ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဍိပက္ခများကြောင့် ဘူးသီးတောင်- မောင်တောဒေသမှ နိုင်ငံ့ဝန်ထမ်းများသည် ထိုဒေသတွင် ပြန်လည် တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့ကြောင်း စုံစမ်းသိရသည်။
“ကိုယ်က လုပ်နိုင်တယ်၊ လုပ်ချင်တယ် ဆိုတဲ့ စိတ်ရှိနေအုံးတော့ ဒီမှာရှိတဲ့ မိဘ ဆွေမျိုးတွေက လုံး၀ စိတ်မချတော့ဘူး ဖြစ်နေပြီ” ဟု ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ ရှောင်တခင် ခွင့်ဖြင့် နေရပ် မန္တလေးသို့ ပြန်လည်ရောက်ရှိနေသည့် ဒေါက်တာ ဝင်းလဲ့ဖြိုးက ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း သေဆုံးသူ ၅၀ နှင့် ဒဏ်ရာရသူ ၅၄ ဦး ရှိသည်ဟု ပြည်နယ် ဝန်ကြီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့ပြီး သေဆုံးသူထဲတွင် ဆရာဝန် ၁ ဦး၊ အငြိမ်းစား ရဲဝန်ထမ်း ၁ ဦး၊ ကျောင်းဆရာ ၂ ဦးပါဝင်ခဲ့ကြောင်း သိရသည်။
“ကျမ ဘူးသီးတောင် ရောက်တာ ၃ နှစ်ရှိပါပြီ။ ဒီမှာ ပြန်လုပ်ရမယ် ဆိုရင်တော့ လုံး၀ ဆက်မလုပ်တော့ပါဘူး။ တတ်နိုင်ရင် ကျမ ဒေသဖြစ်တဲ့ မင်းပြားကိုပဲ ပြန်ချင်ပါတယ်။ လုံခြုံရေး ဘယ်လောက် ကောင်းကောင်း ကျမတို့ ဆက်မလုပ် နိုင်တော့ပါဘူး” ဟု မောင်တောမြို့နယ် ညောင်ပင်ကြီး ကျေးရွာမှ မူလတန်းပြ ဆရာမ တဦးက ပြောသည်။
ပဋိပက္ခ ကာလများအတွင်း နိုင်ငံ့ဝန်ထမ်းများကို အဓိက ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသဖြင့် ဒေသခံ မဟုတ်သည့် ဝန်ထမ်းများမှာ ထိုဒေသသို့ ပြန်လည် တာဝန် ထမ်းဆောင်ရန် စိုးရွံ့နေကြကြောင်း ၎င်းက ဆက်ပြော သည်။
နိုင်ငံ့ဝန်ထမ်း များမှာ ရခိုင်ပြည်နယ် မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် သက်ဆိုင်ရာ၏ အကူအညီဖြင့် ရောက်ရှိ ခိုလှုံလျှက်ရှိပြီး အများစုမှာ မိမိတို့ နေရပ်များသို့ ရှောင်တခင် ခွင့်များဖြင့် ပြန်ရောက်နေကြကြောင်း သိရသည်။
စစ်တပ်နှင့် လုံထိန်းတပ်များမှာ နယ်မြေလုံခြုံရေးကို အဓိက တာဝန်ယူထားရသဖြင့် သီးသန့် တာဝန်ယူနိုင်မှုမျိုး မရှိသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သတ်ပြီး အမိန့်တစုံတရာ မရရှိသေးကြောင်း မောင်တောမြို့နယ် ရဲစခန်းမှ တာဝန်မှူး တဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ပြီဟု ဆိုသော်လည်း ထုတ်ပြန်ထားသော ညမထွက်ရအမိန့်နှင့် အရေးပေါ်အခြေအနေကို ရုတ်သိမ်းမှု မရှိသေးဘဲ ဘူးသီးတောင် မောင်တောနှင့် တခြား လုံခြုံရေး နည်းပါးသော ဒေသများတွင် အခြေခံပညာ ကျောင်းများကို ပိတ်ထားရဆဲ ဖြစ်သည်။
စစ်တွေမြို့နှင့် အနီးတဝိုက်ရှိ မြို့နယ်များတွင် ပဋိပက္ခဖြစ်ပွားခဲ့သည့် တလ ပြည့်သည့် ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း တက္ကသိုလ်များကိုမူ ဇူလိုင်လ ၁၆ ရက်နေ့တွင်မှ ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
“ဒီနေ့ ကျောင်းစဖွင့်ပေမယ့် သိပ်မသွားကြသေးဘူး။ ဆရာ၊ ဆရာမတွေကလည်း စစ်တွေမြို့ခံ တွေပဲ ရှိတယ်။ တခြား နယ်က ဆရာမတွေ ပြန်မရောက်ကြသေးဘူး။ ကလေးတွေလည်း အိမ်က ယောကျာ်ကြီး တယောက်ယောက် ကြိုပို့ လုပ်ရတယ်” ဟု စစ်တွေဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
လုံခြုံရေး အခြေအနေကြောင့် တာဝန်ပြန်လည် ထမ်းဆောင်ရန် ခက်ခဲနေသော နိုင်ငံ့ဝန်ထမ်းများအတွက် စိတ်ချရသည့် အခြေအနေတခု ဖန်တီးပေးနိုင်မှသာလျှင် ရခိုင်ပြည်နယ်တခုလုံး ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ တာဝန်ရှိသူတဦးက ဆိုသည်။