Politics

ကိုမွန်းအောင်နဲ့ ပြန်ဆုံတဲ့ အော်စလို နွေဦး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကိုမွန်းအောင်နဲ့ မတွေ့တာ ၈ နှစ် ရှိပြီ။ ၂၀၀၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံတုန်းက ဘန်ကောက် နိုင်ငံခြား သတင်းထောက် ကလပ်မှာ တီးဆိုပွဲနောက်ပိုင်း သူ နော်ဝေအပြီး ပြန်သွားကတည်းက မဆုံဖြစ်တော့တာ။

အခု ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆုသွားယူတဲ့ သတင်းရေးရမှာကို အကြောင်းပြုပြီး အော်စလိုရောက်တော့ ကျနော် သူနဲ့ ပြန်တွေ့ဖြစ်ခဲ့တယ်။

ဇွန်လ ၁၅ ရက် သောကြာနေ့ ညနေ ၄ နာရီ ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ကို မရောက်ခင် ကတည်းက နိုဘဲလ်ဆုရှင်တွေ တည်းခိုလေ့ရှိတဲ့ အော်စလိုမြို့လယ်က ဂရန်းဟိုတယ် ရှေ့မှာ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီနဲ့ အမေရိကား ကတောင် လာကြတဲ့ မြန်မာတွေ အိုးစည်ဗုံမောင်းတွေနဲ့ ကခုန်စောင့်ကြိုနေကြပြီ။ ဆယ်စုနှစ် တခုလောက် ကွဲသွားခဲ့ရတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေလည်း တွေ့ရလို့ ဝမ်းသာပါရဲ့။

ဟိုတယ်ရှေ့ လမ်းတဘက်ခြမ်းမှာ ရိုးရာတိုင်းရင်းသားဝတ်စုံတွေ အစီအရီ ဝတ်ဆင်ထားတဲ့ မြန်မာတွေနဲ့ အော်စလိုသားတွေ ရောနေတဲ့ လူအုပ်ကို လှည့်ပတ် ဓာတ်ပုံရိုက်အပြီး နော်ဝေ ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲပြီး ကျင်းပမယ့် သတင်းစာ ရှင်းလင်းပွဲကို အချိန်မီအောင် ကျနော် ထွက်ခဲ့ရတယ်။

လုံခြုံရေး အဆင့်ဆင့်ဖြတ်ပြီး နော်ဝေဝန်ကြီးချုပ် အိမ်ထဲက သတင်းစာ ရှင်းလင်းပွဲ ခန်းမကိုရောက်ပြီး မကြာမီ ညနေ ၆ နာရီခွဲ ကျတော့ အစီအစဉ်အတိုင်း နော်ဝေ – မြန်မာ ဆက်ဆံရေး ပေါ်လစီကို ထင်ဟပ်တဲ့ နော်ဝေ ဝန်ကြီးချုပ်ရဲ့ ပြောစကား၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုနဲ့ ဥရောပ ခရီးစဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို သတ်မှတ်ထားတဲ့ အချိန်တိုအတွင်း အတူတူ ထွက်ရှင်းတာကို သတင်းယူတယ်။ ကိုဇေယျာသော်ကို နိုင်ငံတကာ သတင်းထောက်တွေနဲ့ နော်ဝေ အစိုးရ အရာရှိတွေ အကြား အပြင်မှာ ပထမဆုံးအကြိမ် မြင်ဖူးသွားတယ်။

အချိန်ကိုက် ပြန်ထွက်ကြရတာမို့ ကျနော်လည်း ဂရန်း ဟိုတယ်ရှေ့ ပြန်မလို့လုပ်တုန်း ဧရာဝတီ အတွက် သတင်း တွဲပို့နေတဲ့ ကိုညို ဆီက ဖုန်းဝင်လာတယ်။ “ဟေ့လူ … မြန်မြန်လာဗျ။ ဟိုတယ်ရှေ့မှာ ကိုမွန်းအောင်တို့ အလံတွေထူပြီး သီချင်းတွေ ဆိုနေကြပြီ” တဲ့။

ရောက်သွားတော့ တကယ်ပဲ သီချင်းတွေ ဆိုနေ တီးနေကြပြီ။ ကိုမွန်းအောင်ရယ်၊ နေဝင်းဌေးရယ်၊ ကျနော်တို့ မဲဆောက်မှာ နှစ်အတော်ကြာ တွဲပြီး အတူနေဖူးသူတွေ ဂစ်တာတွေ တီးပြီး သီချင်းတွေ ဆိုနေပြီ။ မှတ်မိသလောက် ငြိမ်းချမ်းရေး တိုက်ပွဲ စီးရီးထဲက ဒေါင်းတမာန်၊ စာချောက်ရုပ်၊ လူငယ်ခြေကျ၊ အမှောင်လွှမ်းတဲ့ ကမ္ဘာကြီး၊ အရေးကြီးပြီ စတဲ့ သီချင်းတွေအပြင် ဝတ်မှုန်၊ ရိုးရိုးလေး၊ အတ္တဖြုတ်ကြ စတဲ့ သီချင်းဟောင်းတွေကို အပြတ်ဟဲနေကြတော့ သတင်းထောက်လည်း သတင်းမလိုက်နိုင်တော့၊ သီချင်းတွေကြား မျောသွား။

