ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗုံးခွဲဖြိုခွင်းခံခဲ့သော ဇူလိုင် ၇ ရက်နေ့ ကျောင်းသားအရေးတော်ပုံ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲကို အာဏာပိုင်များက ကန့်သတ်ပိတ်ပင်တားဆီးခြင်း၊ ကျောင်းသားများကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသားများက အောင်မြင်စွာ ဦးဆောင်ကျင်းပနိုင်ခဲ့သည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အစိုးရက အကြမ်းဖက် ဗုံးခွဲဖျက်ဆီးပြီး ကျောင်းသားများကို သတ်ဖြတ်ခဲ့သော ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ နှစ် ၅၀ ပြည့်ရွှေရတုအထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ရန် ပြင်ဆင်ရာတွင် အာဏာပိုင်များ၏ နှောင့်ယှက်မှုပေါင်းစုံကို ကြုံခဲ့ရပြီး ကျောင်းသားများကို ခေတ္တဖမ်းဆီးမှုများ ရှိကြောင်း၊ ယင်းလုပ်ရပ်သည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီသို့ သွားနေပါသည်ဆိုသော နိုင်ငံခေါင်းဆောင်များ၏ ပြောဆိုမှုများကို အနည်းနှင့်အများဆိုသကဲ့သို့ ထိခိုက်စေကြောင်း ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများရုံးတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။
“အမိုးအကာအောက်မှာ သပ်သပ်ရပ်ရပ်နဲ့ ကျင်းပခွင့်ကို မနှောင့်ယှက်ပါနဲ့လို့ မေတ္တာရပ်ခံခဲ့ပါတယ်။ တော်ဝင်နှင်းဆီခန်းမကို ဒီအခမ်းအနား ကျင်းပခွင့်မပေးဖို့ မြို့နယ်တာဝန်ရှိသူတွေကနေ ခြိမ်းခြောက်တာ၊ သတိပေးတာတွေ လုပ်ပါတယ်။ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ မိုးထဲလေထဲမှာ ကျင်းပဖို့ ပြင်နေတဲ့အချိန်မှာပဲ ကျနော်တို့ ညီငယ်၊ ညီမငယ်တွေကို ခဏဆိုတဲ့ ဖန်တစ်ရာထေနေတဲ့ စကားလုံးနဲ့ ဧည့်စာရင်းစစ်မယ်ဆိုတဲ့ အရင်အချိုးမျိုးနဲ့ ဗိုလ်ချုပ်စကားနဲ့ပြောရရင် ခပ်ရိုင်းရိုင်းပြောမှ မှတ်မိတယ်ဆိုတဲ့ အရင်ကသောက်ကျင့်တွေနဲ့ ကျနော်တို့ရုံးကိုလာပြီးတော့ ဧည့်စာရင်းစစ်ဖို့ အကြောင်းခြချက်နဲ့ စစ်ဆေးမေးမြန်းတယ်။ အပေါ်ထပ်ကို လာရှာတယ်” ဟု ဦးကိုကိုကြီး ကဆိုသည်။
ယနေ့နံနက်တွင် အာဏာပိုင်များက လာရောက် နှောက်ယှက်မှုနှင့် ပတ်သက်၍ ဦးကိုကိုကြီးက “အခုမနက်မှာပဲ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာနက ဆိုပြီးတော့ စာလာပို့တယ်။ လာပို့တဲ့အချိန်က ၉ နာရီပါ။ လာပို့တာက ဆဲဗင်း ဇူလိုင် အခမ်းအနား ကျင်းပမှုနဲ့ပတ်သက်ပြီး မနက် ၉ နာရီ လာရောက်တွေ့ဆုံ ဆွေးနွေးပါဆိုပြီး လာပို့တယ်။ သိရှိကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ ကျနော်ပြောလိုက်တယ်။ ခင်ဗျားတို့ ရုံးလုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် လိုအပ်တဲ့အချိန် အလုံအလောက်ပေးဖို့လိုတယ်။ အခုလို အချိန်ကပ်ပြီးတော့ လာဆွေးနွေးပါ။ သိရှိကြောင်း လက်မှတ်ထိုးပါလို့ ပြောလာတော့ ခင်ဗျားစာရွက် ခင်ဗျား ပြန်ယူသွားဆိုပြီး ကျနော်ပြောလိုက်တယ်” ဟု ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဆဲဗင်း ဇူလိုင် အခမ်းအနား ကျင်းပမည့်ကိစ္စ နှင့်ပတ်သက်ပြီး နိုင်ငံတဝန်းတွင် ကျောင်းသား ၂၀ ကျော်ကို အစိုးရအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် ဒီမိုကရေစီကို နောက်ကြောင်းပြန်လှည့်စေသည်ဟု ဆိုသည်။
