ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အစိုးရက ဖမ်းဆီးထားသော စစ်ဘေးဒုက္ခသည် ဦးလထော်ဘရန်ရှောင် အား ပြန်လွှတ်ပေးရန်အတွက် ဒုက္ခသည်များ၊ ဘာသာရေးအဖွဲ့များနှင့် ဒေသခံ ၁၅၀၀ ကျော် က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို ကြသည်။
အပြစ်မဲ့ဒုက္ခသည်ကို မတရားသဖြင့် ဖမ်းဆီးခြင်းမှ ပြန်လွှတ်ပေးရန်ဟုဆိုကာ ဂျန်မိုင်ကောင် စခန်းမှ ဒုက္ခသည် ၅၀၀ ကျော် အပါ အဝင် ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံ ၁၀၀၀ ကျော်တို့က မြို့တွင်းလမ်းမကြီးများပေါ်နှင့် စရဖ ရုံး၊ ရဲစခန်း နှင့် တရားရုံး ရှေ့များတွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်ကာ သွားရောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
“အခုလိုစစ်ရှောင်စခန်းမှာ လာခိုလှုံနေသူကို KIA ဗိုလ်ကြီးဆိုပြီးမှ မတရားဖမ်းဆီး နှိပ်စက်ညှဉ်းပန်းတဲ့အတွက် ကျန်တဲ့လူတွေ အားလုံးက လုံခြုံမှုမရှိတော့သလို ခံစားကြောက်ရွံ့ကုန်ကြတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း သူတို့ ဘယ်လိုမှ မနေနိုင်တော့ဘူး၊ ဒါကြောင့် သူတို့အတွက်လည်း ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ အစိုးရကို ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြ အဖွဲ့ကို ဦးဆောင်သူ ဂျန်မိုင် ကောင် နှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော် က ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၁၇ ရက်နေ့က ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဦးလထော်ဘရန်ရှောင်ကို ဖောက်ခွဲမှုဖြင့် အကြောင်းပြပြီး မြစ်ကြီးနား မြို့ပေါ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ရဲများက ဂျမိုင်ကောင် ဒုက္ခသည် စခန်းထဲသို့ ဝင်ရောက်ဖမ်းဆီး၍ မြစ်ကြီးနားမြို့ ထောင်ကြီးတွင် ချုပ်နှောင်ထားပြီး မြစ်ကြီးနားမြို့နယ် တရားရုံး တွင် တရားစွဲဆိုထားသည်။
ဆန္ဒပြလူအုပ်ကြီးက ဦးဘရန်ရှောင်လွတ်မြောက်ရေးအပါအဝင် စစ်ဘေးခိုလုံသူဒုက္ခသည်များကို အဓမ္မဖမ်းဆီးနှိပ်စက်ခြင်း မပြုရန်၊ ဒုက္ခသည်များကိုလုံခြုံမှုပေးရန်၊ တရားရုံးခွင့်ပြုမိန့်မရဘဲ လူတစ်ဦးအား ၂၄ နာရီကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန်နှင့် ဖမ်းဆီးထားသူအား ညှဉ်းပန်းနှိပ်စက်ခြင်းများ မပြုရန် တောင်းဆိုမှုများ ပြုလုပ်ကြသည်။