“ငြိမ်းချမ်းရေး ဂျိုးငှက်ငယ်ရယ် အတောင်ဖြန့်လို့ … ဝေဟင်မှာ ဝဲလို့တေးသီရင်း…” “ငြိမ်းချမ်းရေး …လမ်းခင်းပေး… ပူလောင်တဲ့ အတွေးများ … ငြိမ်းသတ်ခဲ့ကြ … ”

အော်စလိုမှာ နွေပေါက်ပြီဖြစ်လို့ နေက ည ၁၁ နာရီလောက်မှဝင် မနက် ၄ နာရီလောက်မှ ပြန်ထွက်တော့ ညက လင်း နေတယ်။ ဟိုတယ်ရှေ့မှာ လူအုပ်က ကွဲသွားပေမယ့် ခွပ်ဒေါင်းအလံတွေ ထောင်ပြီး သီချင်းဆိုနေသူတွေက မပြန်နိုင်သေး။

ရန်ကုန်က ရောက်လာတဲ့ ကိုမင်းထင်ကိုကိုကြီး၊ မမြတ်တို့လည်း သီချင်းတွေ ခဏ လာနားထောင် သွားသေးတယ်။ ဖြတ်သွား ဖြတ်လာ အော်စလိုသားတွေ ကလည်း လက်မ ထောင်သွားကြ၊ လက်ခုပ်တွေ တီးသွားကြတယ်။ ၁၁ နာရီဝန်းကျင် နည်းနည်း မှောင်လာတော့ ဘုရင်နဲ့ ညစာစားပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ တချို့နဲ့ နော်ဝေသားတချို့က ဟိုတယ် ရှေ့မှာ သွားစောင့်ကြပြန်တယ်။

“ငါတို့ဆိုနေတာ သူကြားချင်မှ ကြားမယ်။ တွေ့ရတာ၊ မတွေ့ရတာ ကိစ္စမရှိဘူး။ ကိုယ့်အနေနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လာဂုဏ်ပြုတာပဲ” လို့ ကိုမွန်းအောင်က သူ့ဝသီအတိုင်း တုံးတိတိပြောတော့ ဟိုအရင် တီးခတ်ခဲ့ဖူးတဲ့ သူ့ပွဲတွေကို ပြန်သတိရမိတယ်။

သူဆိုချင်မှ၊ သူ့ရင်ထဲက နှစ်နှစ်ကာကာ ဆိုချင်လာမှ သူဆိုတယ်။ နာမည်ကျော်ကြားဖို့၊ ငွေကြေးရဖို့ ဘယ်တော့မှ မစဉ်းစား။ သူ့ယုံကြည်ချက်၊ သူ့ခံယူချက်တွေအတွက် နယ်စပ် တောင်တန်းတွေတလွှား ဂစ်တာတလုံးထမ်း သီချင်းတွေ ဆိုခဲ့တယ်။

အခုလည်း ငြိမ်းချမ်းလုံခြုံတဲ့ နော်ဝေနိုင်ငံရဲ့ အေးချမ်းတဲ့ အော်စလိုမြို့လယ် ပါလီမန်ရှေ့ လွတ်လပ်တဲ့ မိုးကောင်းကင်ကြီး အောက်က မြက်ခင်းပြင်ပေါ်မှာ သူ သီချင်းတွေဆိုတယ်။ အဲဒီညက မိုးကြီးချုပ်လို့ နောက်ဆုံးရထားမီဖို့ ည ၁၂ နာရီ ထိုးခါနီးမှ လမ်းခွဲခဲ့တယ်။ နောက်နေ့တွေမှာ ဆက်တိုက် သတင်းပို့စရာတွေ ကလည်း ရှိသေးတယ်။ ဇွန် ၁၆ နိုဘဲလ်ဆုပေးပွဲကနေ ဘာဂန်မြို့ ရက်ဖ်တိုဆုပေးပွဲ ဇွန် ၁၇ အထိ။

