ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်မရှိ၍ ချုံဖော်မြို့နယ် ရဲစခန်း၌ ဖမ်းဆီးခံထားရသော အသက် ၁၈ နှစ်အောက် မြန်မာ ကလေးအလုပ်သမား ၆၀ ခန့်အနက် ၃၃ ဦးကို မိဘများက အခကြေးငွေပေး၍ ရွေးထုတ်ခဲ့ရကြောင်း သတင်းရရှိသည်။

ယခုလ ၃ ရက်နေ့က ချုံဖော်မြို့နယ် ပါနန်းငယ်ရက်ကွက်ရှိ ငမဲလုံး ငါးလုပ်ငန်း စက်ရုံရှိ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထိုင်းရဲများက တရားဝင်နေထိုင်အလုပ်လုပ်ခွင့် အထောက်အထား မရှိသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးအလုပ်သမားများ ပါဝင်နေပြီး ၃၃ ဦးကို ယခုလ ၅ ရက်နေ့တွင် မိဘများက ရွေးထုတ်ခဲ့ရခြင်းဖြစ်သည်။
“ကလေးတွေအားလုံးကို စာရွက်စာတမ်း၊ ဓာတ်ပုံတွေနဲ့ ကြားပွဲစားကတဆင့် ငွေပေးပြီး ထုတ်ခဲ့ရတယ်၊ ကျနော့်သားနဲ့ သမီးကိုတော့ တယောက်ကို ဘတ် ၄၂၀၀ (မြန်မာငွေ ကျပ် ၁ သိန်းကျော်) နှုန်းနဲ့ ပြန်ရွေးလိုက်ရတယ်” ဟု အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် သားနှင့် သမီးကို ပြန်ရွေးယူခဲ့ရသူ ဦးကျော်ဦးက ဧရာဝတီသို့ ပြောသည်။
လွတ်မြောက်လာသူ ကလေး ၃၃ ဦးမှာ မိဘများနှင့်အတူ နေထိုင်နိုင်ကြပြီ ဖြစ်သော်လည်း ကျန်ကလေးအလုပ်သမား ၂၀ ကျော်မှာ အလုပ်ရှင်၏ ဖိအားပေးမှုကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ကြောင်း ရဲစခန်းတွင် အသက်ရွယ်လိမ်လည် ပြောဆိုခဲ့သဖြင့် မြန်မာနိုင်ငံ နယ်စပ်သို့ ပြန်ပို့ခံရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း၊ ယင်းအခြေအနေကို မိဘများက စိုးရိမ်နေကြကြောင်း သိရသည်။
“သမီးက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အသက်မပြည့်သေးဘဲ အလုပ်လုပ်တယ်ဆိုရင် အဖမ်းခံရမယ်ဆိုလို့ လိမ်ပြော လိုက်တာတဲ့။ သမီးက ငယ်ငယ်လေးကတည်းက ကျမတို့နဲ့ ဒီကိုပါလာတာ။ နယ်စပ်မှာ ပြန်သွန် (အပို့) ခံရရင် သူဇာတိကို မပြန်တတ်ဘူးလေ” ဟု ကလေးမိခင်တဦးက ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ရပိုင်ခွင့်များ အပြည့်အဝ ရရှိရေးအတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုသည်ဟု ဇွန်လ ၂၁ ရက်နေ့ထုတ် အစိုးရ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
သို့သော်လည်း ကလေးများ ဖမ်းဆီးခံထားရချိန်တွင် စိုးရိမ်နေကြသော မိဘများက ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မြန်မာသံရုံးသို့ ဧရာဝတီ၏ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းမှုကိုလည်း ဖြေကြားခြင်းမရှိပေ။
အသက်မပြည့်သေးသော ကလေးငယ်များကို အလုပ်စေခိုင်းခြင်း အပါအဝင် နိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား ကလေးငယ်များကို ဖမ်းဆီးပြန်ပို့ပြန်ပို့ခွင့် မရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရက တရားဝင် ဥပဒေပြဌာန်းထားကြောင်း ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။
