ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်ရှိ စစ်တပ်ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်တဲ့အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်ပြောဆိုနေကြပါတယ်။
ကျန်းမာရေးကြောင့် အနားယူသွားတဲ့ သီဟသူရ တင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့ ဒု သမ္မတနေရာကို အစားထိုးဖို့အတွက် နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ယမန်နေ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းလိုက်ကြတာပါ။
သူဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရင်းတပည့်တဦးဖြစ်သလို သဘောထား တင်းမာသူ၊ ခေါင်းမာ ဂိုဏ်းသားတဦးအဖြစ် နိုင်ငံတကာ မီဒီယာတွေကပါ ရေးသား ဖော်ပြနေကြပါတယ်။
ဒါပေမယ့် ယခင် ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးထက် စာရင်တော့ အလွန်ငြိမ်ပြီး ခိုင်းတာလုပ်မယ့်သူတဦး ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို ကလန်ကဆန်လုပ်မယ်သူ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုနေတာတွေလည်း ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကတော့ ဦးမြင့်ဆွေအနေနဲ့ ဒုသမ္မတ ဖြစ်လာရင်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အလေးပေးလုပ်ဆောင်မယ့် ပုဂ္ဂိုလ်အဖြစ် မျှော်လင့်ကြောင်း ပြောပါတယ်။
“အဲဒီပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမျိုး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စမျိုးတွေ အလေးပေး ဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်လို့ အဲဒီလိုပဲ မျှော်လင့်တယ်ပေါ့ဗျာ။ ကျနော်တို့ ပြောချင်တာက ဒီပုဂ္ဂိုလ်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင်တော့ သူဟာ ပြီးခဲ့တဲ့ စစ်အစိုးရ ခေါင်းဆောင်ပေါ့နော်၊ ဦးသန်းရွှေနဲ့ အလွန်ရင်းတဲ့လူလို့ ပြောလို့ရတယ်” လို့ ဦးဝင်းတင်က ဧရာဝတီကို ပြောပါတယ်။
လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ ရောက်နေတဲ့ NLD ပါတီ အနေနဲ့ ဖြစ်ဖြစ်၊ တိုင်းပြည်အနေနဲ့ဖြစ်ဖြစ်၊ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်းဖြစ်မှာမို့ ဦးမြင့်ဆွေသာလျှင် အတည်ဖြစ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းမှာတော့ ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လူရင်းတပည့် ဖြစ်ခဲ့တာ၊ ဦးသန်းရွှေ လက်ထက် ရန်ကုန်တိုင်းမှူး ဘဝတုန်းက တချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲ၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို ရန်ကုန်လေဆိပ်မှာ တာဝန်ယူ ဖမ်းဆီးထိမ်းသိမ်းခဲ့တာတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင် ရေးအထူးအဖွဲ့မှူး (ကစထမှူး) တာဝန်နဲ့ နောက်လူတွေ ကျော်တက်ပြီး ဒု ဗိုလ်ချုပ်ကြီး အဆင့်အထိ ရာထူးတိုးပေးခံရတာတွေ အပေါ် သုံးသပ်ပြီး ဦးသန်းရွှေဟာ အခုအထိ အစိုးရ ရာထူးအပြောင်းအလဲတွေကို ကိုင်တွယ်နေဆဲလို့ ဝေဖန်မှုတွေလည်း ရှိကြပါတယ်။
