ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး ရုတ်တရက် လေဖြတ်သွားသည့် အတွက် ယနေ့ စင်ကာပူနိုင်ငံသို့ အရေးပေါ်သွား ရောက် ဆေးကုမည်ဖြစ်ကြောင်း နေပြည်တော် အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ရုတ်တရက် လေဖြတ်သွားခြင်း ဖြစ်ပြီး တပ်မတော် စစ်ဆေးရုံကြီးတွင် အရေးပေါ် တက်ရောက် ကုသခဲ့ရာမှ ယနေ့တွင် စင်ကာပူသို့ ပို့ဆောင်မည် ဖြစ်သည်။
စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့် နီးစပ်သူများ၏ အဆိုအရ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး လိုက်ပါလာမည့် အထူး လေယာဉ်သည် ယနေ့ ညနေတွင် စင်ကာပူသို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ခေါင်းဆောင်များ အများဆုံး တက်ရောက် ကုသသည့် Mount Elizabeth ဆေးရုံတွင် တက်ရောက် ကုသမည် ဖြစ်ကြောင်း သိရသည်။
အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးသည် ၂၀၁၀ ပြည့်နှစ် မတ်လတွင် နိုင်ငံတော် အကြီးအကဲနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူခဲ့ပြီး နေပြည်တော်ရှိ နေအိမ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။
ဦးမောင်အေးသည် အငြိမ်းစားယူပြီးနောက် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသို့ မကြာခဏ လွတ်လပ်စွာ ခရီးသွားလာမှုများ ရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မတူကြောင်း တပ်မတော် အသိုင်းအဝန်းအတွင်း နှိုင်းယှဉ်ပြောဆို မှုများရှိသည်။
၁၉၅၅ ခုနှစ်က ပထမဆုံးဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေး စစ်တက္ကသိုလ် (Defense Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်သည့် ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးသည် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒေချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူး ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော် တို့နှင့် တပတ်စဉ်ထဲ ဆင်းခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် DSA အပတ်စဉ် ၁ ကျောင်းဆင်းများ တွေ့ဆုံပွဲ ကို ပြုလုပ်ခဲ့သေးသည်။
ဦးမောင်အေးသည် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်က တပ်မတော်အတွင်း စစ်တက္ကသိုလ် (DSA) ကျောင်းဆင်း များကိုသာ မျက်နှာသာပေးသည့် မူဝါဒကို ကျင့်သုံးခဲ့သည့် အတွက် တပ်မတော်အတွင်းရှိ တခြားသော အရာရှိများ၏ မကျေနပ်မှုကို ခံခဲ့ရသူ ဖြစ်သည်။
ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့သည့် ၁၈ နှစ်တာ ကာလအတွင်း ဦးမောင်အေးသည် နိုင်ငံရေးအာဏာနှင့် ပတ်သက်ပြီး ရည်မှန်းချက် နည်းပါးသည့်အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့သူ တယောက် ဖြစ်သည်။