ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာဘုန်းတော်ကြီးများ အဆက်ဆက် ကျောင်းထိုင်ခဲ့သည့် ဝပ် ဆိုင်မွန်း မြန်မာ ဘုန်းကြီး ကျောင်းကို ထိုင်းသံဃာတော် ကျောင်းထိုင် ထားရှိရန် ထိုင်း သာသနာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက စီစဉ်နေကြသည်။

ဝပ် ဆိုင်မွန်း ကျောင်း၌ ဆရာတော် ဦးဝရဓမ္မ သည် ပထမဆုံး ကျောင်းထိုင်၍ ဦးဂန္ဓမာလာ၊ ဦးဘောဂဓမ္မ၊ ဦးဇိန၊ ဦးသာဒရ၊ ဦးတေဇောသိရီ၊ ဦးအာစိဏ္ဏ၊ ဦးပညာသာရ၊ ဦးဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော ဦးအာသဘ အပါအဝင် ကျောင်းထိုင် ဆရာတော် ၁၀ ဆက် သီတင်းသုံးခဲ့ကြကြောင်း ကျောင်း မှတ်တမ်း၌ ဖော်ပြထားသည်။
“ဆရာတော်ကြီး ဦးအာသဘ ဝပ်ဆိုင်မွန်း ကျောင်းမှာ သတင်းသုံးခဲ့တဲ့နှစ်က မြန်မာလို ၁၃၀၈ ခုနှစ် နယုန် လပြည့်ကျော် ၁၄ ရက် က စတင်တာလို့ သူ့ရဲ့ ထေရုပ္ပတ္တိမှာ ပါရှိပါတယ်၊ ဒါကြောင့် ဆရာတော်ကျော်ကြီးဟာ ၆၅ နှစ်လောက် ဒီကျောင်းတိုက်မှာ သီတင်း သုံး နေထိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ဝပ်ဆိုင်မွန်း ကျောင်းမှ မြန်မာ သံဃာတော် အရှင် ဝါသေဋ္ဌ ကလည်း မိန့်ဆိုသည်။
ဝပ်ဆိုင်မွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသား အများစုက ကိုးကွယ်သည့်ကျောင်း ဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းလည်း ဖြစ်သည်။
ယင်း ဝပ် ဆိုင်မွန်းတွင် မြန်မာ ကျောင်းထိုင် ဆရာတော်ကို ဆက်လက် ထားရှိရေးနှင့် ပတ်သက်၍ ဂေါပက အဖွဲ့ဝင်များ အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကျော် ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ပျံလွန်တော်မှုသွားသည့် နောက်ဆုံး ကျောင်းထိုင် ဆရာတော် ဦးအာသဘ(သက်တော် ၉၁နှစ်၊ ဝါတော် ၇၀)၏ နေရာတွင် ထိုင်း ဥပဒေ အရ ထိုင်း သံဃာတော် တပါးကို အစားထိုး ခန့်အပ်ရန် ထိုင်းသာသနာရေး ဝန်ကြီး ဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်နေခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ချင်းမိုင်မြို့မှ ဗုဒ္ဓဘာသာ အသင်း ဥက္ကဌ ကိုစိုးဝင်း က ဧရာဝတီသို့ ပြောသည်။
“ချင်းမိုင်မြို့မှာရှိတဲ့ ကျနော်တို့ရဲ့ နောက်ဆုံး ဘုန်းကြီးကျောင်း တကျောင်းလည်း ဖြစ်တယ်၊ တကယ်လို့သာ ဒီကျောင်း ဆုံးရှုံးခဲ့ မယ်ဆိုရင် ဒီမှာ နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘယ်ဘုန်းကြီးကျောင်းကို သွားကြမှာလဲ၊ အဲဒါကို စိတ်သောက ဖြစ်မိတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်း ဥပဒေအရ ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်လျက်ရှိသော မြန်မာ ကျောင်းထိုင် ဆရာတော်များ ပျံ လွန်တော်မူသွားပါက ထိုင်း သံဃာတော်များ ကျောင်းထိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၌ လန်ပန်းမြို့ရှိ မြန်မာဘုန်းကြီးကျောင်း တကျောင်းကိုသာ ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။