ပွဲတွေပြီးလို့ ဘာဂန်ကနေတဆင့် နော်ဝေမိတ်ဆွေက သူ့ဇာတိ အလည်ခေါ်တော့ စတာဗားငါး ဆိုတဲ့ နောက်ထပ် ပင်လယ် ဆိပ်ကမ်းမြို့ တမြို့ဆီ လိုက်သွားတုန်း ဖုန်းမက်ဆေ့ချ် ဝင်လာတယ်။ “ကိုယ်တို့ မင်းမပြန်ခင် ညစာစားဖို့ ဖိတ်ချင်လို့၊ ကိုမွန်းအောင်” တဲ့။

နောက် ဆက်တိုက် ကိုမွန်းအောင်ရဲ့ ဇနီး မဆွေဆွေကပါ ချိန်းထားတာ မပျက်စေချင်ကြောင်း ကိုယ်တိုင် ဖုန်းဆက်လာလို့ ဝမ်းသာရတယ်။ ဂရန်းဟိုတယ်ရှေ့မှာ မဆွေဆွေကိုပါ ဆုံခဲ့ရပေမယ့် သေချာစကား မပြောဖြစ်ခဲ့ကြ။ အခုလို ထပ်တွေ့ရမယ် ဆိုတော့ ပြောစရာစကားတွေရော၊ မေးစရာတွေပါ ရှိလာတော့တယ်။ ကိုမွန်းအောင်နဲ့ ညီရင်း အစ်ကိုတွေလို နေထိုင် ချစ်ခင်ဖူးသူ တယောက်အနေနဲ့ရော၊ သတင်းထောက်တဦး အနေနဲ့ပါပေါ့။

ကိုမွန်းအောင်နဲ့ မတွေ့ခင် လာလည်ဖို့ ခေါ်ထားကြတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က မိတ်ဆွေတွေကို နှုတ်ဆက်ချင် တာနဲ့ မြို့လယ်နဲ့ သိပ်မဝေးတဲ့ DVB ရုံးကို အရင်ရောက်သွားတယ်။ ဘာဂန်ပွဲမှာ ခဏပဲ တွေ့လိုက်နိုင်တဲ့ DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်၊ မဲဆောက်ကတည်းက ကွဲသွားခဲ့တဲ့ ကိုနေဇော်နိုင်၊ မသေလို့ ပြန်တွေ့ရတဲ့ ကိုဖေသက်နီ၊ အခုမှ လူချင်းဆုံရတဲ့ ကိုပက်စကယ်ကူးသွေတို့ အပါအဝင် ရုံးသူ ရုံးသားတွေနဲ့ အဖွဲ့ သိပ်မကျလိုက်ရ။ ဂရန်းဟိုတယ်ရှေ့ ရောက်နေပြီလို့ ကိုမွန်းအောင်ဆီက ဖုန်းဝင်လာတော့ ကသုတ်ကရက် ထွက်လာခဲ့ရတယ်။

ဟိုနေ့က သီချင်းတွေ ဆိုနေတဲ့ နေရာမှာပဲ ကိုမွန်းအောင်နဲ့ မဆွေဆွေတို့ကို တွေ့ပါတယ်။ ဆိုင်တဆိုင်မှာ အေးအေးဆေးဆေး သွားထိုင်ဖို့ ကိုမွန်းအောင်က ပြောပြီး ဦးဆောင်ခေါ်သွားတယ်။ လမ်းမတခု ဖြတ်လျှောက်တော့ ကိုယ့်တူရိယာနဲ့ကိုယ် လက်စွမ်း ပြနေတဲ့ အော်စလိုသား ဂီတသမားတွေကို တွေ့တယ်။ တနေရာမှာ ဒရမ်တီးတာကို အုံကြည့်နေကြတဲ့ လူတွေကြား တိုးပြီး ဝင်အားပေးခဲ့သေးတယ်။

လမ်းဆက်လျှောက် လာရာက ဘုရားကျောင်းကြီးတခုဆီ ဦးတည်လိုက်ပြီး ကိုမွန်းအောင်က “ဟိုတခါ ဗုံးခွဲပြီး ကလေးတွေကို ပစ်သတ်တုန်းက ဒီဘုရားကျောင်း တံခါးဝကနေ လူတွေလာပြီး ပန်းတွေချကြတာ လမ်းမကြီးတွေ ပိတ်ကုန်တဲ့အထိပဲ။ ငါတို့တောင် ပန်းလာချလိုက်သေးတယ်” ဆိုပြီး ဩဂုတ်လကျမှ စီရင်ချက်ချနိုင်မယ့် တရားခံအကြောင်း ဆက်ပြောနေတယ်။

ဘုရားကျောင်းဘေး ဖြတ်လျှောက်တဲ့အခါ မြေကွက်တခုမှာ အသည်းနှလုံးပုံ တိုင်လေးတွေ့တော့ မဆွေဆွေက သေဆုံး သွားသူတွေအတွက် အထိမ်းအမှတ်လုပ်မယ့်ဟာ၊ ဒါ ယာယီလုပ်ထားတာ ပြောလို့ ဓာတ်ပုံရိုက်လိုက်တယ်။

