မြန်မာအစိုးရတပ်က တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း ဖမ်းမိထားသော ထိုင်းနိုင်ငံသား ၆၁ ဦးကို တည်ဆဲ ဥပဒေများနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ဇူလိုင်လ ၄ ရက်မှ စတင်၍ ၇ ရက်နေ့ အထိ ထိုင်းအမျိုးသား ၅၂ ဦးနှင့် အမျိုးသမီး ၉ တို့ကို ဖမ်းဆီးထားကြောင်း၊ ယင်းဒေသတွင် အသုံးပြုနေသည့် မြေသယ် မြေတူးစက် Backhoe ကား ၅ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ်များနှင့် လက်နတ် ခဲယမ်း များကို သိမ်းဆည်းထားသည်ဟု အစိုးရသတင်းများက ဆိုသည်။
ယင်း ထိုင်းနိုင်ငံသား များကို လုံခြုံရေးအရ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး သက်ဆိုင်ရာ နိုင်ငံသို့ သံတမန် နည်းအရ အသိပေးထားကြောင်းလည်း ရေးသားထားသည်။
အစိုးရက ထိုင်းနိုင်ငံသားများကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားထား သော်လည်း ပြစ်မှုဆိုင်ရာ အကြောင်း အရာများကို သတင်းစာတွင် ဖော်ပြထားခြင်း မရှိပေ။
ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် ယုထဆက် ဆာစီပရာပ ကမူ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသားများ ပြန်လည် လွတ်မြောက်ရန် အတွက် မြန်မာနိုင်ငံသို့ ယခုလ ၁၃ ရက်နေ့တွင် သွားရောက် ဆွေးနွေးမည်ဟု သတင်းထောက်များကို ယနေ့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် လာမည့် ၂၀၀၃ ခုနှစ်၌ ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပွဲတော် (ဆီးဂိမ်း) နှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ သွားရောက်ကြမည်ဖြစ်ပြီး တချိန်တည်းတွင် ၎င်းနိုင်ငံသား များအား ဖမ်းဆီးထားသည့် ကိစ္စရပ်ကိုပါ အစိုးရ အာဏာပိုင်များနှင့် ညှိနှိုင်း ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။
“ရေရှည် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့တဲ့ အပေါ်မှာ ကြည်ပြီးတော့ ညှိနှိုင်း ဆွေးနွေးမှုတွေ အဆင်ပြေနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ယုထဆက်က ဆက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံသားများ တရားဝင် မြေငှားရမ်း၍ ရော်ဘာပင်နှင့် ဆီအုန်းပင်များ သွားရောက် စိုက်ပျိုးနိုင်ရန်လည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း ခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင်စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများကို အစိုးရစစ်တပ်က ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
ထိုင်းသတင်းများ၏ အဆိုအရ ယင်းဒေသတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအဝင် စူရတ်ဌာနီ၊ နခွန်စီ ထာမရတ်၊ ချုံ ဖော် မြို့နယ်များမှ မိသားစုဝင်များ သွားရောက်နေထိုင်ကြပြီး ခန့်မှန်ခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း သိရသည်။