အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အနေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ပတ်သက်ပြီး အဓိကထားပြောမယ့် မိန့်ခွန်းတရပ်ကို မကြာခင် ပြောဖို့ရှိတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ အကြီးတန်း အရာရှိတဦး အဆိုအရ သိရပါတယ်။
မွန်ဂိုလီယားနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆွေးနွေးပွဲမှာ ဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်ရဲ့ စံတန်ဘိုးတွေနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတခု ပြောမှာဖြစ်ပြီး ဒီမိန့်ခွန်းကို အဓိက ပုံဖော်ပြောမှာကတော့ မကြာသေးခင်က မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုတွေ အကြောင်း ဖြစ်မှာပါလို့ အဲဒီ အရာရှိက ဂျပန်နိုင်ငံ တိုကျိုကနေ မွန်ဂိုလီယား နိုင်ငံကို သွားတဲ့ ခရီးစဉ်အတွင်း အထူးသတင်း အကျဉ်းချုပ် တင်ပြချက်မှာ ဆိုပါတယ်။
ကလင်တန်က အမေရိကန်အနေနဲ့ မြန်မာအပေါ် ချမှတ်အရေးယူထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု တွေကို ဘယ်လို ဖြေလျှော့ဖို့ အစီအစဉ်တွေ ရှိတဲ့အကြောင်း၊ စီးပွားရေး ပွင့်လင်းလာမယ့် အရိပ်အယောင်တွေ မြင်နေရတဲ့ မြန်မာနိုင်ငံမှာ ဘယ်လို ပူးပေါင်းဆောင်ရွက် သွားကြမယ် ဆိုတဲ့အကြောင်းနဲ့ ရင်းနှီးမြှုပ်နှံဖို့ စိတ်အား ထက်သန် နေကြတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝန်းက လူတွေနဲ့ ဘယ်လို စေ့စပ် ညှိနှိုင်း သွားကြမယ် ဆိုတဲ့ အစီအစဉ်တွေကို ချပြသွားဖို့ ရှိတယ်လို့ ထိပ်တန်း အရာရှိက ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှား ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ရှုမြင်တဲ့ သဘောထားတွေကိုလည်း အမေရိကန်က ဆွေးနွေးသွားမှာဖြစ်ပြီး အာဆီယံ အဖွဲ့ထဲမှာ ပါတဲ့ နိုင်ငံတွေထဲမှာ မြန်မာကို မိတ်ဖက်နိုင်ငံ တခု အဖြစ် သဘောထားတယ်လို့ သူက ဆိုပါတယ်။
“ဒီနှစ် အာဆီယံအဖွဲ့ထဲမှာ မြန်မာကတော့ ကျနော်တို့ မိတ်ဆွေပါပဲ” လို့ သူက ပြောပါတယ်။ မြန်မာဟာ သူတို့ မိတ်ဆွေဖြစ်တယ် ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ သူက ဆိုသွားတာပါ။
လွန်ခဲ့တဲ့ ၁ နှစ်လောက်အထိ မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံ အပြန်အလှန် ဆက်ဆံမှုတွေ မရှိသလောက် ဖြစ်ခဲ့ ရာကနေ အခုတော့ အမေရိကန်က မြန်မာကို နီးနီးကပ်ကပ် ဆက်ဆံသွားတော့မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအပေါ် ပြောစရာ ရှိတယ်ဆိုပေမယ့် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် အစိုးရဟာ လွန်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ခဲ့တဲ့ လ တော်တော်များများ ကတည်းက အတော် သတိထားပြီး ကိုင်တွယ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
မြန်မာအစိုးရဘက်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်စုကြည်နဲ့ သူ့ပါတီကို ပါလီမန်မှာ ပူးပေါင်း ပါဝင်မှုပေးလာတာ၊ တိုင်းရင်းသားတွေနဲ့ တင်းမာမှုတွေ ဖြေလျှော့ဖို့ နည်းလမ်းရှာလာတာတွေကနေ၊ နောက်ဆုံး စီးပွားရေး ပွင့်လင်းမှု ဖော်ဆောင်လာတာတွေ ရှိ၊ မရှိ စတာတွေကို အမေရိကန်က သတိထား စောင့်ကြည့် ခဲ့တယ်လို့ သူ့အဆိုအရ သိရပါတယ်။
မကြာသေးခင်ကပဲ အမေရိကန် – မြန်မာ သံတမန် ဆက်ဆံရေး အပြန်အလှန် စတင် ခန့်အပ်မှုတွေနဲ့အတူ ၂ နိုင်ငံ ပုံမှန် ဆက်ဆံရေးကို ပြန်စတင်လိုက်ပြီ ဖြစ်ပါတယ်။
မဟာဗျူဟာ အရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ စံနှုန်းတွေအရပဲဖြစ်ဖြစ်၊ ပထဝီ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ ဈေးကွက်စီးပွားရေးနဲ့ အကျိုးစီးပွား အရပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုအတွက် အလေးအနက်ထားတယ် ဆိုတာ ဒီအရာရှိရဲ့ စကားအရ ပေါ် လွင်ထင်ရှား နေပါတယ်။
အခုဆိုရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ကဏ္ဍတိုင်းမှာ မြန်မာနဲ့ အတူ ပူးပေါင်းဆောင်ရွက် တော့မယ့် လက္ခဏာ တွေ မြင်နေရပါပြီ။ အထူးသဖြင့်တော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ထိပ်တန်း အမေရိကန် ကုမ္ပဏီပေါင်း ၁၀၀၀ လောက်က လုပ်ငန်းရှင်တွေ နဲ့လည်း အမေရိကန် အစိုးရက ဆွေးနွေးမှုတွေ ရှိလာတဲ့အကြောင်း သူက ဆက်ပြော ပါတယ်။
မကြာတော့မယ့် အချိန်မှာ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ အဆင့်မြင့် အရာရှိ ၂ ဦး မြန်မာနိုင်ငံ ကို သွားရောက် ပါတော့မယ်။
အမေရိကန် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Robert Hormats နှင့် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Francisco Sanchez တို့ ၂ ဦးဟာ လာမယ့် စနေ၊ တနင်္ဂနွေမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
အခုလို သွားရောက် တာကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေထဲက စီးပွားရေးမြှင့်တင်ရေး ကိစ္စတွေကို ကူညီ ထောက်ပံ့ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် နောက်ပိုင်း အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ ပိုမို နွေးထွေးလာခဲ့ ပေမယ့် အမေရိကန်တွေ စံထားတဲ့ လူ့အခွင့်အရေး အခြေအနေ၊ ဒီမိုကရေစီ အရေး ပွင့်လင်းမှုတွေနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံ အနေနဲ့ ဘယ်လောက်ထိ အာမခံ နိုင်မှု ရှိ၊ မရှိ ဆိုတာကို မေးခွန်းထုတ်နေရဆဲ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောဆို နေကြပါတယ်။