ထိုင်းနိုင်ငံတွင် အကြီးဆုံး ဆေးရုံလုပ်ငန်း အုပ်စုကြီးဖြစ်သည့် ဘန်ကောက် ဒူးစစ် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း [Bangkok Dusit Medical Services Plc (BGH)] က နောက်ထပ် ၂ လခန့် အချိန်ယူ၍ ကနဦး လေ့လာမှုများ ပြုလုပ်ပြီးပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ (မြန်မာ) အစိုးရ ဘာတွေလုပ်နေသလဲဆိုတာ အနီးကပ် စောင့်ကြည့်နေပြီး အဲဒီအပေါ်အခြေခံကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လက်ခံနိုင်စရာ ရှိတယ်ဆိုရင် ကျနော်တို့ အလုပ်တွေ စမှာပါ” ဟု BGH ဥက္ကဋ္ဌ ဒေါက်တာ Prasert Prasarttong-Osoth က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။
မြန်မာနိုင်ငံတွင် ရှိပြီး လုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်ရန် သို့မဟုတ် ဒေသခံ လုပ်ငန်းတခုခုကို လွှဲယူလုပ်ကိုင်ရန် လာမည့် ၃ လ အတွင်း ဆုံးဖြတ်ချက်ချသွားမည်ဟု သိရသည်။
BGH သည် ထိုင်းနိုင်ငံရှိ မြို့ကြီးများ အားလုံးတွင် ဆေးရုံများ ဖွင့်လှစ်ထားပြီးအိမ်နီးနားချင်း နိုင်ငံများတွင်လည်း တိုးချဲ့ဖွင့်လှစ်နေခြင်း ဖြစ်ကြောင်း ဒေါက်တာ Prasert က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် BGH က ဆေးရုံ အသေးစားနှစ်ရုံ ဖွင့်လှစ်ထားပြီး လာမည့်နှစ် အစောပိုင်း၌လည်း ဆေးရုံကြီးတရုံ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယင်းဆေးရုံတည်ဆောက်ရေးအတွက် ဘတ် သန်း ၇၀၀ (အမေရိကန် ဒေါ်လာ ၂၂ သန်းကျော်) နှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်မှုအတွက် ဘတ်သန်း ၅၀၀ (ဒေါ်လာ ၁၅ သန်းကျော်) ရင်းနှီးမြှုပ်နှံထားကြောင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတွင်လည်း အလာတူ အဆင့်မြင့်ဆေးရုံများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဆေးကုသမှု ခံယူရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ မြန်မာပြည်မှ အများဆုံး သွားရောက်လျက်ရှိကြောင်း သိရှိရသည်။