မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ် တဦးကို အိမ်ရှင်က ညှဉ်းပန်း နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
မတင်နီလာအေးဆိုသူ အိမ်အကူ မိန်းကလေးကို အိမ်ရှင် ဒေါ်ခင်နီလာဝင်းက မီးပူဖြင့်ကပ်ခြင်း အပါအဝင် ရိုက်နှက် ညှဉ်းပန်း နှိပ် စက်မှုများကြောင့် မတင်နီလာအေးက ဇူလိုင်လ ၅ ရက်နေ့တွင် နေအိမ်မှ ထွက်ပြေးပြီး ပတ်ဝန်းကျင်၏ အကူအညီဖြင့် မဟာအောင်မြေ မြို့နယ် အမှတ် ၇ ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
“အခု သူတို့ သားအမိ နှစ်ယောက် ဆေးရုံကြီးကို သွားပါတယ်။ ဆေးစစ်ချက် သွားယူတာပါ။ ဆေးစစ်ချက် ရတာနဲ့ ရုံးတင်မှာပါ” ဟု မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
ညှဉ်းပန်းနှိပ်စက်သူ အိမ်ရှင် မခင်နီလာဝင်း(ခ) မနီနီကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၄/၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားပြီး မတင်နီလာအေး ဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
မတင်နီလာအေးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ပေးသူ ဆရာတော် ဝီရသူက“ကလေးမလေးက သေးသေး ကွေးကွေး ပိန်ပိန် ညှက်ညှက်လေး၊ မူလတန်း အရွယ်လောက်ပဲ ရှိသေးတယ်။ သူ အိမ်က ထွက်ပြေးတဲ့ နေ့ကပဲ ထမင်းဆိုင် မိသားစုက ကယ်ထားပြီး ဘုန်းကြီးတို့ဆီ လာလျှောက်တယ်”ဟု မိန့်သည်။
မတင်နီလာအေးသည် မိုးကုတ်မြို့ စစ်တန်းရပ်၌ နေထိုင်သူဖြစ်ပြီး ဒေါ်ခင်နီလာဝင်း၏ နေအိမ်တွင် တလလျှင် လစာ ကျပ် နှစ် သောင်းဖြင့် အိမ်အကူ အလုပ်လုပ်နေသည်မှာ ၉ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
“သူ အဲဒီအိမ်ကို စရောက်တဲ့ နေ့ကစပြီး ထွက်ပြေးတဲ့နေ့အထိအောင် နေ့စဉ် အရိုက်ခံရတယ်လို့ ပြောတယ်။ တကိုယ်လုံးလဲ ဒဏ်ရာ ဒဏ်ချက်တွေ ချည်းပဲ”ဟု ဆရာတော် ဝီရသူက မိန့်သည်။
ဇူလိုင်လ ၅ ရက်နေ့ နံနက်က မတင်နီလာအေးကို အိမ်ရှင် ဒေါ်ခင်နီလာဝင်းက ဒေါက်ဖိနပ်ဖြင့် ရိုက်ခြင်း၊ ကုလားထိုင်ဖြင့် ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ မီးပူဖြင့် ကပ်ခြင်း တို့ကြောင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက် လက်ကျိုး ဒဏ်ရာ၊ နှုတ်ခမ်း ပေါက်ပြဲ ဒဏ်ရာ နှင့် ခန္ဓာကိုယ်အနှံ့ အပူလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မတင်နီလာအေး၏ ညီမငယ်တဦးမှာလည်း ဒေါ်ခင်နီလာဝင်း၏ သူငယ်ချင်းတဦးနေအိမ်တွင် တလလျှင် ကျပ် တသောင်းခွဲ ဖြင့် အိမ် အကူလုပ်နေရပြီး နှိပ်စက်ညှင်းပန်းခံနေရသည်ဟု ဆိုသည်။ မတင်နီလာအေး၏ မိဘများက ညီမငယ် အလုပ်လုပ်ရာ အိမ်ရှင် ထံမှ ၂ လစာ ကျပ် သုံးသောင်းကို ကြိုတင် ထုတ်ယူထားမိသဖြင့် ပြန်ခေါ်ရန် ခက်ခဲနေကြောင်းလည်း ပြောဆိုသည်။
၂၀၁၂ ခုနှစ် မတ်လအတွင်းကလည်း ပဲခူးမြို့တွင် အသက် ၁၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးငယ် မအေးယုအောင်ကို အိမ်ရှင်မှ ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာသို့ အမှုဖွင့် တရားစွဲဆို ထားသည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်(CRC) ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကုလ သမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ သည် CRC တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် ၁၉၉၁ ခုနှစ်က လက်မှတ် ရေးထိုး ခဲ့သည်။ မြန်မာနိုင်ငံ၏ ကလေးသူငယ် ဆိုင်ရာ ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။