ဆန္ဒပြသူများကို မြစ်ကြီးနားခရိုင် ရဲမင်းကြီးက အစိုးရရုံးများဘက်သို့ ဝင်ရောက်ဆန္ဒပြခြင်းမပြုလုပ်ရန် လာရောက်တားမြစ် ကြောင်း ဆန္ဒပြပွဲတွင်ရောက်ရှိနေသော သတင်းထောက်တစ်ဦးကပြောသည်။ ထို့နောက် အစိုးရရုံးစိုက်ရာနေရာများကို ကူးသန်းထားသော လမ်းများကို သံဆူးကြိုးများတား၍ ပိတ်ပင်ထားလိုက်သည်ဟုသိရသည်။
ဦးဘရန်ရှောင်၏ ဇနီး ဒေါ်ဇယ်ညွယ် ကလည်း “ကျမ၏ ခင်ပွန်း ဦးဘရန်ရှောင်ကို လွှတ်ပေးပါ” ဟုဆိုသော စာတမ်းကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်နေသော အဖွဲ့ကြီး၏ ထိပ်ဆုံးကနေ၍ တောင်းဆိုခဲ့ပြီး “ကျမတို့ မိသားစုတွေက သူ့ (ဦးဘရန်ရှောင်) ကို အားကိုးပြီးမှ နေရတဲ့ အခါကြတော့ အမြန်ဆုံးလွတ်စေချင်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။ ၎င်းတို့တွင် သားသမီးသုံးဦးရှိကြောင်း သိရသည်။
ဒေါ်ဇယ်ညွယ် က ယမန်နေ့က ချုပ်နှောင်ခံနေရသည့် ခင်ပွန်းဖြစ်သူနှင့် ၄ မိနစ်အကြာတွေ့ဆုံခွင့်ရခဲ့ရာတွင် ဦးဘရန်ရှောင် သည် စရဖ အဖွဲ့များ၏ နှိပ်စက်ခံရမှုကြောင့် မျက်လုံးနှင့် မျက်နှာတွင် ဒဏ်ရာများရရှိထားပြီး မျက်နှာတွင် ကြောက်ရွံ့စိတ်များ ဖုံးလွမ်းနေ သည်ဟု ဒေါ်ဇယ်ညွယ်က ပြောသည်။
“ဖမ်းသွားတဲ့နေ့ကနေ သုံးရက် ဆက်တိုက် စရဖ တွေက ကြိုးနဲ့ချည်ပြီး နှိပ်စက်ပြီးမှ ၂၉ ရက်နေ့ညကြမှ ရဲတွေလက်ထဲကို လွှဲတယ်တဲ့၊ ကျမနဲ့မနေ့ကတွေ့တော့ သူ့မျက်နှာမှာ ဒဏ်ရာတွေတွေ့တယ်၊ ဘယ်ဘက်မျက်လုံးအတွင်းမှာ သွေးချေဥနေတာ လည်းတွေ့ရတယ်၊ သူ့ကို တအားရိုတ်ထားတဲ့အခါကြတော့ ကျမကသူ့ကို ကချင်လိုမေးတာတောင် သူက ဗမာလို ပြန်ပြောတယ်” ဟု ၎င်းက ဆိုသည်။
စရဖ အဖွဲ့ဝင်များက ဦးဘရန်ရှောင်အား ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) အဖွဲ့က ဖြစ်ကြောင်း အဓမ္မ ဝန်ခံခိုင်းကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုများကို မခံနိုင်တော့ ၍ စရဖ အဖွဲ့များ အလိုအတိုင်း ပြောဆိုခဲ့ရကြောင်း ဇနီးဖြစ်သူကို ပြောပြခဲ့သည်ဟု ဆိုသည်။

ဒေါ်ဇယ်ညွယ်က ဆက်ပြီး“သူတအားကြောက်နေတယ်၊ သူ့နောက်မှာလည်း ရဲတစ်ယောက်စောင့်နေတဲ့အခါကြတော့ အဲဒီရဲကိုပဲလှည့်ကြည့် နေတယ်၊ ကျမကဝမ်းနည်း တတ်တဲ့ အခါကြတော့ သူက ကျမကိုမပြပါဘူး၊ ဒါပေမယ့် ကျမတို့ငှားထားတဲ့ ရှေ့နေကို တော့ သ့ူပေါင်မှာ ဓားနဲ့စိုက်ပြီးမွှေထားတဲ့ ဒဏ်ရာတွေကိုလည်း ပြတယ်တဲ့၊ အဲဒါကြားပြီးကျမလည်း နေ့တိုင်းစိတ်မကောင်းဖြစ်ရ တယ်”ဟု ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးဘရန်ရှောင်ကို