ဘုရားကျောင်းကိုပတ်ပြီး အနောက်ဘက်ထဲ ဝင်သွားတော့ ထီးမိုးနဲ့ စားပွဲဝိုင်းတွေ အစီအရီချထားတဲ့ ဆိုင်ကလေးကို တွေ့တယ်။ အဲဒီမှာထိုင်ရင်း စကားတွေပြောဖြစ်ကြတယ်။ စပြောတာနဲ့ နိုင်ငံရေးနဲ့ သီချင်းတွေအကြောင်းက ပြေးမလွတ်တော့။ သတင်းထောက် အလုပ်လုပ်ပြီး အင်တာဗျူးတောင်းတော့ ကိုမွန်းအောင်က ထုံးစံအတိုင်း တခြား မီဒီယာတွေလည်း ဟိုတယ်ရှေ့ သီချင်းဆိုတဲ့အကြောင်း အင်တာဗျူးတောင်းတာ မပေးဘူးလို့ငြင်းတယ်။ ကျနော်သိတယ်၊ သူက မီဒီယာရှေ့မထွက်ဘူး။ ဒါပေမယ့် ပရိသတ်တွေက ကိုမွန်းအောင် အကြောင်း သိချင်ကြတယ်လို့ ကျနော်ကပြောတော့ မဆွေဆွေက သဘော တူတယ်။ ဟုတ်တယ်လေ၊ မြန်မာပြည် ပြောင်းလဲနေပြီ။ အဝေးရောက် မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် အစိုးရက ခေါ်နေတာ ဆိုတော့ ပြည်ပရောက် အနုပညာရှင်တချို့ ပြန်သူပြန်၊ ပြန်ဖို့ ပြင်သူက ပြင်နေပြီ။ ကိုမွန်းအောင်ရော မပြန်ဘူးလား။

“အခု နိုင်ငံရေး အနေအထားက မိသားစု ပြန်ဆုံကြသလိုမျိုးလို့ ငါမမြင်ဘူး။ မင်းတို့ သတင်းတွေထဲမှာ ပါပါနေတဲ့ ကချင် ဗိုလ်မှူးချုပ် ဂွမ်မော်ဆိုတာ ငါ့သူငယ်ချင်း၊ ငါ့ ကျောင်းနေဘက် သူငယ်ချင်း။ သူတို့က စစ်တိုက်နေတယ်ကွာ။ ငါ ဘယ်လိုပြန်ရမှာလဲ။ ဘယ်လိုပုံစံနဲ့ ပြန်ရမှာလဲ” လို့ ကချင် တိုင်းရင်းသား ကိုမွန်းအောင်က ကချင်စစ်ပွဲကို ရည်ရွယ်ပြီး စပြောတယ်။

နောက် မြန်မာပြည်မှာ သီချင်းပြန်လာဆိုဖို့ ပွဲစီစဉ်သူတွေ ရှိတာကိုလည်းပြောရင်း “ငါဆိုချင်တဲ့ သီချင်းကို ပေးဆိုမှာလား။ ဟိုဟာဆို၊ ဒီဟာမဆိုနဲ့ ဆိုရင်တော့ ဘာလုပ်မှာလဲ။ ဆိုချင်တာ မဆိုရလို့ ဗမာပြည် အပြင်ထွက်ပြီး သီချင်းဆိုတာကွာ။ ကိုယ်ဆိုချင်တဲ့ သီချင်းမှ မဆိုရရင်တော့ မဆိုတော့ဘူး” လို့ သူ့ဝသီအတိုင်း ခပ်တင်းတင်း ဆိုတယ်။

၁၉၈၈ ဒီမိုကရေစီအရေး လူထုအုံကြွမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းလို့ ထောင်သောင်းချီတဲ့ ကျောင်းသား လူငယ်တွေ ထိုင်း-မြန်မာ နယ်စပ် ထွက်လာတော့ သူတို့အထဲမှာ သူတို့ လေးစားချစ်ခင်ရတဲ့ နိုင်ငံကျော် အနုပညာရှင်တွေ ပါလာခဲ့တယ်။ ဒီအထဲမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကိုထူးအိမ်သင်နဲ့ အခု နော်ဝေရောက် ကိုမွန်းအောင်ရယ်က အထင်ရှားဆုံး။

