ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ၌ ပျက်စီးနေသည့် လမ်းများကို ပြုပြင်ပေးရန် ယမန်နေ့က ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ တောင်းဆိုခဲ့ရာ အာဏာပိုင်များ က လိုက်လျောပေးခဲ့ကြောင်း သိရသည်။
ကျောင်းသားများ ဆန္ဒပြရာသို့ ကျောက်ဖြူ ခရိုင် အုပ်ချုပ်ရေးမှူးနှင့်ဒေသဆိုင်ရာ အာဏာပိုင်များ ရောက်ရှိလာကာ ဂုံးချိန် ရွာ အ.ထ.က ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ စီမံကိန်း တည်ဆောက်နေသည့် ကုမ္ပဏီများမှ တာ ဝန်ရှိသူများကို ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီများအား ပျက်စီးနေသည့် လမ်းများကို ပြုပြင် ပေးရန် ခရိုင် ဥက္ကဋ္ဌ က ပြောဆိုခဲ့ကြောင်း ကျောင်းသား မိဘတချို့ က ပြောသည်။
ထိုလမ်းများကိုအသုံးပြု၍ ပြည်တွင်း ပြည်ပ ကုမ္ပဏီများက ၎င်းတို့၏စီမံကိန်း လုပ်ငန်းများအတွက် သဲ၊ ကျောက်၊ သံထည် စသည့် ကုန်ကြမ်း ပစ္စည်းများကို မော်တော်ကားကြီးများဖြင့် သယ်ဆောင်၍ နေ့စဉ်ဖြတ်သန်းသွားလာနေခြင်းကြောင့် လမ်းများ ပျက်စီးသွားရခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် ဂုံးချိန် အ.ထ.က မှ ကျောင်းသား၊ ကျောင်းသူများသည် ပျက်စီးနေသည့် လမ်းများ ပြုပြင်ပေးရေး၊ ကျောင်း သားများ၏ လိုအပ်ချက် ဖြည့်ဆည်းပေးရေး စသည့် စာတန်းများ ရေးထားသော ပိုစတာများ ကိုင်ဆောင်ကာ မိမိတို့ကျေးရွာ အသီးသီးမှ စာသင်ကျောင်းသို့ ယမန်နေ့က ချီတက် လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။
ဂုံးချိန် အ.ထ.က ကျောင်းသို့ ဆက်သွယ်ထားသည့် လမ်းများသည် ရွှေသဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းနှင့်ဆက်စပ်နေသည့် စီမံ ကိန်း လုပ်ငန်းခွင်များကြောင့် လုံးဝပျက်စီးသွားကြောင်း၊ မိုးတွင်းကာလ ၌ ကျောင်းသွားတက်ရန် အခက်အခဲများရှိနေ၍ ယခု ကဲ့သို့ ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း ကျောင်းသားမိဘများက ပြောသည်။
“ပြီးခဲ့တဲ့နှစ် မိုးတွင်းကလည်းပဲ ဒီလမ်းတွေလုပ်ပေးဖို့ အာဏာပိုင်တွေ၊ ကုမ္ပဏီတွေကို တင်ပြခဲ့ပေမယ့် ဘာမှ လုပ်မပေးကြ သေးဘူး၊ အခုလည်းပဲ ပြုပြင်ပေးဖို့ ခရိုင် ဥက္ကဋ္ဌက ကုမ္ပဏီတွေကို တာဝန်ပေးပြန်တော့ စောင့်ကြည့်ရဦးမှာပေါ့၊ ကျေးရွာ ၅ ရွာက ကျောင်းသားတွေ၊ ဒေသခံတွေဟာ ဒီလမ်းကပဲ နေ့စဉ် ဖြတ်သွားနေရတာပါ”ဟု ဂုံးချိန် ရွာသား တဦး ကလည်း ဆိုသည်။
ကျောက်ဖြူမြို့နယ် လိပ်ခမော် ရွာသစ်၊ ရွာဟောင်း၊ မလကျွန်း၊ ပြင်ရှည်၊ ဂေါ်ဒူ စသည့် ကျေးရွာ ၅ ရွာမှ ကျောင်းသားများသည် သုံးမိုင်ခန့်ဝေးသည့် ဂုံးချိန် အ.ထ.က သို့ နေ့စဉ် ကျောင်းသွားတက်နေကြသည့် လမ်းလည်းဖြစ်ပြီး ထိုလမ်းအား လက်ရှိတွင် အသုံးပြုနေသည့် ကုမ္ပဏီများ၌ ဟွန်ဒိုင်း၊ ဒေဝူး နှင့် အိန္ဒိယနိုင်ငံမှ Tanjiliong ကုမ္ပဏီ တို့ ပါဝင်သည်ဟု သိရသည်။
ကျောက်ဖြု မြို့နယ်၌ တည်ဆောက်နေသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ရေနံသိုလှောင်ရုံ၊ ဓာတ်ငွေ့သန့်စင် စက်ရုံ စီမံကိန်းများအား တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း(China National Petroleum Corporation-CNPC) ကုမ္ပဏီနှင့် တရုတ် ကုမ္ပဏီများ၊ ကိုရီးယား ဒေဝူး ကုမ္ပဏီ၊ ဟွန်ဒိုင်း စသည်တို့ က ၂၀၁၀ ပြည့်နှစ်မှ စ၍ တည်ဆောက်နေကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ မြန်မာ့ရွှေသဖူ(MGC)၊ သန္တာနဂါး၊ 7-Star, PSC, Myint and Association ၊ ပါရမီ စသည့် ပြည် တွင်း ကုမ္ပဏီများက တည်ဆောက်ရေးများ လုပ်ဆောင်နေကြပြီး ပါရမီ ကုမ္ပဏီတွင် လက်ရှိ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ ဝန်ကြီး ဟောင်း ဦးလွန်းသီ တို့၏ သားသမီးများ ပါဝင်နေကြောင်း ကျောက်ဖြူ မြို့ခံများက ပြောသည်။
စီမံကိန်းများကြောင့် ဒေသခံများ အခက်အခဲ ဒုက္ခ မျိုးစုံကြုံနေသည်ကို ဒေသ အာဏာပိုင်များ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ကိုယ်စားလှယ်များမှတဆင့် လွှတ်တော်သို့ တင်ပြ တိုင်ကြား ထား သော်လည်း ထိရောက်မှု မရှိသေးကြောင်း သိရသည်။