သတင်း

မောင်တော ဒုက္ခသည်များ နိုင်ငံတကာ ကူညီသူများကို ငြင်းပယ်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ရခိုင်ဒုက္ခသည် စခန်းများက နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့များ ကို ငြင်းပယ်လိုက်ကြောင်း သိရသည်။

“NGO က လာတော့ ဘာလုပ်ပေးမလဲလို့ မေးတော့၊ ဘာလုပ်ပေးရမလဲလို့ လာကြည့်တာတဲ့၊ ဒီတော့ မင်းတို့မှာ ဦးတည်ချက် ပျောက်နေတယ်၊ မင်းတို့ အကူအညီလည်း ကျုပ်တို့ မလိုအပ်ဘူးလို့ ပြန်ပြောလိုက်တယ်”ဟု အလိုတော်ပြည့် ကျောင်းတိုက်မှ  ဆရာတော် ဦးမဏိစာရ က မိန့်ကြားသည်။

မောင်တော အခြေစိုက် နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့(INGO) တချို့မှ တာဝန်ရှိသူများသည် ကူညီထောက်ပံ့ပေးရ မည့် အခြေအနေများကို လာရောက်မေးမြန်းရာ မလိုအပ်ဟုဆိုကာ ငြင်းပယ်လိုက်ကြောင်း ဆရာတော် က မိန့်သည်။

ဘူးသီးတောင်၊ မောင်တော ဒေသ၌ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ ဖြစ်သည့် UNHCR ၊ WFP ၊ Maltesar (မာတေဇာ) နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ကြက်ခြေနီ စသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့များရှိကြောင်း၊ ၎င်းတို့ အနက် မိမိနိုင်ငံသားများ ဦးစီးသည့် ကြက်ခြေနီ အဖွဲ့တခုသာ ဒေသခံ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမှု နည်းပါးကြောင်း ဒေသခံများ က ပြော ဆိုကြသည်။

ဘူးသီးတောင်မြို့၌ ဒုက္ခသည် စခန်း ၂၀ ခန့် ရှိခဲ့ပြီး ယခုမရှိတော့ကြောင်း၊ ဒုက္ခသည်စခန်းရှိစဉ်ကလည်း နိုင်ငံတကာ အဖွဲ့များ က လာရောက် ကူညီထောက်ပံ့မှုမရှိခဲ့ကြောင်း၊ ပြည်တွင်းမှ လူမှုရေးအဖွဲ့ တချို့နှင့် အလှူရှင်များ လာရောက် ကူညီခဲ့ကြောင်း၊ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်(WFP) မှ ဆန်အိတ် အနည်းငယ်ကို နိုင်ငံတော်၏ အကူအညီ ဖြင့် လှူဒါန်းမှုရှိကြောင်း ဘူးသီးတောင် ဒေသခံ ဦးသန်းလှှိုင် က ပြောသည်။

NGO အဖွဲ့များ အပေါ် ယုံကြည်မှု မရှိကြောင်း၊ လူသားချင်း စာနာထောက်ထားသည် ဟု ပြောဆိုနေကြသော်လည်း ဒေသခံ တိုင်းရင်းသား လူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိကြောင်း ဆရာတော် ဦးမဏိစာရ က မိန့်ကြားသည်။

“မယုံကြည်လို့ လက်မခံဘူးလို့ ပြောရမှာပေါ့၊ ဒေသခံတိုင်းရင်းသားတွေကို နည်းနည်းလေး ကူညီပေးပြီးတော့ ဒီဒေသတွေ ကို
ပြန်ဝင်ဖို့ ကြိုးစားနေတယ်လို့ မြင်တယ်”ဟု ဆက်လက် မိန့်ကြားသည်။