ကိုထူးအိမ်သင်က နယ်စပ်မှာ သိပ်မကြာလိုက်ဘဲ အိမ်ပြန်သွားခဲ့ပြီး ကိုမွန်းအောင်ကတော့ “ငြိမ်းချမ်းရေးတိုက်ပွဲ” သီချင်းခွေကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ အသံသွင်းတယ်။ အဲဒီစီးရီးထဲက “အရေးကြီးပြီ” ဆိုတဲ့ စစ်ချီတေးက ကိုထူးအိမ်သင် သောင်ရင်းမြစ်ဘေး ရေးသွားခဲ့တာ။ နောက် DVB အလုပ်နဲ့ ကိုမွန်းအောင် နော်ဝေရောက်ပြီး “လွတ်မြောက်ရာလမ်း” သီချင်းခွေကို ရှစ်ဆယ့်ရှစ် ၁၀ နှစ်ပြည့် အထိမ်းအမှတ် ထပ်လုပ်တယ်။

“ဟိုး စထွက်လာကတည်းက ဗမာပြည်မှာ သီချင်းပြန်ဆိုမယ်ဆိုတဲ့ ဆန္ဒကရှိပြီးသား။ ဒါပေမယ့် ဒီနေ့ထိ အဲဒါက မဖြစ်နိုင် သေးဘူး” လို့ ကိုမွန်းအောင်က စကားပြန်ဆက်တယ်။

“ခုနက ပြောသလိုပေါ့၊ ဟိုသီချင်း ဆိုလို့ရတယ်၊ ဒီသီချင်းတော့ မဆိုနဲ့ဆိုတာ ဘယ်နိုင်ငံမှာမှ လာမလုပ်ဘူးကွာ။ မင်းဘာသာမင်း ကြိုက်တာတီး၊ ကြိုက်တာဆို ပရိသတ်လက်ခံရင် ပြီးတာပဲ။ ဆိုလိုတာက လွတ်လပ်မှု ရှိရမယ်။ ငါတို့ တိုက်ပွဲဝင်ခဲ့တာက ဒီလွတ်လပ်ခြင်း အတွက်ပဲကွာ” လို့ပြောပြီး ခဏရပ်လိုက်သလိုနဲ့ ချက်ခြင်းပဲ ဆက်ပြီး “ဆိုမယ် ဆိုရင်တော့လည်း နိုင်ငံရေးသီချင်းတွေချည်း ဆိုမယ်ရယ်လို့ မဟုတ်ပါဘူး။ ပရိသတ်လည်း ကြိုက်၊ ကိုယ်လည်း ကြိုက်လို့ ဆိုပြချင်တဲ့ သီချင်းဟောင်းတွေ ရှိပါတယ်။ အဓိကကွာ ကိုယ်ဆိုချင်တဲ့ သီချင်း ကိုယ်ဆိုလို့ရရမယ်။ ဒါ အနုပညာ အလုပ်ကွာ။ အနုပညာ သမားကို ဟိုဟာလုပ်၊ ဒီဟာလုပ်ဆိုရင် ဒါ ကန့်သတ်တာပဲ၊ ဖန်တီးမှုအတွက် အနှောင့်အယှက်ပဲ။ လွတ်လပ်စွာ ဖန်တီး ထုတ်ဖော်ခွင့်တို့၊ လူ့အခွင့်အရေးတို့ မရှိဘဲနဲ့ ချုပ်ခြယ်ထားတဲ့ အောက်မှာ သီချင်းမဆိုချင်ဘူး” လို့ မနားတမ်း ပြောချလိုက်တယ်။

ဂရန်းဟိုတယ်ရှေ့ သီချင်းတွေ နှစ်ညဆက်တိုက် ဆိုတဲ့အချိန်မှာ ငယ်မူငယ်သွေးတွေနဲ့ အင်းလျားဆောင်ရှေ့ ဆိုသလိုမျိုး ဖြစ်နေတော့ အသက် ၅၂ နှစ် ရှိနေပြီဖြစ်တဲ့ ကိုမွန်းအောင်ကို ဘာတွေက ခွန်အားဖြစ်စေတာလဲလို့ ကျနော်က မေးလိုက်တယ်။

သူက “ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်အတွက် သီချင်းဆိုရတာ မြင့်မြတ်တဲ့ အလုပ်လို့ ထင်တယ်” တဲ့။ တေးရေးဆရာ ကိုနေဝင်းရဲ့ “ငါသည် မြင့်မြတ်သောအကျင့်ကို ကျင့်၍ မြေမှာရပ်၍နေ၏” ဆိုတဲ့ သီချင်းစာသားကို ပြေးသတိရမိသေး။

