ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်းကို ကြိုဆို နှုတ်ဆက်မယ်လို့ အားခဲထားတဲ့ မန္တလေး ပရိသတ်တွေ သူ့ကို သေသေချာချာ မြင်တွေ့ခွင့် နှုတ်ဆက်ခွင့် မရကြလို့ စိတ်မကောင်း ဖြစ်ကြရတယ်လို့ သိရပါတယ်။
မန္တလေးကတရုတ်လူမျိုးတွေ အပါအဝင် မြန်မာပရိသတ်တွေဟာ ဂျက်ကီချန်းမန္တလေးတောင်တက်မယ်ဆိုတဲ့ သတင်းကြောင့်ကြိုတင်စောင့်ဆိုင်း နေကြပေမယ့် ရောက်မလာခဲ့ဘူး၊ ကြိုတင် စောင့်ဆိုင်းခဲ့တဲ့လူဦးရေ ၅ ထောင်လောက် ရှိမယ်လို့ ဂျက်ကီချန်းကို တွေ့ချင်လို့ စောင့်ခဲ့တဲ့ တရုတ်လူငယ်တွေကဆိုပါတယ်။
“ဂျက်ကီချန်း မြန်မာပြည်လာတာ အရမ်းကိုအံ့သြဖို့ ကောင်းပါတယ်။ ဒီလိုလာလိမ့်မယ်လို့ တသက်နဲ့တကိုယ်မစဉ်းမိဖူးဘူး။သူလာတာကိုဝမ်းသာဂုဏ်ယူပါတယ်။ဒါပေမယ့်သူနဲ့တွေ့ခွင့်မရတဲ့ အတွက်တော့စိတ်မကောင်းဘူး။သူ့ကို တွေ့ဖို့အတွက် စောင့်နေတဲ့ ကျနော်တို့ကို ရဲတွေကတားဆီးတာတွေ လုပ်တယ်”လို့တရုတ်လူငယ် တဦးကပြောပါတယ်။
ဂျက်ကီချန်းကတော့မန္တလေးတောင်မှာစောင့်ဆိုင်းနေတဲ့ပရိသတ် များလွန်းတာကြောင့် အဲဒီ အစီစဉ်ကိုဖျက်သိမ်းလိုက်တာ ဖြစ်တဲ့အကြောင်းUNICEF က တာဝန်ရှိသူတဦးက ဆိုပါတယ်။
ပရိသတ်တွေတင် မကဘဲ သတင်း မီဒီယာတွေကိုပါ တရားဝင် တွေ့ဆုံခွင့် မပေးတာကြောင့် မန္တလေးက မီဒီယာသမားတွေ မကျေမနပ် ဖြစ်နေတယ်လို့လည်း သိရပါတယ်
ဂျက်ကီချန်းဟာမန္တလေးမြို့ဘုန်းတော်တိုးရပ်ကွက်မှာရှိတဲ့အမျိုးသမီး အသက်မွေး အတတ်ပညာ ကျောင်းကကလေးငယ် တွေနဲ့ ဒီနေ့တွေ့ဆုံခဲ့ပေမယ့် သူ့ကို ကြိုဆိုခဲ့တဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဝန်ထမ်းတွေက တားမြစ်တာကြောင့် သတင်းယူဖို့ အဆင်မပြေဖြစ်ရတယ်လို့ အထက်မြန်မာပြည် သတင်းသမားများ ကွန်ယက်အဖွဲ့ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုစန်းယုကျော်က ပြောပါတယ်။
‘‘သတင်းသမား ဆိုတာကသတင်းရှိတဲ့နေရာမှာ ဓာတ်ပုံရိုက်တာ၊သတင်းယူတာတွေလုပ်မှာပဲ။ အခုတော့ တော်တော်လေး ရှက်ဖို့ ကောင်းပါတယ်။ သတင်းသမားတွေကို UNICEF က သီးသန့် နေရာပေးတာ မျိုးမရှိတဲ့အပြင်နှင်ထုတ်တာတွေ လုပ်တယ်။ နောက်ပြီး MBOA မှာ ဂျက်ကီချန်းက ကားပေါ်ကနေအောက်ဆင်းပြီး ကလေးတွေနဲ့တွေ့ဖို့ လုပ်တာကိုယူနီဆက်ဖ်ကလူတွေက ချက်ခြင်းပြန်တက်ခိုင်းပြီးကားကိုမောင်းသွားတယ်။ ဒါမျိုးကမဖြစ်သင့်တဲ့ကိစ္စပါ။UNICEF တင်မကဘူး၊ ဘယ်အဖွဲ့အစည်းမဆို သတင်းသမားတွေကိုဒီလိုလုပ်တာမျိုးကျနော်တို့ ရှုတ်ချပါတယ်” လို့ သူက ဆက်ပြော ပါတယ်။
ဂျက်ကီချန်း မန္တလေးကို စရောက်တဲ့ဇူလိုင် ၅ ရက်နေ့ကလမ်း ၃၀ မှာရှိတဲ့ MOBAဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို ပထမဆုံးသွားရောက် ခဲ့ချိန်မှာလည်း ဂျက်ကီချန်းကို တွေ့ဆုံနှုတ်ဆက်ချင်တဲ့ တရုတ်အများစု ပါဝင်တဲ့ ပရိသတ်၂၀ ကျော်နဲ့ သတင်းသမား ၄၀ ကျော်တို့ရဲ့ ကြိုဆိုမှုဒဏ်ကိုမခံနိုင်လို့ ဆိုပြီးဂျက်ကီချန်းဟာတည်းခိုရာဟိုတယ်ကို ပြန်နားခဲ့ရတယ်လို့ UNICEF က ပြန်ကြားရေးတာဝန် ယူထားတဲ့ မစန္ဒာလင်းက ဆိုပါတယ်။