စရဖ နှင့် ရဲအဖွဲ့များ ရုံးထုတ်ခဲ့ရာ ကြောက်ရွံ့နေခြင်း၊ မျက်နှာတပြင်လုံး ပြင်းထန်သည့်ဒဏ်ရာများ ရရှိထားခြင်း၊ မျက်လုံးများဖြူရော်နေခြင်းနှင့် အကျႌအတွင်း ဝမ်းဗိုက်ပေါ်တွင် အသံဖမ်း စက် တပ်ဆင်ထားသည်ကို တွေ့မြင်ရကြောင်း၊ ထိုလုပ်ရပ်များသည် ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါးမှ ကချင်ပြည်နယ် ရဲမင်းကြီးသို့ တင်ပြစာတွင် တွေ့ရှိရသည်။
ဦးဘရန်ရှောင်နှင့် မိသားစုသည် ဝိုင်းမော်မြို့နယ် အင်ပေါန်ယန် ကျေးရွာတွင်နေထိုင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် စစ်ဘေးခိုလှုံရန် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် နှစ်ခြင်း ခရစ်ယာန် ဒုက္ခသည်စခန်း သို့ လာရောက်ခိုလှုံခြင်း ဖြစ်ကြောင်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ပြောသည်။ ထိုစခန်းတွင် ဒုက္ခသည် ၆၆၆ ဦးခိုလှုံနေလျက်ရှိသည်။
“ဒီလိုဖြစ်ရပ်ဟာ ကျနော်တို့ဆီမှာ ပထမဆုံးဖြစ်တာပါ၊ ကိုဘရန်ရှောင်ဒီကမ့်ကိုရောက်ရှိလာကတည်းက ဒီက စည်းကမ်းတွေ ကိုလည်း တခုမှ ဖောက်ဖျက်တာမရှိပါဘူး၊ သူ့အကြောင်းကိုလည်း အစအဆုံး ကျနော်တို့ သိတယ်လေ၊ အခုအဖမ်းခံရတဲ့ ကိစ္စက နာမည်မှားဖမ်းတာမဟုတ်ရင် နိုင်ငံရေးအရ ခြိမ်းခြောက်မှုတခုလုပ်တယ်လို့ မြင်မိတယ်” ဟု ဦးအောင်မြတ် က ဧရာဝတီသို့ပြောသည်။
ဦးဘရန်ရှောင်လွတ်မြောက်ရေးအပါအဝင် ဒုက္ခသည်များလုံခြုံမှုရှိရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်မှု မခံရစေရေးတို့ အတွက် ကချင်ပြည်နယ်အစိုးရ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများကို ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် အကယ်၍ တောင်းဆိုမှုများမပြေလည်ပါက ဆက်လက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ညှိနှိုင်းနေဆဲ ယခုလ ၁ ရက်နေ့က ကချင်လွတ် မြောက်ရေး တပ်မတော် KIA နှင့် ဆက်သွယ်သူများဟုဆိုကာ ကြူခုတ်၊ ပန်ဆိုင်းဒေသ ယစ်ခူးကျေးရွာသား ၂၆ ဦးကိုလည်း အစိုးရ စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း သည်။
KIA နှင့် ပတ်သက်မှုမရှိကြောင်း ကျေးရွာသူကြီးကိုယ်တိုင် သွားရောက်အာမခံပေးခဲ့ရာတွင် ၂၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၃ ဦးကို ဆက်လက်ဖမ်းဆီးထားကာ၊ သွားရောက်အာမခံခဲ့သူ ရွာသူကြီး ဦးမာခါးကိုလည်း စစ်တပ်က ရိုက်နက်ခဲ့သဖြင့် ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့သည်။