တဆက်တည်း ကိုမွန်းအောင်ရဲ့ ဂီတဆရာတဦးဖြစ်တဲ့ မဇ္ဈိမလှိုင်း ကိုရဲလွင်တို့လည်း ကချင်ပြည် ငြိမ်းချမ်းရေး အတွက် “ပန်းရဲ့လမ်း” ဂီတလှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတဲ့ဆီ စိတ်ကရောက်နေတုန်း မဆွေဆွေဆီ ဖုန်းဝင်လာတယ်။အိမ်မှာ ကျန်ရစ်ခဲ့တဲ့ သူတို့သမီးဆီကတဲ့။ အခု ၁၅ နှစ် ရှိနေပြီဖြစ်တဲ့ သမီးငယ်ရဲ့ ဓာတ်ပုံကို ကိုမွန်းအောင်က ထုတ်ပြတယ်။

နောက် အိမ်က သူ့သမီးအတွက်လည်း ဝယ်၊ ကျနော်တို့တတွေလည်း စားဖို့ တရုတ်ထမင်းဆိုင် တဆိုင်ဆီ ဆက်ချီတက်ကြဖို့ စီစဉ်ကြတယ်။ သွားမယ့်ဆိုင်က ကိုမွန်းအောင်နဲ့ မဆွေဆွေ မိသားစုဘဝအစ နှစ်ပြည့် အထိမ်းအမှတ်နဲ့ သူတို့ နှစ်ယောက် သွားထိုင်ဖူးတဲ့ ဆိုင်တဲ့။ ဘုရားကျောင်းနောက်က ထထွက်တော့ ည ၉ နာရီ။ အော်စလို နွေညထဲ နေကညိုလို့ ကောင်းတုန်း။

တည်းခိုရာအိမ်ကို မြို့တွင်းဆွဲ အပေါ့စား ဓာတ်ရထား နံပါတ် ၁၃ ပဲ စီးပြန်ရမှာမို့ စားသောက်ဆိုင် အသွားမှာ အော်စလိုနဲ့ သူစိမ်း ကျနော့်အတွက် အဆင်ပြေတယ်။ လေးငါး ဘူတာစီး၊ ရထားပေါ်ကဆင်းပြီး ပန်းခြံတခုကိုဖြတ်၊ တိုက်တွေကြား ဖြတ်လျှောက်တော့ ဗိသုကာ လက်ရာတွေက ရန်ကုန် ကိုလိုနီခေတ် အဆောက်အဦတွေနဲ့ ဆင်တယ်လို့ ပြောမိလို့ မဆွေဆွေက ကျနော့်ကို ရန်ကုန်သားလားတဲ့။

ကျနော်က သူတို့သမီးအရွယ် လူပျိုပေါက်ဖြစ်တော့ ကိုမွန်းအောင်ရဲ့ ၈/ ၈၂ အင်းလျား စီးရီးစထွက်၊ နောက်နှစ်တွေ ဆက်တိုက် မိုးလုံးမှိုင်း၊ စိဉ္ဖမာဏဉာဏ်၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စီးရီးတွေထွက်တော့ သီချင်းတိုင်းလိုလိုက ကျနော့်လို ရန်ကုန်သား တက္ကသိုလ်ကျောင်းသားတွေ ပါးစပ်ဖျား စွဲလမ်းစေတာ၊ ကံ့ကော်တန်း၊ သစ်ပုပ်ပင်၊ အင်းလျား၊ မာလာ၊ သီရိ၊ ရတနာမြိုင် သံပြိုင်တင့်ဆန်း ပွင့်ဝေခဲ့တဲ့ နေ့ရက်တွေ၊ နောက် ၈၈ မှာ သွေးမုန်တိုင်း တိုက်တော့ ကျနော်တို့တတွေ နယ်စပ် တောင်တန်းတွေပေါ် ရောက်၊ ကိုမွန်းအောင်နဲ့ ဘုရားသုံးဆူမှာ စတွေ့၊ မိုးမခပင်တွေ တို့သက်သေတည်ခဲ့ကြ၊ ရှေးဟောင်း နှောင်းဖြစ်တွေက တခြား နော်ဝေတွေ ထိုင်တဲ့ဆိုင်မှာဆို တိုးတိုးသက်သာ ပြောရမှာ၊ အခုတော့ တရုတ်ဆိုင်လေးထဲမှာ ကျနော်တို့ စကားသံတွေက အုံကျင်းလို့။

ကိုမွန်းအောင် ၂၀၀၄ AIDS ညီလာခံ ဘန်ကောက်ပွဲအပြီး နော်ဝေပြန်၊ နောက် မဆွေဆွေနဲ့  တွေ့၊ မိသားစုဘဝ နှစ်ဦးသဘောတူတည်ထောင်ဖြစ်ခဲ့ပြီး  ချစ်ခင်နွေးထွေးတဲ့ အိမ်ထောင်စုတွင်း ဆက်ဆံရေးတွေကို ကိုမွန်းအောင်ရော မဆွေဆွေကပါ ကျနော့်ကို ပြောပြတယ်။

