ပြည်တွင်းမီဒီယာတွေက ပုံနှိပ်ထုတ်ဝေရေးမှာ ဆင်ဆာဖြတ်တောက်မှုတွေကို မကျော်လွှားနိုင်ဘဲ ဖြစ်နေတုန်းမှာ အွန်လိုင်း မြန်မာသတင်းဆိုဒ်တွေကတော့ ပိုပြီး မြန်ဆန်စွာ ချဲ့ထွင်လာနိုင်လာကြပါတယ်။ တကမ္ဘာလုံး ဆိုင်ရာ အင်တာနက် သုံးစွဲမှုနှုန်း အဆင့်သတ်မှတ်ပေးတဲ့ ဝက်ဘ်ဆိုက် သတင်းအချက်ဆိုင်ရာ ကုမ္ပဏီတခုဖြစ်တဲ့ Alexa ရဲ့ သတ်မှတ်ချက်အရ ဧရာဝတီသတင်းဌာနဟာ အဆင့် ၁၃ အဖြစ် ထိပ်တန်းထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ကမ္ဘာတဝန်းကနေ လာရောက်ဖတ်ရှုမှုနှုန်း အမြင့်ဆုံး အဖြစ် ယခု ၂၀၁၂ ပထမ ၅ လအတွင်းမှာ နိုင်ငံပေါင်း ၁၈၀ က ၆.၃ သန်း ဧရာဝတီ ဝက်ဘ်ဆိုက်ကို လာရောက်ဖတ်ရှုခဲ့ပါတယ်။
ဒီလို အွန်လိုင်းမှာ သတင်းတွေ ဖတ်ရှုမှု ပိုကျယ်ပြန့် တိုးတက်လာတာဟာ မြန်မာပြည်မှာ အွန်လိုင်း ဆင်ဆာကိစ္စနဲ့လည်း ပတ်သက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက စပြီး ပြည်တွင်းကနေ ဧရာဝတီ ဝက်ဘ်ဆိုက်ကို လာရောက်ကြည့်ရှုတဲ့နှုန်း တဟုန်ထိုး ခုန်တက်လာပါတယ်။ ဧရာဝတီကို ပရောက်ဇီ (Proxy) တွေခံပြီး တဆင့်ကြည့်ရှုနေရတဲ့ အခြေအနေတုန်းက မြန်မာပြည်တွင်းကနေ ဝင်ရောက်ဖတ်ရှုသူဟာ တလကို ၂ သောင်းလောက်သာ ရှိပါတယ်။ အခုလို အင်တာနက် ထိန်းချုပ်မှု ဖြေလျှော့ပေးထားတဲ့ အခြေအနေမှာတော့ တလကို ၂ သိန်း ၇ သောင်းအထိ ဆယ်ဆမက ထိုးတက်လာတာ တွေ့ရပါတယ်။
သတင်းတွေကို ဝေမျှဖို့၊ ဖတ်ရှုဖို့ အတွက် စာနယ်ဇင်းသမားတွေ၊ ဘလော်ဂါတွေ၊ စာဖတ်သူတွေအကြားမှာလည်း face book, twitter စတဲ့ လူမှုကွန်ရက်တွေ အသုံးပြုမှုလည်း ပြီးခဲ့ ၆ လ အတွင်း တဟုန်ထိုး များပြားလာတာ တွေ့ရပါတယ်။ တရားဝင် ကိန်းဂဏန်း ပြုစုထားမျိုးတော့ မရှိသေးပေမယ့် အင်တာနက် ထိန်းချုပ်ဖြတ်တောက်မှုတွေ ပြည်တွင်းမှာ လျှော့ချလိုက်ပြီးတဲ့နောက် face bookသုံးစွဲသူတွေ အလွန်များပြားလာတယ်လို့ ခန့်မှန်းရပါတယ်။
ဧရာဝတီ မြန်မာနဲ့ အင်္ဂလိပ်ပိုင်း နှစ်ခုဟာ face book သုံးစွဲသူ ၃ သောင်းကျော်နဲ့face bookမှာ ချိတ်ဆက်ထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲစချိန်မှာ သတင်း အချက်အလက်တွေ အလျင်အမြန် တင်ပြနိုင်ဖို့ စတင်ခဲ့တဲ့ ဧရာဝတီဘလော့ဂ်ဟာလည်း ပြည်တွင်း ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ပြည်တွင်းကနေ ဖတ်ရှုသူ တလကို ပျမ်းမျှ ၈ သောင်း ၇ ထောင်ကျော် ရှိပါတယ်။
ကမ္ဘာတလွှား သတင်းအေဂျင်စီကြီးတွေက မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို ပိုမိုတင်ပြလာတာကြောင်း မြန်မာ့အရေးဆိုင်ရာ သတင်းနဲ့ လေ့လာသုံးသပ်မှု ကျွမ်းကျင်သူတွေလည်း လိုအပ်မှု မြင့်မားနေပါတယ်။ Alexa ကုမ္ပဏီရဲ့ ဖော်ပြချက်အရ ၂၀၁၂ အတွင်း ဧရာဝတီဟာ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေကြားမှာ ဆက်လက် ဦးဆောင်နေမယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ အွန်လိုင်းမီဒီယာတွေဟာ အနာဂတ်မှာ ဆက်လက် တိုးပွားလာဖို့ ရှိပါတယ်။ ၂၀၁၀ မှာ မြန်မာနိုင်ငံအတွင်း အင်တာနက် သုံးစွဲသူ ၄ သိန်းခန့် (နိုင်ငံ့ လူဦးရေနဲ့ ယှဉ်ရင်တော့ ဝ.၈ ရာခိုင်းနှုန်းသာ) ရှိမယ်လို့ ခန့်မှန်းထားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပိုပြီး များပြားလာနိုင်ပါတယ်။
ဒီလို တိုးတက်များပြားလာတာဟာ လျှင်မြန်စွာ ပြောင်းလဲနေတဲ့ မြန်မာပြည်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူများအတွက်ရော ကမ္ဘာ့ အွန်လိုင်း ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားပြီး မီဒီယာလွတ်လပ်ခွင့်အတွက် အလုပ်လုပ်နေတဲ့ ဧရာဝတီလို ပြည်ပမှာ အခြေစိုက်ခဲ့ရတဲ့ မီဒီယာတွေအတွက်ရော ကောင်းမွန်တဲ့ အခွင့်အလမ်းအဖြစ် ရှုမြင်နိုင်ပါတယ်။
အင်္ဂလိပ်ပိုင်းတွင် ဖတ်ရှုရန်