“ထိုင်း ပရိသတ်ကြားထဲမှာ မြန်မာ ပရိသတ်ဝင်သွားဖို့ ဆိုတာ သူတို့က နေရာပေးမှာ မဟုတ်ဘူး၊ ကိုယ့်ကျောင်းနဲ့ ကိုယ်၊ ကိုယ့် ဘုန်းကြီးနဲ့ကိုယ်က လွတ်လွတ်လပ်လပ် ကိုယ့်ဒကာ၊ ဆရာ ရင်းရင်း နှီးနှီးနဲ့ ရတယ်၊ မြန်မာ လူမှုအသိုင်းအဝိုင်း ဆိုလည်း ဖြစ်နိုင် တယ်၊ မြန်မာ လူမျိုးတွေ အားလပ်တဲ့ရက်မှာ ဘုရားသွား၊ ကျောင်းတက်လို့ ရတာပေါ့၊ အဲဒါကြောင့် ကျနော်တို့ ကာကွယ်တာပါ” ဟု ကိုစိုးဝင်းက ဆက်ပြောသည်။
ထိုင်းသံဃာတော် ကျောင်းထိုင်ရန် စီစဉ်နေသော ဝပ်ဆိုင်မွန်းကျောင်းတွင် ကျောင်းပိုင် ပစ္စည်းများအနေနှင့် တိုက်ခန်းပေါင်း ၁၆ ခန်း နှင့် ဘဏ်ထဲတွင် ဘတ်ငွေ သိန်း ၂၀ အပါအဝင် ကျောင်း၌ အသုံးပြုနေသော ကားများရှိပြီး ကျောင်း ဂေါပက ထိုင်းလူမျိုးများက ထိန်းသိမ်းထားကြောင်းလည်း ကိုစိုးဝင်းက ဆိုသည်။
ဝပ်ဆိုင်မွန်းကျောင်းသို့ လာရောက်ကိုးကွယ်သူ ဒကာတဦးဖြစ်တဲ့ ဦးကံချွန်က“ဒီနေ့ကျမှ ထိုင်းကျောင်းဖြစ်မယ် ဆိုရင်တော့ လုံး၀ လက်မခံနိုင်ပါဘူး၊ ထိုင်းနိုင်ငံ ကို ရောက်တာ ၁၀ နှစ်ကျော်သွားပြီ ဒီကျောင်းကိုပဲ လာတယ်”ဟု ပြောသည်။
ယမန်နေ့က မွန်းလွဲပိုင်း ၁ နာရီမှ စတင်၍ ၃ နာရီ ခန့် အကြာ ဝပ်ဆိုင်မွန်း ကျောင်းတိုက်ပေါ်တွင် ချင်းမိုင်မြို့နယ်အဆင့် ထိုင်း သာသနာရေး ဝန်ကြီးဌာန အကြီးအကဲများ အပါအဝင် ထိုင်းသံဃာတော်များသည် ညှိနှိုင်းခဲ့ကြရာ မြန်မာနိုင်ငံသားများ တောင်းဆိုထားသည့် ကျောင်းထိုင် ဆရာတော် ခန့်အပ်ရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြသည်။
ယာယီ ကျောင်းထိုင် ခန့်အပ်ထားသည့် ထိုင်းသံဃာတော် တပါးကိုလည်း ပြန်လည် ပင့်ဆောင်သွားပြီး ဝပ် ဆိုင်မွန်းကျောင်းမှ တာ ဝန်ရှိသူ ၅ ဦးနှင့် ထိုင်း သာသနာရေး ဝန်ကြီး အပါအဝင် ထိုင်း သံဃာတော်များနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြခြင်း ဖြစ် သည်။

မည်သည့်နေ့ရက်တွင် တွေ့ဆုံကြမည်ကို မသိရသေးသော်လည်း တွေ့ဆုံမည့်ရက် အတိအကျသတ်မှတ်ပြီးပါက တပတ်ခန့် ကြို တင် အကြောင်းကြားမည် ဖြစ်ကြောင်း ထိုင်း သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
ကျောင်းနှင့် သက်ဆိုင်သည့် ပိုင်ဆိုင်မှုကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။
ဝပ်ဆိုင်မွန်း ဘုန်းကြီးကျောင်းသို့ ယမန်နေ့က ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၅၀ နီးပါး နှင့် အချုပ်ကား ၃ စီး ရောက်ရှိလာသော်လည်း ဖမ်းဆီး အရေးယူသည့် သတင်းများထွက် ပေါ်လာခြင်း မရှိပေ။
ကိုစိုးဝင်းက“သူတို့ အုပ်ချုပ်မယ် ဆိုလည်း အုပ်ချုပ်ပါ၊ သို့သော်လည်း ဒီကျောင်းမှာမထိုင်ဖို့ လိုလားတယ်၊ အဝေးကနေ အုပ်ချုပ် ပေါ့၊ အခု လောလောဆယ် ကျနော်တို့လည်း သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကို ကြိုးစားပြီး ဆက်သွယ်နေတယ်၊ ဒီကိစ္စမှာ အောက် ခြေအဖွဲ့ အစည်းကနေပြီးတော့ ပြီးပြတ်သွားမယ် ဆိုတာလည်း မမျှော်လင့်ထားဘူး၊ ဘာပဲ ဖြစ်ဖြစ် နှစ်နိုင်ငံ အစိုးရတွေ ပူးပေါင်း လုပ်ဆောင်မှသာ အဆင်ပြေနိုင်မယ်လို့ ယူဆတယ်”ဟု ပြောဆိုသည်။
ယင်း ဝပ်ဆိုင်မွန်း ကျောင်း၌ မြန်မာ ဆရာတော် တပါး ကျောင်းထိုင်ခွင့်ရရှိရေး အတွက် ကြားဝင်ဆောင်ရွက်ပေးရန် မြန်မာ အစိုးရ နှင့် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့သို့ ပြီးခဲ့သည့် လများက နှစ်ကြိမ်ခန့် တင်ပြထားကြောင်း သိရသည်။