ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးဒေသခံများက အခက်အခဲများစွာ တင်ပြ
This article has been converted from Zawgyi One to Unicode
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၁ က ၎င်း၏ မဲဆန္ဒနယ်မြေ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ကော့မှူး ဒေသခံများနှင့် NLD ပါတီဝင်များက လယ်ယာ ချောင်းမြောင်းများ ကိစ္စ၊ အလုပ်အကိုင် ရှားပါးသည့်ကိစ္စ၊ လမ်းတံတား ကိစ္စနှင့် ကျေးလက် ကျန်းမားရေးနှင့် ပညာရေးကိစ္စ စသည်ဖြင့် အခက်အခဲများစွာ ၎င်းအား တင်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက် ဆရာတော်နှင့် တွေ့ဆုံပြီး အလုပ်အကိုင် ရရှိရေးအတွက် အထောက်အကူ ဖြစ်စေမည့် အသက်မွေး ဝမ်းကျောင်း အတွက် အလှပြုပြင်ရေး၊ ဆေးဝါးကျွမ်းကျင်၊ ကွန်ပျူတာ၊ ဆိုင်ကယ်ပြင်၊ လျှပ်စစ်ပစ္စည်းများ ပြုပြင် တပ်ဆင်နည်း စသည့် သင်တန်း ၅ မျိုး ဖွင့်လှစ်နိုင်ရင် တိုင်ပင် ဆွေးနွေးခဲ့သည်။ ကော့မှူးမြို့နယ် အတွင်းရှိ ကျေးရွာ ၆၁ ရွာမှ ဒေသခံ ၃၀၀ ကျော်တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် လာရောက်ပြီး ၎င်းတို့၏ အခက်အခဲများကို တင်ပြခဲ့သည်။