နိုင်ငံတကာ NGO များ၏ ထောက်ပံ့မှုများအား လက်မခံလိုခြင်းသည် ဆရာတော်၊ သံဃာတော်များ၏ ဆန္ဒ တခုတည်း မဟုတ် ကြောင်း၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ ၏ ဆန္ဒအရလည်း ဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများ အနေဖြင့် မိမိနိုင်ငံမှ တိုင်း ရင်းသား ပြည်သူများကိုသာ ယုံကြည် အားကိုးကြောင်း ဗဟိုကျောင်းတိုက်မှ သံဃာတော် တပါးကလည်း မိန့်သည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မောင်တော၊ စစ်တွေဒေသတို့၌ ဒုက္ခသည် စခန်း ၆၀ ဝန်းကျင်ကျန်ရှိနေပြီး ဒုက္ခသည် ဦးရေ ၅ သောင်းဝန်းကျင် ရှိနေသေးကြောင်း ဒုက္ခသည် အရေးဆောင်ရွက်နေသူများ က ပြောသည်။ ထို ပဋိက္ခများ ကြောင့် လူ ၈၀ ဝန်းကျင် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၃၀၀၀ ကျော် မီးလောင်ပျက်စီး ခဲ့သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသည့် ဒုက္ခသည်များ အတွက် ရေရှည်နေထိုင်ရန် အမိုးအကာများနှင့်အစား အသောက်များ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင် စသည်တို့ လိုအပ်မည် ဟု ကုလသမဂ္ဂက ပြောဆိုထားသည့်တိုင် WPF မှ လှူဒါန်းသည့် ဆန်အိတ် တချို့သာရသေးကြောင်း သိရသည်။

ဒုက္ခသည်များ ရေရှည်နေထိုင်စားသောက်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အစိုးရ အပါအဝင် ဒေသခံ အာဏာပိုင်များ၊ အဖွဲ့အ စည်းများ နှင့် ကုလသမဂ္ဂ တာဝန်ရှိသူများက ဆွေးနွေးထားကြောင်း ရခိုင်ဒေသ ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
မြန်မာမွတ်စလင် အိုလမာ အဖွဲ့ချုပ်ကမူ ၎င်းတို့အနေဖြင့် မည်သည့်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ၊ လှူဒါန်း မှုများကိုဖြစ်စေ လက်ခံမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များအတွက် စားသောက်ကုန်နှင့်အဝတ်အထည်များ လိုအပ်နေကြောင်း ပြော ဆိုသည်။

“ကျနော်တို့ အစ္စလမ်ဘာသာဝင်တွေလည်းပဲ WFP က လှူတဲ့ ဆန်လောက်ပဲ ရပါတယ်၊ ဒုက္ခသည်တွေက လိုအပ်တာတွေများ တော့ ကျနော်တို့ကလည်းပဲ အလှူခံတာတွေ လုပ်နေဆဲပါ”ဟု အိုလမာ အဖွဲ့ချုပ်မှ ဦးရဲနောင်သိမ်း က ပြောသည်။

WFP က ရခိုင်ဒေသ ဒုက္ခသည် ၁၀၀၀၀ ခန့်အတွက် အစားအသောက် အကူအညီများ ပေးထားကြောင်း ထုတ်ပြန်ထားသည်။

မောင်တော၊ စစ်တွေဒေသများ၌ ယခင်နှစ်များကပင် အခြေစိုက်၍ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် မာတေဇာ (NGO) အဖွဲ့ အား အထက်ပါ ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းရန် ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ရခိုင်ဒေသတွင်း ပဋိပက္ခများ ကြောင့် ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့များ ၌ ည မထွက်ရ အမိန့်ထုတ်ပြန်ထားကာ ရခိုင်ပြည်နယ်ကိုလည်း အရေးပေါ် အခြေအနေတရပ် အဖြစ် နိုင်ငံတော် သမ္မတ က ကြေ ညာ ထားသည်။

မောင်တော၊ ဘူးသီးတောင် မြို့နယ်တို့၌ စာသင်ကျောင်းများ ပိတ်ထားကာ၊ စစ်တွေမြို့၌လည်း ကျောင်းတချို့ပိတ် ထားဆဲ ဖြစ် ကြောင်း သိရသည်။

Loading