မယ်မြန်မာတို့၊ ခရီးသွား အလှမယ်တို့ ဒါမှမဟုတ် လူသုံးကုန်၊ အလှကုန်ပစ္စည်း ကုမ္ပဏီတွေ ဆိုရင်လည်း သူ့ကုန်ပစ္စည်း ကိုယ်စားပြု အလှမယ် Miss …… လို့သာ ကြားဖူးခဲ့တာ၊ ဒီတခါတော့ ထူးထူးခြားခြား Miss Farmer (လယ်တောသူ အလှမယ်) လို့ ဆိုပါတယ်။
ဒီပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ရှင်များ အသင်းက လာမယ့် ၁၅ ရက်နေ့ကျရင် မင်းဓမ္မလမ်းမှာ ရှိတဲ့ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) မှာ ပထမဆုံးအကြိမ် ကျင်းပတော့မှာပါ။
“လယ်တောသူတွေရဲ့ ဘဝကို စင်ပေါ်တင်ပြီး အရေးတယူ ဂုဏ်ပြုတဲ့အနေနဲ့ မြှင့်တင်ပေးချင်လို့ ပြသတာပါ။ လယ်သူမ တွေကို နိုင်ငံတော် အဆင့်အနေနဲ့ မြှင့်ပေးလိုက်တဲ့ အနေအထားပါ။ တခြား ရှိုးပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ ဝတ်စားဆင်ယင်မှု ဒီဇိုင်းတွေ ကွဲသွားမယ်။ မြန်မာဆန်ဆန်နဲ့ လယ်တော ကောက်စိုက်သမ တွေရဲ့ ပုံစံဟန်ပန်လည်း ပေါ်ရပါမယ်” လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။
ဒီပြိုင်ပွဲမှာ ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၈ သိန်း၊ တတိယဆု ကျပ် ၆ သိန်းနဲ့အတူ ပြည်ပနိုင်ငံတွေကိုပါ
လေ့လာရေးခရီး သွားရောက်ခွင့် ရမှာဖြစ်ပါတယ်။
ဆုရပြိုင်ပွဲဝင်တွေဟာ အရှေ့တောင် အာရှမှာပြုလုပ် ကျင်းပလေ့ရှိတဲ လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှု အစည်းအဝေးပွဲ တွေကိုပါ
သွားရောက် လေ့လာရမှာပါ။
ပြိုင်ပွဲဝင်တွေအနေနဲ့ ခေတ် လယ်တောသူရဲ့ ဟန်ပန် ဝတ်စားဆင်ယင်မှုတွေ၊ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှု ပုံစံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လယ်ယာကဏ္ဍနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုရမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ တခါမှမလုပ်ဖူးသေးတဲ့၊ ထူးခြားတဲ့ လယ်တောသူ အလှမယ်ပြိုင်ပွဲကြီးကို တဘက်မှာ ကျင်းပတော့မယ့် အချိန်မှာတော့ တဘက်မှာလည်း မြန်မာနိုင်ငံ အနှံ့အပြား လယ်ယာမြေတွေ အသိမ်းခံရတယ် ဆိုတဲ့ အသံတွေ ကျွက်စီကျွက်စီ ညံနေပါတယ်။