“ဖမ်ဆီးခံရတဲ့ ကျောင်းသား ၂၀ ကျော်ရှိပြီလို့ ကြားသိရပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ကျောင်းသား ၂၀ ကျော်ရှိပါပြီ။ ရန်ကုန်မှာ ၄ ဦး၊ မန္တလေးမှာ ၄ ဦးဖြစ်ပါတယ်။ ရွှေဘိုမှာ ၄ ဦး၊ လားရှိုးမှာ ၂ ဦး၊ မြင်းခြံမှာ ၇ ဦးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ခရိုင်က ကျောင်းသား ၁ ဦးပါပါတယ်။ ကျောင်းသားတွေ အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်တာလို့ သတ်မှတ်ရမယ်။ ကျောင်းသားတွေက ဘာအပြစ်မရှိဘဲနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြစ်ထွန်းရေး ကြိုးပမ်းနေတဲ့ဟာကို အမျိုးမျိုးသော တားဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေရှိတယ်။ ညကြီး အချိန်မတော် အကြောင်းပြချက်မရှိ ဖမ်းဆီးတာက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ရှေးရှုတဲ့လုပ်ရပ်မျိုးမဟုတ်သလို အခုအချိန်မှာ နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားနေတာလို့ပဲ ပြောရပါလိမ့်မယ်” ဟု ကိုကျော်ကိုကိုက ပြောသည်။
ယမန်နေ့ညက ထိန်းသိမ်းခံခဲ့ရသော ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးမောင်၊ ရဲမြတ်ဟိန်းအပါအဝင် ကျောင်းသားလူငယ်တချို့ ယနေ့ နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရှိရကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ဆိုသည်။
ယနေ့ ကျရောက်သော နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားတွင် ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေလည်း တက်ရောက်ပြီး ဆဲဗင်းဇူလိုင် အရေးအခင်းကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် တောင်းဆိုလိုက်သည်။
“ကျနော်တို့ တူးဆွပြီး တရားခံရှာနေတာ မဟုတ်ဘူး။ အချက် ၃ ချက်ပြောချင်တယ်။ တစ်ချက်အက ၁၉၆၂ ခုနှစ် ကျောင်းသားအရေးအခင်းအတွက် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်စားပြုတဲ့သူတွေပါတဲ့ စုံစမ်းကော်မရှင်အဖွဲ့ဖွဲ့ပေးပါ။
ဒီအခမ်းအနားကနေပြီးတော့ ကျနော်အစိုးရကို တောင်းဆိုပါတယ်။ ဒုတိယအချက်က သမဂ္ဂအဆောက်အဦးကို ပြန်ဆောက်ဖို့။ အရင်ဒီဇိုင်းအတိုင်းပဲ ပြန်ဆောက်ပေးဖို့။ ဆဲဗင်းဇူလိုင် ကျောင်းသားကျောက်တိုင်ကို ပြန်ဆောက်ပေးရမယ်။ သမိုင်းက လူကိုသတ်ရုံ၊ အဆောက်အဦးတွေဖြိုရုံနဲ့ ဘယ်တော့မှ နိဂုံးမချုပ်နိုင်ဘူး။
ကျောင်းသားတွေဆိုတာ အာဏာကို စိန်ခေါ်နေတဲ့သူတွေ မဟုတ်ဘူး။ တိုင်းပြည်ကို ရန်လိုနေတဲ့သူတွေ မဟုတ်ဘူး။ စည်းစိမ်ဥစ္စာရဖို့ လုပ်နေတဲ့သူမဟုတ်ဘူး။ စုံစမ်းကော်မရှင် ဖွဲ့စည်းခိုင်းတာက ဘယ်သူ့ကိုမှ အပြစ်ပေး အရေးယူဖို့မဟုတ်ဘူး။ သမိုင်းတရားခံဆိုတာ သူ့ဟာသူပြဋ္ဌာန်းမှာပါ” ဟု ဦးလှရွှေက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကမူ ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖျက်ဆီးရုံဖြင့် ကျောင်းသား လှုပ်ရှားမှုှများ သေမသွားနိုင်ကြောင်း၊ ကျောင်းသားခေါင်းဆောင်များ အဆင့်ဆင့် ဆက်လက် တာဝန်ယူပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောဆိုသည်။
“သမိုင်းသင်တယ်ဆိုတာက ဂုဏ်ယူစရာရှိရင် ယူနိုင်အောင်၊ သင်ခန်းစာရှိရင် ယူနိုင်အောင် သင်ရတာပါ။ ဆဲဗင်း ဇူလိုင် ဆိုတာ သမိုင်းမှာ မေ့ဖျောက်လို့မကောင်းတဲ့ သင်ခန်းစာယူစရာ နေ့တနေ့ဖြစ်တယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကတည်းက ကျောင်းသားတွေက ဦးဆောင်ခဲ့တာ။ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုဆိုတာ မိခင်ကြီးပါပဲ။ မိခင်ကြီးက သားကောင်းရတနာတွေကို မွေးခဲ့သလို ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော် စသည်ဖြင့် သားကောင်း၊ သမီးကောင်း ရတနာများစွာကို ကျောင်းသားသမဂ္ဂမိခင်ကြီးက မွေးခဲ့ပါတယ်။ အဲဒီမိခင်ကောင်းကို လုပ်ကြံသတ်ဖြတ်လိုက်ရုံနဲ့ သူ့မျိုးဆက်ကို မျိုးကန်းမသွားပါဘူး” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ယနေ့ကျင်းပသော နှစ် ၅၀ ပြည့်ရွှေရတုအခမ်းအနားသို့ လူရာဂဏန်းနီးပါးတက်ရောက်ခဲ့ပြီး အခမ်းအနား ကျင်းပနေစဉ်အတွင်း အာဏာပိုင်များက နှောင့်ယှက်မှုတစုံတစ်ရာ မပြုလုပ်ခဲ့သော်လည်း မှတ်တမ်းတင် ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှုများ ပြုလုပ်ခဲ့ကြသည်။