အစိုးရ ဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၄၀ ခန့်ကို အစိုးရက ဖျက်သိမ်းမိန့် ပေးထားသဖြင့် ကျောင်းတချို့ကို မီးရှို့ဖျက်ဆီးခဲ့ရကြောင်း ကာယကံရှင် တပ်အရာရှိများက ပြောသည်။
နေပြည်တော် စီမံကိန်း နယ်မြေများအတွင်း ကျရောက်နေသော ဘုန်းကြီးကျောင်း ၄၀ ခန့်ကို ဇူလိုင် ၅ ရက်နေ့ နောက်ဆုံး ထား၍ အထက်အမိန့်ဖြင့် ဖျက်သိမ်းရန်အတွက် အကြောင်းကြားထားပြီး ထိုအထဲမှ ကျောင်းတချို့ကို သံဃာတော်များ နောက်ထပ် သတင်းသုံးမည်ကို စိုးရိမ်သောကြောင့် မီးရှို့ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
“ကျနော်တို့က အခု သံဃာ့မဟာနာယကရဲ့ ခွင့်ပြုချက်ယူပြီးမှလုပ်တာပါ။ ကျနော်တို့ သဘောနဲ့ လုပ်တာမဟုတ်ပါဘူး၊ ကျောင်းတွေ မီးရှို့တယ်ဆိုတာက ဆရာတော်တွေ ကိုယ်တိုင်က အဲဒီကျောင်းတွေမှာ လာပြီး ဆက်နေမှာစိုးလို့ လုပ်ခိုင်းတာ” ဟု ဖျက်သိမ်းမိန့်ကို အဓိကတာဝန်ယူ ဆောင်ရွက်နေသူ ဗိုလ်မှူး ကိုကိုမြင့် က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကိုကိုမြင့်က ၎င်းအား တာဝန်ပေးသော အထက်အဖွဲ့အစည်းဌာနကို ပြောဆိုခွင့်မရှိဟု ဆိုသည်။
သို့သော်လည်း နေပြည်တော် အခြေစိုက် အဆင့်မြင့် တပ်အရာရှိကြီးတစ်ဦး၏ ပြောဆိုချက်အရ အသစ်ဖွဲ့စည်းထားသော နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းအဖွဲ့က စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နေရာကောင်းများတွင် ရှိသော ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းရေး တာဝန်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့အဖွဲ့ကတော့ နေပြည်တော် အထူးစီမံကိန်းကနေ တိုက်ရိုက် ခိုင်းထားတဲ့အဖွဲ့ပေါ့။ ဒီစီမံကိန်း အောက်ကနေ အခြေပြုပြီး ခိုင်းတာ” ဟု ဗိုလ်မှူး ကိုကိုမြင့်က ပြောသည်။
ဇူလိုင်လ ၅ ရက်နေ့အထိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းကို လျော်ကြေးငွေ ကျပ် ၄ သိန်းမှ သိန်း ၅၀၀ အထိ ပေး၍ ဖျက်သိမ်းပြီးပြီ ဖြစ်ကြောင်း၊ အမိန့်ကို အာခံ၍ မဖျက်သိမ်းသော ဘုန်းကြီးကျောင်း ၂၀ ကျော် ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် နောက်ထပ်တိုးချဲ့ ဆောက်လုပ်သော ဘုန်းကြီးကျောင်း တချို့ကိုလည်း ဖျက်သိမ်းနိုင်ရန် စာရင်းပြုစု နေကြောင်းနှင့် ဖျက်သိမ်းမိန့်ကို အာခံနေသော ကျောင်းများ ကိစ္စကို သံဃာ့မဟာနာယကထံ လျှောက်တင်ကာ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဗိုလ်မှူး ကိုကိုမြင့်၏ အဆိုအရ သိရသည်။
“ဒါတွေက စီမံကိန်း ဧရိယာဖြစ်တယ်၊ သစ်တောမြေဖြစ်တယ်၊ တရားဝင် နိုင်ငံတော်ပိုင်မြေ၊ တရားမဝင် ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ဖျက်ခိုင်းတာပါ၊ ကျန်နေတဲ့ကျောင်း ၂၀ လောက်က မဖယ်ပေးချင်ဘူး။ သူတို့ကြောင့် လူသိရှင်ကြား ဖြစ်ကုန်တာ။ ဒီအတွက်လည်း အထက်သံဃာအဖွဲ့အစည်းတွေကို လျှောက်ထားတယ်” ဟု ၎င်းက ဆက်ပြောသည်။