မစပ်စုကိုသာ ဒီပြိုင်ပွဲကြီးရဲ့ ဒိုင်အဖွဲ့ထဲ ထည့်မယ်ဆိုရင် မေးချင်တဲ့ မေးခွန်းတွေကတော့ လယ်သမားတွေ အနေနဲ့ အမတော် ချေးငွေတွေ ပြန်မဆပ်နိုင်တာ ဘာကြောင့်လဲ၊ စပါးကုန်သည်တွေက ချမ်းသာသွားပြီး လယ်သမားတွေက ဘာကြောင့် ဆင်းရဲပြီးရင်း ဆင်းရဲနေရတာလဲ၊ စီမံကိန်းအကြောင်းပြပြီး လယ်တွေသိမ်း နေပေမယ့် ဘာကြောင့် တန်ဖိုးအတိုင်း ပြန်မလျော်ပေး ရတာလဲ၊ သူများနိုင်ငံတွေလို စက်မှုသီးသန့် လယ်ယာ ဘယ်တော့ဖြစ်မှာလဲ၊ မြန်မာ့ဆန်စပါး ဘာကြောင့် နိုင်ငံတကာဈေးကွက်မှာ မျက်နှာငယ်ရတာလဲ … စသည်ဖြင့် စသည်ဖြင့် မေးလိုက်ချင်ပါတယ်။ ဝင်ပြိုင်မယ့် လယ်တောမော်ဒယ်လ်တွေ ဘယ်လိုများ ဖြေကြမလဲ ဆိုတာ သိချင်လို့ ကြိုပြီးတောင် ကွက်ရှင် အောက်လိုက်ချင်သေးရဲ့။
အဲ … ပြောမယ့်သာ ပြောရတာပါ … ဒီမေးခွန်းတွေ မေးမယ်ဆိုမှတော့ မစပ်စုကို ဒိုင်အဖွဲ့ထဲ ဘယ်ထည့် တော့မလဲနော်။
ရှောင်လင်လည်း မရှောင်နိုင်

မြန်မာနိုင်ငံရဲ့ တရုတ်ပြည်လို့ တင်စား ခေါ်ဝေါ်နေကြတဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့ကို ကမ္ဘာကျော် မင်းသားကြီး
ဂျက်ကီချန်း တယောက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) ရဲ့ အထူးသံတမန် အဖြစ်နဲ့ လာရောက်ခဲ့တဲ့ ပုံရိပ်တွေကတော့ အခုတလော facebook စာမျက်နှာတွေထက်မှာ ပလူတွေပျံလို့ပါ။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဆင်းဆင်းချင်း ၆၂ လမ်း (လမ်း ၃၀နဲ့ ၃၁လမ်းကြား) မှာရှိတဲ့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ မိဘမဲ့ ကလေး ကျောင်းကိုသွားရောက်ခဲ့စဉ်မှာ သတင်းသမားတွေနဲ့ သူ့ကို လာရောက် နှုတ်ဆက်ကြတဲ့လူ များလွန်းတဲ့အတွက် ကားပေါ်က ခဏပဲဆင်းပြီး အစီအစဉ်ဖျက် ပြန်သွားခဲ့ရတဲ့ အထိ ပရိသတ်များတဲ့ ဂျက်ကီချန်းပေကိုး။
“အဲဒီနေ့က လုံခြုံရေး သီးသန့်ပါပုံမရဘူး။ UNICEF ဝန်ထမ်းလောက်နဲ့ လမ်းရှင်းတဲ့ ရဲ လောက်ပဲပါတာ။ သတင်းသမားတွေ၊ လူတွေက အခုလောက်ထိ အနားကပ် ဝိုင်းအုံးလာမယ်လို့ ထင်ပုံလည်း မရဘူး။ နောက်ပြီး နယ်ဆိုတော့ တော်တော် များများက သူလာမယ်ဆိုတာ မသိလောက်ဘူးလို့ ထင်ပုံရတယ်။ ၂ သိန်းတန်ဖုန်းတွေ တော်တော်များများက အင်တာနက် သုံးလို့ရတယ်၊ လက်ဘက်ရည် ဆိုင်တွေမှာလည်း wifi တွေအခမဲ့ သုံးလို့ရနေပြီဆိုတော့ အွန်လိုင်း သတင်းတွေက ချက်ချင်းပြန့် ချက်ချင်း သိကုန်တာပေါ့” လို့ မန္တလေး မြို့ခံတဦးက ဧရာဝတီကို ပြောပါတယ်။
ဒီလိုဆို မစပ်စုတို့ မြန်မာပြည်ကြီးလည်း အင်တာနက်ကို အင်တာနှေးလို့ ပြောလို့ မရလောက် တော့ဘူးပေါ့။ သတင်း
တွေကို မြန်မြန်ဆန်ဆန် သိနိုင်နေလို့လေ။
ဒါ့အပြင် ဂျက်ကီချန်း မန္တလေးတောင်ပေါ် တက်မယ်လို့ စီစဉ်ထားတဲ့ အစီအစဉ်ကိုလည်း မန္တလေးတောင်မှာ လူ ငါးထောင်ကျော်