“ဒီလိုဖြစ်တာသိပ်ပြီးရှက်ဖို့ ကောင်းပါတယ်။သူကအဝေးကြီးကနေကလေးတွေအတွက်လာရတာပါ။ အခုတော့ကျမတို့အစီအစဉ်ပျက်သွားရတယ်” လို့ သူက ပြောတယ်။
ဒီနေ့မှာလည်း ဂျက်ကီချန်း သွားရောက်ခဲ့တဲ့ အမျိုးသမီး အသက်မွေး အတတ်ပညာ ကျောင်းထဲကို သတင်းသမားတွေ ဝင်ရောက် သတင်းယူခွင့်၊ ဓာတ်ပုံရိုက်ခွင့် မရအောင် UNICEF က ပိတ်ပင်ခဲ့ပါတယ်။
သတင်းထောက်တွေကိုသတင်းယူခွင့်၊ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး။ဒီလိုရိုက်ခွင့် မပေးတာဟာ ကလေးတွေရဲ့ရှေ့ရေး ကိုအဓိက ထားပြီးပြောတာပါ။ဒီမှာ ရှိတဲ့ ကလေးတွေဟာအားလုံးသိတဲ့ အတိုင်းပဲထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် ကလေး တွေပါ။ ကလေးတွေရဲ့လုံခြုံမှုနဲ့ သူတို့ရဲ့ ဘဝကို ကာကွယ်တဲ့ အနေနဲ့ သတင်းယူခွင့် မပေးတာပါ” လို့မစန္ဒာလင်းကပြောပါတယ်။
သတင်းသမားတွေ ဝင်ရောက်ခွင့် မရတဲ့အတွက် ဂျက်ကီချန်းအနေနဲ့ ကလေးတွေကို ဘယ်လို နှစ်သိမ့်မှုပေးတယ်၊ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေး ပြောဆိုခဲ့တယ် ဆိုတာ သိခွင့် မရပါဘူး။
ဂျက်ကီချန်းဟာ မြန်မာနိုင်ငံက ကလေးသူငယ်တွေ လူကုန်ကူး မခံရအောင် ကာကွယ်တားဆီးရေး လုပ်ငန်းတွေ လုပ်နေတာကို ကူညီပေးဖို့ UNICEF ရဲ့ အထူးသံတမန် အဖြစ် မြန်မာနိုင်ငံကို လာခဲ့တာပါ။
ကလေးသူငယ်တွေကို လူကုန်ကူးပြီးအမြတ်ထုတ်တာဟာ အလွန်ဆိုးရွားတဲ့ရာဇဝတ်မှု တခု ဖြစ်တဲ့အေ ကြာင်း၊ ဒါဟာ ကလေးသူငယ်တွေရဲ့ ဘ၀ တသက်တာမှာအမာရွတ် အဖြစ်ထင် ကျန်စေမှာ ဖြစ်တဲ့အတွက် ကလေးတွေရဲ့ငယ်စဉ် ဘဝကိုဆုံးရှုံးစေတဲ့ အကြောင်း၊ ကလေးသူငယ်တွေကိုဝယ်ယူခြင်း၊ရောင်းစားခြင်းတို့မပြုလုပ်သင့်ကြောင်း ဂျက်ကီချန်းက UNICEF ကနေ တဆင့် ပြောပါတယ်။
“ကလေးသူငယ် တွေဟာရောင်းကုန် မဟုတ်ပါဘူး။ကမ္ဘာ့ ကလေးသူငယ်တွေ အတွက်ကျနော်တို့အားလုံး ဒီလိုရာဇဝတ်မှုလုပ်ရပ်တွေ ရပ်တန့်ဖို့ကြိုးစားရပါမယ်” လို့ UNICEF ကတဆင့် ပြောသွားကြောင်း သိရပါတယ်။
ဂျက်ကီချန်းဟာလူကုန်ကူးခံရပြီးပြန်လည် လွတ်မြောက်လာတဲ့ကလေးသူငယ်နှင့်လူငယ်တွေ၊မိဘအုပ်ထိန်းသူ ကင်းမဲ့နေတဲ့ကလေးသူငယ်တွေ၊တရားဥပဒေနဲ့ရင်ဆိုင်နေရတဲ့ကလေးသူငယ်တွေအတွက်ဖွင့်လှစ်ထားတဲ့ မန္တလေးကအသက်မွေးဝမ်းကျောင်းသင်တန်းဌာနတွေကိုသွားရောက်ခဲ့ပါတယ်။
ဒါ့အပြင်လူကုန်ကူးမှုကိုထိထိရောက်ရောက်တိုက်ဖျက် သွားဖို့အတွက် မန္တလေးကသက်ဆိုင်ရာအစိုးရဌာနတွေ ဖြစ်တဲ့လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့လူကုန်ကူးမှုတားဆီးရေး ဌာနတွေက တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံခဲ့ပါ သေးတယ်။
မနက်ဖြန် ဇူလိုင် ၇ ရက်နေ့မှာတော့ ဂျက်ကီချန်းဟာ ရန်ကုန် ထရိတ်ဒါး ဟိုတယ်က UNICEF ရုံးခန်းမှာ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မှာဖြစ်ပါတယ်။ အဲဒီပွဲကို စာရင်းပေးသွင်းထားတဲ့ သတင်းထောက် တွေပဲ တက်ရောက် သတင်းယူရမယ်လို့ သိရပါတယ်။