သတင်း

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် စတက်ပြီ

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ ယနေ့ စတင် တက်ရောက်လျှက် ရှိရာ ၎င်း လွှတ်တော် တက်ရောက်မှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များက ကြိုဆိုကြောင်း ပြောဆိုကြသည်။

“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်လာတာ ကောင်းပါတယ်၊ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်” ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ဗိုလ်မှူးချုပ် ဝေလင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီက တင်သွင်းလာမည့် အဆိုနှင့် မေးခွန်း၊ ဥပဒေကြမ်းများကို ထောက်ခံမည်လား ဆိုသည့် မေးခွန်းကိုမူ ၎င်းက ဖြေဆိုရန် ငြင်းဆန်သည်။

ဥရောပခရီးစဉ်မှ ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် ခရီးပန်းနွမ်းနယ်မှုကြောင့် လွှတ်တော်မှ ခွင့်  ၃ ရက် ယူထားခဲ့ပြီး ယနေ့မှ စတင်၍ လွှတ်တော် အစည်းအဝေးများ တက်ရောက်မည် ဖြစ်ရာ လတ်တလောတွင် အဆိုနှင့် မေးခွန်းများ တင်သွင်းရန် မရှိသေးဘဲ လွှတ်တော် အစည်းအဝေးများ၏ အခြေအနေများကိုသာ လေ့လာသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အဆိုနဲ့ မေးခွန်းတွေက ကြိုတင်ပြီး တင်ပြရတာ ဆိုတော့ လောလောဆယ် ဘာတွေတင်မလဲ ဆိုတာမျိုးတွေ မရှိသေးဘူး။ တင်မယ့် အဆိုတွေ၊ မေးခွန်းတွေ၊ ဥပဒေတွေနဲ့ ပတ်သက်လို့ အစည်းအဝေးတွေ လုပ်ဖို့ရှိတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်အစည်းအဝေး တက်ရောက်ရန် နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် နေအိမ် ငှားရမ်းထားပြီး လွှတ်တော် အစည်းအဝေးများ ဆက်တိုက် တက်ရောက်သွားရန် ရှိသည်ဟု သိရှိရသည်။

ရန်ကုန်တွင် ဇူလိုင် ၃ ရက်နေ့က ကျင်းပသော ဥရောပ ခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က
မြန်မာ့လွှတ်တော်သည် ဥရောပ လွှတ်တော်များနှင့် နှိုင်းယှဉ်လျှင် အရွယ်အစား ကြီးမားကြောင်း၊ လတ်တလော ၎င်း သိထားသမျှ မြန်မာ့လွှတ်တော်သည် အခမ်းအနား ပုံစံနှင့်တူကြောင်း ပြောဆိုခဲ့သည်။

“လွှတ်တော်က တောင့်တောင့်ကြီး ဖြစ်နေတယ်။ လူတွေအားလုံး တန်းစီထိုင်ပြီးတော့လေ၊ ကျမ စိတ်ထဲတော့
အခမ်းအနား တခု လုပ်နေသလိုပဲ။ လှုပ်ရှားမှု နည်းသလိုပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။

Loading