လောက် ကြိုတင် စောင့်ဆိုင်းနေတယ်လို့လည်း ကြားတာနဲ့ပဲ ဖျက်ပစ်လိုက်တယ်လို့ မန္တလေး မြို့ခံတွေက ပြောဆို ခဲ့ကြပါတယ်။
ရုပ်ရှင်ကားတွေထဲမှာ ရန်သူပေါင်း အယောက် ၂၀၊ ၃၀ လောက်ကို မည်ကဲ့သို့ လုပ်လိုက်သည်မသိ ပြန်လည် ချေမှုန်းနိုင်တဲ့ ရှောင်လင် သိုင်းသမား တယောက်၊ ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသားကြီး ဆိုမှတော့ ကမ္ဘာအရပ်ရပ်က သတင်းသမားတွေ ပရိသတ်တွေရဲ့ အပါး ဝနေလောက်တဲ့ မင်းသားကြီး ဆိုတော့လည်း မြန်မာပြည်က သတင်းသမား တွေနဲ့ ပရိသတ်လောက် ကတော့ အသေးအမွှားလို့ ထင်ခဲ့ပုံ ရပါတယ်။ အခုတော့ ရှောင်လင်မင်းသားကြီးလဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်သွား ရှာတယ်။ သူ့ဘာသာ ရှောင်လင်သိုင်း ဘယ်လောက်တတ်တတ် မြန်မာပြည်က သတင်းထောက် ၄၀ လောက်ရဲ့ ကင်မရာ တွေကိုတော့ မရှောင်ခဲ့ နိုင်ပါဘူး။
ရန်ကုန်က ထရိတ်ဒါး ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဂျက်ကီချန်းရဲ့ သတင်းစာ ရှင်းလင်းပွဲကိုလည်း ပြည်တွင်း မီဒီယာတွေအနေနဲ့ ကန့်သတ်ပြီး လာရောက်ဖို့၊ ဖိတ်စာနဲ့ တကွ လာရောက်ဖို့ အတွက် UNICEF က ထုတ်ပြန်ခဲ့ပါသေးတယ်။
မစပ်စု စဉ်းစားမိတာ တခုကတော့ မြန်မာတွေဆီ လာတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေချင်း အတူတူ သိုင်းတတ်တဲ့သူ၊ ကွန်ဖူးတို့ ရှောင်လင်တို့ ကျွမ်းတဲ့သူက ပိုကြောက်တတ်တယ် ထင်တာပဲ။ ဘာကြောင့်လဲ ဆိုတော့ ကုလသမဂ္ဂ သံတမန် တဦးဖြစ်တဲ့ ဟောလီးဝုဒ် အကျော်အမော် အင်ဂျလီနာ ဂျိုလီတယောက် ထိုင်းမြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်စခန်းတွေကို လာသွားတဲ့ အကြောင်း သတိရသွားလို့ပါ။ ဂျိုလီကတော့ အေးရာအေးကြောင်း ကလေးတွေ၊ ပရိသတ်တွေကြားမှာ လန့်ပုံမရပါဘူး။
ရန်ကုန်က သတင်းစာရှင်းလင်းပွဲမှာတော့ ဂျက်ကီချန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ အိုက်တင်တွေ အမျိုးမျိုးလုပ်ပြနေတာ တွေ့လိုက်ရ ပါတယ်။ သူ့ရဲ့ နာမည်ကျော် ကွန်ဖူးကွက်တွေလား မပြောတတ်ဘူး။
အခုတော့ ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်း တယောက် သူ့နေရပ်ကို ချောချောမောမော ပြန်သွားပါပြီ။
နောက်တခါ သူ မြန်မာပြည်လာမယ် ဆိုရင် မြန်မာပြည်က သတင်းသမားတွေ၊ ပရိသတ်တွေနဲ့ အပြိုင် တိုးဝှေ့နိုင်ဖို့ ရှောင်လင်တွေ ကွန်ဖူးတွေ တတ်ထားရုံနဲ့ မဖြစ်ဘူး၊ ကိုယ်ရန်တော် ခပ်များများ ခေါ်လာခဲ့ပါလို့ မစပ်စုက အကြံပြုလိုက်ချင်ပါရဲ့။