DVB ကနေ အလုပ်ထွက်၊ နော်ဝေနိုင်ငံသား ခံယူပြီး အလုပ်စလုပ်ရတဲ့ မူလတန်းကျောင်းမှာပဲ ကျောင်းဆရာ ဆက်လုပ်ဖြစ် နေတဲ့ ကိုမွန်းအောင်က ကလေးငယ်တွေကို နော်ဝေနိုင်ငံက ဘယ်လို ပြုစုစောင့်ရှောက် ပျိုးထောင်တယ်ဆိုတာ လက်တွေ့ နေ့စဉ် တွေ့ကြုံရတဲ့ သူ့အလုပ်ကိုလည်း အသားကျ ပျော်ပိုက်နေပုံပါပဲ။

သူ့ထုံးစံ တည့်တိုးကြီးပဲ “ငါ့အဖေက ငါ့ကို ကောင်းစေချင်လို့ ရိုက်တယ်ကွာ၊ ဒါပေမယ့် ငါကောင်းမလာဘူး” လို့ ငယ်ဘဝ ကိုလည်း လွမ်းလွမ်းဆွေးဆွေး ဖွင့်ပြောပါတယ်။ ကိုမွန်းအောင် အဖေက မြစ်ကြီးနားမှာ တချိန်က နာမည်ကြီးခဲ့တဲ့ အထက်တန်း ကျောင်းဆရာကြီး၊ အင်္ဂလိပ်စာပြ ကောင်းတာနဲ့ စည်းကမ်းကြီးတာကြောင့် ကျောင်းသားမိဘတွေက လေးစားတယ်။ သူ့အမေဆုံးတော့ ကိုမွန်းအောင်က အိမ်နဲ့ အဝေးမှာ ရောက်နေခဲ့ပေမယ့်  အဖေအိုကတော့ သားပြန်လာမှာကို အခုထိ စောင့်တုန်း။

ညမှောင်လာပြီး သန်းခေါင်ယံ ရထားတွေ အမိဖမ်းဖို့ စကားရှိန် ဖြတ်ကြရတယ်။ ကျနော်က နော်ဝေလို ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုဖူလုံရေး အပြည့်ပေးပြီး လူလူချင်း၊ ကလေးကိုက အစ တန်းတူ အခွင့်အရေး လေးစား တန်ဖိုးထားတဲ့၊ ချမ်းသာပြီး မြန်မာဒုက္ခသည် ၄ ထောင်လောက် အပါအဝင် ဘာသာခြား၊ နိုင်ငံခြားသား ဒုက္ခသည်တွေကိုပါ နိုင်ငံရေး ခိုလှုံခွင့်ပေးပြီး နိုင်ငံသား ဖြစ်ပိုင်ခွင့်ပါ ပေးထားတဲ့၊ စေတနာကြီးတဲ့ နိုင်ငံက မီးရှားရေရှား အင်တာနက်ရှားတဲ့ မြန်မာပြည် ပြန်နေဖို့ဆိုတာ အတော် ဒုက္ခများမယ်လို့ အရွှန်းဖောက်လိုက်တယ်။

ကိုမွန်းအောင်က ခပ်တည်တည်နဲ့ ချက်ခြင်း “မဟုတ်ဘူး … မဟုတ်ဘူး” လို့ ငြင်းပြီး “အဲဒါတွေ မရှိလည်း နေလာခဲ့တာ၊ အဓိကကကွာ အချိန်မတော် လာခြိမ်းခြောက်တာတွေ မရှိဖို့၊ အိပ်ရေးဝဝ အိပ်ရတဲ့ညတွေ ရှိလာဖို့၊ ဟိုလူ့ကြောက်ရ ဒီလူ့ ကြောက်ရတာတွေ မရှိတော့ဖို့၊ လူတွေရဲ့ ဘဝတွေ လုံလုံခြုံခြုံ အေးအေးချမ်းချမ်း နေနိုင်ဖို့က အရေးကြီးတယ်” လို့ ပြောပြီး ရပ်သွားတယ်။ သူ့အတွေးတွေ သူ့ဇာတိ ကချင်မြေ မြစ်ကြီးနားဆီကို ရောက်နေမလား၊ သူ့ရဲ့ ရီဝေနေတဲ့ မျက်ဝန်းတွေက ကျနော့်ကို စိုက်ကြည့်နေရာက အဝေးတနေရာဆီ လွှဲသွားတယ်။