စီမံကိန်း နယ်မြေအတွင်း ကျရောက်နေသော ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပျဉ်းမနားမြို့ဟောင်းတို့ရှိ ဘုန်းကြီးကျောင်းများကို ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားပြီး ထိုကျောင်းများတွင် သီတင်း သုံးနေကြသော ဘုန်းကြီးများမှာ သံဃာအစစ်အမှန်များ မဟုတ်ကြောင်း ဇမ္ဗူသီရိ မြို့နယ် အုပ်ချုပ်ရေးမှူး ဗိုလ်မှူး သွင်ကိုကိုဝင်းက ပြောဆို လိုက်သည်။
“ကျောင်းတွေက ကိုယ်ထူကိုယ်ထ ကျောင်းလေးတွေပေါ့ဗျာ။ ဘုန်းကြီးတွေ ဆိုတာလည်း ဝါရင့်၊ သမ္ဘာရင့်တွေ မဟုတ်ဘူး။ အခုမှ သင်္ဃန်းကောက်စည်း၊ ခေါင်းတုံးပြီးတော့၊ အခုမှ တဝါ၊ နှစ်ဝါ ရပဲရှိသေးတယ်။ ဝါဆိုသံဃာစာရင်းလည်း မပေါက်ဘူး။ သံဃာဆက်လည်း မရှိဘူး။ အဲဒီလို ဆရာတော်တွေပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။
ဘုန်းကြီးကျောင်းများကို ရှင်းလင်းရေး လုပ်နေသော တပ်အရာရှိများက သံဃာ့ မဟာနာယကသို့ အကြောင်းကြားပြီး ခွင့်ပြုချက်ရမှ ဘုန်းကြီးကျောင်းတွေကို ဖျက်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်သည် ဆိုသော်လည် ပျဉ်းမနားမြို့ဟောင်း ဆူနမဏိ ကျောင်းတွင် သတင်းသုံးနေသော သံဃာ့မဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးကမူ အဆိုပါအဖွဲကို အကြောင်းကြား အသိပေးခြင်းမရှိဟု မိန့်သည်။
“ဘုန်းကြီးက သံဃာ့မဟာနာယက အဖွဲ့ဝင်တပါးပါပဲ။ အရင်လက ဖျက်သိန်းမိန့် ပေးမယ် ဘာမယ်နဲ့ အပြင်ကလာတဲ့ သတင်းတွေ ကြားတယ်။ သံဃာ့မဟာ နာယက ကိုတော့ လာလျှောက်တာ မရှိသေးပါဘူး။ အခု ကျောင်းတွေဖျက်တယ် ဆိုတာလည်း မသိပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ မြို့နယ် သာသနာရေး ဝန်ကြီးဌာနနဲ့များ ညှိလုပ် သလားတော့ မသိဘူး” ဟု ဆရာတော်က ဆိုသည်။
စီမံကိန်း နယ်မြေအတွင်း နှစ်ပေါင်းများစွာ သီတင်း သုံးလာခဲ့သော ဘုန်းကြီးကျောင်းကြီးများကို ခေတ်ကာလ ပေါက်ဈေး ထက်နည်းသော လျော်ကြေးပေး၍ အမိန့်အာဏာသုံး ဖယ်ရှားမှုများ ရှိကြောင်းနှင့် ဖျက်ဆီးမီးရှို့ ခံခဲ့ရသော ကျောင်း အများစုမှာ ကျုးကျော်နေထိုင်မှုဟု အကြောင်းပြ၍ လျှော်ကြေးမရဘဲ သီတင်းသုံးစရာ နေရာမဲ့ ဖြစ်ကုန်ကြကြောင်း နေပြည်တော် ဒက္ခိဏသိရိ မြို့နယ်တွင် သီတင်းသုံး နေထိုင်သည့် သံဃာတော်တပါးက ဧရာဝတီသို့ မိန့်သည်။
အဆိုပါ သံဃာတော်က “ဆရာတော်တို့ ကျောင်းတော့ မပါဘူး။ မီးရှို့ခံရတဲ့ ကျောင်းတွေ၊ ဖျက်ခံရတဲ့ ကျောင်းတွေ ကတော့ စီမံကိန်း လုပ်ဖို့ ဖျက်တယ်လို့ ပြောတာပဲ။ ဆရာတော်တွေ ကတော့ သတင်းသုံးစရာ နေရာ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ သူတို့စီမံကိန်း တွေက ဒီဘက် ရောက်လာရင် ဦးပဉ္ဇင်းတို့လည်း ပြောင်းရမယ့် သဘောရှိတယ်။ အခုထိတော့ ဘာမှ မကြားသေးပါဘူး” ဟု ဆိုသည်။
ဖျက်ဆီး မီးရှို့ခံခဲ့ရသော ဘုန်းကြီးကျောင်း များသည် ကျူးကျော်ရပ်ကွက် မဟုတ်ဘဲ နှစ်ရှည် ဘုန်းကြီးကျောင်းများနှင့် အလှူရှင်များက ကြည်ညိုမှုဖြင့် ဆောက်လုပ် လှူဒါန်းထားသော ကျောင်းများဖြစ်ကြောင်း၊ ယခုကဲ့သို့ ဘုန်းကြီးကျောင်း များကို အစုလိုက် အပြုံလိုက် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း နေပြည်တော်မြို့တော် မတည်ဆောက်မီ ကပင် ပျဉ်းမနားမြို့ဟောင်းတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော်ကြီး တပါးက မိန့်သည်။