သတင်း

ဒု သမ္မတ ဘယ်သူဖြစ်မလဲ

This article has been converted from Zawgyi One to Unicode

မနက်ဖြန် ကျင်းပမယ့် ပြည်သူ့လွှတ်တော်မှာ လစ်လပ်သွားတဲ့ ဒု သမ္မတ နေရာအတွက် တပ်မတော် ကိုယ်စားလှယ်တွေ အမည် စာရင်းတင်မှာ ဖြစ်တာကြောင့် ဘယ်သူဖြစ်မလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်များအကြား ထင်ကြေးပေးမှုတွေ တိုးလာနေပါတယ်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ရာထူးအတွက် တပ်မတော်သားအရာရှိကိုသာလျှင် ပေးအပ်မယ်လို့ သိရှိထားတာကြောင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်နိုင်ခြေများတယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဟာ အငြိမ်းစားယူဖို့နီးကပ်နေပြီး တပ်မတော်ရဲ့ အစဉ်အလာအရလည်း ဒု သမ္မတ ဖြစ်ထိုက်တဲ့ အတွေ့အကြုံများရှိ နေကြောင်း ဦးအောင်သောင်း က ဆိုပါတယ်။

အမေရိကန် စီးပွားရေး သတင်းအေဂျင်စီ Bloomberg က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းကို ကိုးကားပြီး ကြည်း ရေ လေ ညှိ နှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ နာမည်တွေ ရှေ့ကပြေးနေတယ်လို့ လည်း သတင်းပို့ ထားပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ကို လျာထားတဲ့ အထဲမှာ ပါတယ်လို့ ပြောသံတွေလည်း ကြားရပါတယ်။ ကနဦး ထင်ကြေးပေးခံရသူတွေထဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို တို့ပါ ပါပါတယ်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်း ကတော့ နာမည်စာရင်းအတည်ပြုဖို့ လတ်တလော ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်ပင်နေဆဲဖြစ်ပြီး မနက်ဖြန်မှ သေချာအဖြေပေးနိုင်မယ်လို့ ဆိုပါတယ်။ တပ်မတော်သားတွေရဲ့ ကိုယ်စားလှယ်မှန်သမျှ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အတည်ပြုချက်လိုပါတယ်။

“ကျနော်တို့ချင်းတော့ ညှိပြီးပြီ။ ကျနော်တို့ခေါင်းဆောင်(ကာကွယ်ရေးဦးစီးချုပ်) နဲ့ တိုင်ပင်ရဦးမယ်။ အားလုံး တိုင်ပင်နေပါတယ်။ မနက်ဖြန်မှ အတိအကျ အဖြေထွက်မှာပါ”လို့ ဗိုလ်မှူးချုပ် ဝေလင်းက ဧရာဝတီကို ပြောပါတယ်။

ယနေ့မှစပြီး ပြည်သူ့လွှတ်တော်ကို တက်ရောက်လာတဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒု သမ္မတသစ်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက်မယ့်သူ ဖြစ်သင့်တယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

ဒု သမ္မတသစ် ရွေးချယ်တင်မြှောက်ရေးဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်မယ့် ဥပဒေအသစ်များကို ပြဋ္ဌာန်းပြီး အစိုးရအဖွဲ့ အတွင်း မှာလည်း ခေတ်နောက်ပြန်ဆွဲသူတွေရဲ့ သြဇာအာဏာကို လျှော့ချရေး ရှေ့ပြေးလို့ လွှတ်တော် သတင်းရပ်ကွက်တွေက ဆိုပါတယ်။

လာမယ့် ရက်တွေ အတွင်းမှာလည်း အစိုးရဝန်ကြီး အပြောင်းအလဲများပြုလုပ်မှာဖြစ်ပြီး အနည်းဆုံး ဝန်ကြီးလေးဦးမှ ငါးဦး အထိ အပြောင်းအလဲ သို့မဟုတ် အရွှေ့အပြောင်း လုပ်မယ်လို့ ဦးအောင်သောင်းက ပြောပါတယ်။ “အစိုးရဝန်ကြီးတွေ ပြောင်းမယ်ဆိုတာ ဟုတ်တယ်။ ပြောင်းမှာ။ ဘယ်သူတွေတော့ မသိသေးဘူး။ အနည်းဆုံးတော့ လေး၊ ငါးဦး ပါမယ်”လို့ ဆိုပါတယ်။

ရာထူးမှ ဖယ်ရှားခံရနိုင်တယ်လို့ သတင်းပြေးနေသူတွေထဲမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် ၁ လျှပ်စစ် စွမ်းအား ဝန်ကြီး ဦးဇော်မင်း တို့က ရှေ့ဆုံးလို့ လွှတ်တော်အမတ်တွေက ဆိုကြပါတယ်။

Loading