အိမ်အပြန် လမ်းမခွဲခင် အယ်လ်ဘမ်အသစ် ထပ်လုပ်ဖို့အကြောင်း မေးတော့ ဖြည်းဖြည်းချင်း လုပ်မယ့်သဘော ကိုမွန်းအောင် ကပြောတယ်။ ကျနော်သိတယ်၊ သူ တကယ်လုပ်ပြီဆို သေသေချာချာ သီချင်းရွေးတာက အစ ဂီတပညာရှင် ရွေးတာ အလယ် အသံသွင်းစနစ် အဆုံး အရည်အသွေး ပြည့်အောင် စိတ်ကြိုက်လုပ်တယ်။ ကျနော်က သူ စနာမည်ကြီးတဲ့ ၈/ ၈၂ အင်းလျားကို နော်ဝေ ဂျပ်ဇ်ဂီတ သမားတွေနဲ့ ဟန်သစ် စတိုင်သစ် ပြန်ဆိုထားတာမျိုးလို၊ သီချင်းအဟောင်းထဲက အကောင်းစား တွေကိုလည်း ပြန်ဆိုဖို့ တိုက်တွန်းခဲ့တယ်။

အိမ်အပြန် လမ်းခွဲကြတော့ မမျှော်လင့်ထားတဲ့ အမှတ်တရ တခုက ဖန်လာသေးတယ်။ ဓာတ်ရထား ၁၃ ပေါ် တက်ပြီး နေရာရလို့ သိပ်မကြာခင် ကိုမွန်းအောင်က ရထားနောက်ဆုံးတွဲ ခုံတခုံမှာ ထိုင်နေတဲ့ နော်ဝေအမျိုးသမီးကြီး တဦးကို ပြရင်း “ခမီလာ အမေကြီးကွ” တဲ့။ ကိုမွန်းအောင်နဲ့ မဆွေဆွေတို့ နှစ်ယောက်စလုံးနဲ့ ခင်မင်ယုံမက ကျနော်နဲ့လည်း သိဖူးသူ၊ ၂၀၀၁ ခုနှစ် တုန်းက ထိုင်းနယ်စပ် မဲဆောက်မြို့ကို သူလာလည်တုန်းက မြင်တွေ့ ခင်မင်ဖူးလို့ ရုတ်တရက်ကြီး ပြန်တွေ့ လိုက်ရတော့ အံ့ဩနေခဲ့တယ်။ အော်စလိုမြို့က ကျဉ်းကျဉ်းလေး လိုလို။

သူ့ကို သုံးယောက်စလုံး သွားနှုတ်ဆက်တယ်။ နော်ဝေစကားနဲ့ သူ စပြောတယ်။ သဘော မပေါက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အကြောင်းကတော့ ပါတာ သေချာတယ်။ နောက် အင်္ဂလိပ်လို ပြောင်းပြောတော့ ကျနော့်ကိုလည်း မှတ်မိသွားတယ်။ ကျနော် သတင်းလာယူကြောင်း၊ မနက်ဖြန် ပြန်မှာမို့လို့ ကိုမွန်းအောင်တို့နဲ့ လာတွေ့ကြောင်း၊ အခုလိုတွေ့ရတာ ဝမ်းသာအံ့ဩကြောင်း ပြောနေတုန်း သူတို့ သုံးယောက်စလုံး ဆင်းရမယ့် မှတ်တိုင် ရောက်လာတာမို့ ခပ်သုတ်သုတ် နှုတ်ဆက်ပြီး အတူတူပဲ ဆင်းသွားကြတယ်။ အပြန်လမ်းက ကျနော်တယောက်တည်း။ ရထား ဆက်ထွက်ခဲ့တယ်။

နောက်တနေ့ မနက် လေယာဉ်ကွင်း မဆင်းခင် ကျနော့်မိတ်ဆွေ အငြိမ်းစား နော်ဝေကောင်စစ်ဝန်ရဲ့ ဇနီးက နှုတ်ဆက်ရာမှာ ချစ်စရာ့ နော်ဝေဆန်တဲ့ နှုတ်ဆက်စကားကို ပြောတယ်။ မင်း ညကျ ပြန်လာမှာပါ တဲ့။ အမှန်ပဲ၊ ကျနော့် ခန္ဓာကိုယ်ကသာ နော်ဝေက ပြန်ထွက်လာတယ်။ စိတ်က တော်ရုံနဲ့ လူကို ပြန်မကပ်ဘူး။ နော်ဝေရဲ့ ဟိတ်ဟန်မရှိဘဲ ရိုးသားတာ၊ နိုင်ငံက အေးပေမယ့် နှလုံးသားတွေက နွေးထွေးပျူငှာကြတာတွေက ၁၀ ရက်ပဲ ခဏတာ ရောက်ခဲ့ပေမယ့် ပုံရိပ်တွေ အတွေးမှာ တဝဲလည်လည်။ အထူးသဖြင့် ကိုမွန်းအောင်နဲ့ ပြန်ဆုံခဲ့ရတဲ့ အော်စလို နွေဦးညတွေက လွမ်းမကုန်တော့။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading