွားတာပေါ့” လို့ တေးရေး သုခမိန်လှိုင်က ဧရာဝတီကို ပြောပါတယ်။

ခေတ်သစ်ဂီတအတွက် နေရာ မပေးနိုင်သေးတဲ့ ဂီတအစည်းအရုံး

ဂီတအစည်းအရုံး ပြန်လည်ဖွဲ့စည်းရေးက အသံတွေ ထွက်နေပါပြီ။   ခေတ်သစ်ဂီတအလွှာတခု ထပ်မံ တိုးပေးဖို့   လူငယ်ဂီတသမားများ တောင်းဆိုထားတာ အငြင်းပယ်ခံလိုက်ရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး တဲ့။ နဂိုရှိပြီးသား စတီရီယိုအလွှာ ရေး၊ ဆို၊ တီး ဆိုတဲ့ ကဏ္ဍများမှာ လူငယ်ဂီတ သမားနေရာများပါ ဖြုတ်ချခံရပါတယ် တဲ့။

“လက်ရှိ စတီရီယိုအလွှာမှာ လူငယ် တွေကို ၂ နေရာစီ ၆ နေရာ ပေးထားပေမယ့် ပြီးခဲ့တဲ့ ၃၀ ရက်နေ့က အစည်းဝေးမှာ ရွေးချယ်တင်မြှောက် ကြီးကြပ်ရေးအဖွဲ့က ဒါကို ပယ်ချလိုက်ပါတယ်” လို့ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ကို ဂီတအစည်းအရုံးအလွှာက အလွှာအသစ် တိုးတာကို ခွင့်မပြုဘူး။ ရွေးချယ် တင်မြှောက် ကြီးကြပ် ကော်မရှင်ကလည်း ၂ နေရာစီ ထပ်တိုးတာကို ခွင့်မပြုဘဲနဲ့ ပယ်ချလိုက်တယ်။  အဲ့ဒီတော့ ဒုံရင်းက ဒုံရင်း အတိုင်းပဲ ဖြစ်သွားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘာကြောင့် အခုလို ပယ်ချလိုက်တာလဲ။

ရွေးချယ် တင်မြှောက် ကြီးကြပ် ကော်မရှင် အတွင်းရေးမှူး ဦးကြည်မင်းသိမ်းက အခုလို ခပ်တိုတို ရှင်းပြပါတယ်။

“ပြောရင် အရမ်း များသွားလိမ့်မယ်၊  ဒါဟာ လုပ်ငန်းအတွက် အနှောင့်အယှက်ဖြစ်တော့လေ။  ကျနော် တယောက်တည်းက ပြောခွင့်မရှိဘူး၊  အဖွဲ့အစည်းက ဆုံးဖြတ်ထားတာ” လို့ သူက ပြောပါတယ်။

ဂီတအစည်းအရုံး  ပြည်လည်ဖွဲ့စည်းရေး လုပ်ငန်းတွေမှာ ဒီမိုကရေစီ မဆန်တဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့  အဆိုတော် အနဂ္ဂက ဝေဖန်ပြောဆိုလိုက်ပါတယ်။

“အခုကိစ္စမှာ ဂီတလောက ဈေးကွက်အလုပ် လုပ်နေကြ၊ ကျင်လည်နေကြတဲ့ လူတွေ အကုန်လုံးကတော့ ဒါကို တရားမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်တခု အနေနဲ့ သူတို့သိနေပြီ။ ဒီမိုကရေစီ ဆန်တယ် ဆိုတဲ့ အသင်းအဖွဲ့လည်း လုံး၀ မဟုတ်ဘူး။  နဂိုက ချမှတ်ထားတဲ့ လမ်းစဉ်မူဝါဒအတိုင်း တသွေး၊ တသံ၊ တမိန့် ဆိုတာကို တခုမှမ ပြောင်းလဲဘဲ လိုက်ပြီးလုပ်နေ တာကိုတွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။

ခေတ်သစ်ဂီတအလွှာ ရှိသင့်ကြောင်းနဲ့ တောင်းဆိုသင့်ကြောင်းကို  နာမည်ကြီး အဆိုတော်၊ တေးရေး၊ တီးဝိုင်းသမား ပေါင်း အယောက် ၁၀၀ ကျော်ရဲ့ လက်မှတ်နဲ့ နိုင်ငံတော်အဆင့်အထိ တင်ပြသွားမယ်လို့လည်း သိရပါတယ်။

ဒီမိုကရေစီလမ်းပေါ်ကို ဦးတည် လျှောက်လမ်းနေပြီဖြစ်တဲ့ တိုင်းပြည်တပြည်အနေနဲ့ ယခင် စစ်အစိုးရရဲ့ ဝန်ကြီးဌာန လက်အောက်ခံပုံစံ ဖြစ်ခဲ့တဲ့ အစည်းအရုံးတွေ၊ အဖွဲ့တွေက လွတ်လပ်တဲ့ ပုံစံဖြစ်အောင် အသွင်ပြောင်း ဖွဲ့စည်းဖို့ ဆောင်ရွက်နေကြတာပါ။

ရုပ်ရှင်အစည်းအရုံး ပြန်လည် ဖွဲ့စည်းရေးမှာလည်း ပြဿနာ၊ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း နောက်ဆုံးမှာတော့ အောင်မြင်မှုရပြီး လူမှုအဖွဲ့အစည်း တခုအနေနဲ့ ရပ်တည်လာနိုင်ခဲ့ပါပြီလို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading