သတင်း

ဒု သမ္မတအဖြစ် ဦးမြင့်ဆွေကို တင်သွင်းလိုက်ပြီ

This article has been converted from Zawgyi One to Unicode

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်မြှောက်ကြောင်း ယနေ့ လွှတ်တော်ကို တင်သွင်းလိုက်ပြီဟု သိရသည်။

“အခု ကျနော်တို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် စာရင်းပေး လိုက်ပါပြီ။ အားလုံး သဘောတူညီ ချက်နဲ့ပါ။ အခု လွှတ်တော်ကို တင်လိုက်ပါပြီ” ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။

ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တင်မြှောက်ခြင်းဖြစ်ကြောင်း
တခြားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတဦးက ဆိုသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းကလည်း ဒုတိယ သမ္မတ တင်မြှောက်ရေးကိစ္စမှာ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးတိုင်ပင်ရမည် ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုခဲ့သည်။

“ကျနော်တို့ ခေါင်းဆောင်နဲ့ တိုင်ပင်ရဦးမယ်။ ကျနော်တို့ချင်းတော့ ညှိပြီးပါပြီ” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ယမန်နေ့က ဆိုသည်။

ဒုတိယ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရမည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် သဘောထား တင်းမာသူဟု လူသိများပြီး မကြာသေးခင်က လျှပ်တပြက် ဂျာနယ်ကို တရားစွဲဆိုခြင်းနှင့် မီဒီယာများကို ထောင်ချနိုင်ကြောင်း  ခြိမ်းခြောက် ပြောဆိုခဲ့သူ တဦးဖြစ်သည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လူယုံတဦးဟုလည်း လူသိများသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဒုတိယသမ္မတအဖြစ် သင့်တော်သူကို
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်ကြမည်ဖြစ်ပြီး မည်သူ့ကို ရွေးချယ်စေကာမူ ၎င်းအနေဖြင့်
ကျေနပ်ကြောင်း ဧရာဝတီသို့ ပြောဆိုသွားသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယ သမ္မတ ဖြစ်လာမလား ဆိုသည့် သတင်းကို ဧရာဝတီက မေလ ၁၄ ရက်နေ့တွင် ရေးသားခဲ့ပါသည် ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Loading