“ဒီကလေးတွေက သူတို့ရဲ့အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တဲ့အတွက် သူတို့ကနေပြန်ပြီး အမှုစွဲပြီးတော့ လိုအပ်တဲ့ နစ်နာကြေးတွေကို ထိုင်းရဲ့တရားရုံးကနေ ကလေးတွေကို ပေးအပ်ရမှာ။ ဒီကလေးတွေ မြန်မာပြည်ပြန်ရောက်ရင်လည်း နယ်ကျော်မှုဥပဒေတွေနဲ့ အရေးယူလို့ မရပါဘူး။ ကလေးတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ ပညာရေးတွေကို တတ်နိုင်သမျှ လုပ်ဆောင်ပေးဖို့ မူရင်းအိမ်ရှင်ဖြစ်တဲ့ မြန်မာအစိုးရမှာလည်း တာဝန်ရှိပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် စားဝတ်နေရေး ကြပ်တည်းမှုကြောင့် အသက်ရွယ် မပြည့်သေးသော ၎င်း၏ သားသမီးများကို ကျောင်းထုတ်၍ ထိုင်းနိုင်ငံသို့ခေါ်ယူကာ အလုပ်လုပ်စေခဲ့ကြောင်း ဦးကျော်ဦးက ပြောသည်။
“အခု ပြန်လွတ်လာတဲ့ သမီးငယ်ဆိုရင် မြန်မာပြည်မှာ ၆ တန်းအထိ တက်ခဲ့တယ်။ စားဝတ်နေရေးက မပြေလည်တော့ သူတို့ကို ကျောင်းကနေထုတ်ပြီး ဒီမှာ အလုပ်ခွင်ထဲကို ထည့်ပေးရတာ။ ဒီဘက်မှာလည်း အခမဲ့ မြန်မာကျောင်းတွေရှိပေမယ့် အခြေအနေအရ ပြန်မထားနိုင်ဘူးလေ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၏ ဥပဒေအရ အသက်မပြည့်သေးသော ကလေးများကို လုပ်အားခိုင်းစေခြင်း မပြုရန် ဥပဒေပြဌာန်းထားခြင်းနှင့် ကလေးများကို ကာကွယ်စောင့်လျှောက်ရန် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) တို့နှင့်လည်း သဘောတူ စာချွန်လွှာများတွင် လက်မှတ်ရေးထိုးထားသည်။
သို့သော်လည်း ထိုင်းအစိုးရအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးကို ထိထိရောက်ရာက် ဆောင်ရွက်ခြင်း မရှိသည့်အတွက် လုပ်အားခ ခေါင်းပုံဖြတ်လိုသော စက်ရုံအလုပ်ရုံများတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသော နိုင်ငံခြားသား ကလေးငယ်များကို ပစ်မှတ်ထား ခိုင်းစေနေခြင်းများ ကြုံ့တွေ့နေရခြင်းဖြစ်သည်ဟု ဆိုသည်။
“ကလေးအလုပ်သမား စေခိုင်းခြင်းမပြုရဘူးဆိုတဲ့ ဥပဒေတွေက တိတိကျကျရှိဖို့လိုတယ်။ ပြဌားထားပေမယ့် အောက်ခြေ စက်ရုံတွေကို မရောက်ဘူး။ စက်ရုံပိုင်ရှင်တွေက ကလေးတွေကို လှောင်ပိတ် ခိုင်းစေနေတာကို ရှာဖွေနိုင်ဖို့အတွက် ကွင်းဆင်း လေ့လာမှုအပိုင်းမှာ အားနည်းတယ်။ ကလေးတွေကို ခိုင်းတာတွေ့ရင် တိုင်ကြားနိုင်တဲ့ ယန္တရားတွေက အခုအထိ တိတိကျကျ မရှိသေးဘူး” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံဖက်တွင်လည်း အဖမ်းဆီးခံ မြန်မာနိုင်ငံသား ကလေးငယ်များ ပြန်ပို့ခံရလျှင် ပို့ဆောင်ရန် ပြုစုစောင့်လျှောက်ရေးနှင့် ဖွံ့ဖြိုးရေး ဂေဟာများ ထိထိရောက်ရောက် လုပ်ဆောင်းထားခြင်းမျိုး မရှိကြောင်း သူက ဆက်ပြောသည်။