အငြိမ်းစားယူသွားပေမယ့် သူ့လက်ရင်းတပည့်တွေပဲ အခုထိနေရာ ရနေတာကို ကြည့်ပြီး ပြောဆိုကြတာဖြစ်ပြီး တချို့ကလည်း အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ လူတဦးရဲ့ ရာထူးအပြောင်းအလဲဟာ ဖြစ်စဉ်တခုလုံးကို ပြောင်းလဲသွားစရာ မရှိဘူးလို့ ပြောဆိုသူတွေလည်း ရှိပါတယ်။
“တစုံတယောက် တဦးတယောက် အပြောင်းအလဲ ဖြစ်တဲ့အပေါ်မှာတော့ တခုလုံးရဲ့ အပြောင်းအလဲကို ပြောဖို့တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒါက အပြောင်းအလဲတွေက ရှိနေမှာပါပဲ” လို့ တချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးလည်းဖြစ်၊ ရခိုင်ပါတီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။
ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ်က ပဋိပက္ခများနဲ့ပတ်သက်ပြီး စာနယ်ဇင်းသမားတွေကို ခေါ်ပြီး ကြိမ်းမောင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ စည်းကမ်းတွေကို လိုက်နာရရုံသာမက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ စည်းကမ်းတွေကိုပါ လိုက်နာရတာ၊ ရန်ကုန်တိုင်းအစိုးရဆီ ဂျာနယ် စိစစ်ဖြတ်တောက်မှုကိစ္စ သတင်းပို့ရတာတွေ လုပ်လာရတာ၊ သတင်းဂျာနယ်တွေကိုလည်း စာပေစိစစ်ရေးက ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေချာလိုက်နာကြဖို့ ဦးမြင့်ဆွေ ဦးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိအားပေး ပြောကြားခဲ့ပါသေးတယ်။
ဒါကြောင့်လည်း ရန်ကုန် စာနယ်ဇင်းလောကသားတဦးက “အခု သူ့ကို အမည်စာရင်း တင်လိုက်တယ်ဆိုတော့ ကျနော်တို့ စာနယ်ဇင်းလောကအတွက် ရတက်မအေးစရာပဲလား တွေးမိတယ်။ ဒါဆိုရင် တခြားနယ်ပယ်တွေ အတွက်လည်း စိတ်ပူမိတယ်။ လုပ်ပိုင်ခွင့်က ပိုရသွားပြီလေ”လို့ သူက ဆိုပါတယ်။
ဦးမြင့်ဆွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန် ယူထားပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖြစ်နေ တဲ့ မြေယာသိမ်းဆည်းမှုတွေမှာ တာဝန်ယူ မဖြေရှင်းနိုင်ခဲ့ကြောင်းကို မြေယာအသိမ်းခံကြရတဲ့ ဒေသခံ ပြည်သူတွေဘက်က ရပ်တည်ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က ကိုနေမျိုးဝေက ထောက်ပြပါတယ်။
“အခု သူက ဒုသမ္မတ ဖြစ်သွားတယ်ဆိုတော့ ကျနော်တို့ ရန်ကုန်တိုင်းအတွက်တော့ လွတ်သွားပြီးတော့ တနိုင်ငံလုံးကိစ္စမှာ ဒု သမ္မတ အနေနဲ့က ကာ/လုံ (နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ) မှာ ပါပြီဆိုတော့ ဆုံးဖြတ်ချက်တွေ ဘယ်လို ချမလဲပေါ့” လို့ သူက ဆိုပါတယ်။
ဦးမြင့်ဆွေဟာ သဘောထားတင်းမာသူ တဦးလို့ ဝေဖန်ပြောဆိုမှုတွေ ရှိတာကြောင့် သဘောထားတင်းမာသူ ဦးတင်အောင်မြင့်ဦးရဲ့ ဒု သမ္မတနေရာကို အလားတူ ပြန်ရွေးခံရတာဟာ တကယ်တော့ အပြောင်းအလဲလို့ မခေါ်နိုင်ဘူးလို့ လူငယ် တက်ကြွလှုပ်ရှားသူတချို့ကလည်း ဆိုပါတယ်။
“ဦးမြင့်ဆွေဆိုတဲ့ပုဂ္ဂိုလ်က တော်တော်တော့ ဆိုးတယ်ဗျ။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ သူက ဘုန်းကြီးတွေ သတ်တဲ့အထဲမှာ သူပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒုတိယ သမ္မတ ရွေးချယ်လိုက်တာဟာ ကျနော်တို့နိုင်ငံအတွက် တော်တော် ရင်ခုန်ဖို့ကောင်းနေပြီ” လို့ မကြာခင်က ဆဲဗင်း ဇူလိုင်အကြို တညတာထိမ်းသိမ်းခံရပြီး ပြန်လွတ်လာတဲ့ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းက ဆိုပါတယ်။
ဦးမြင့်ဆွေဟာ ၁၉၇၃ ခုနှစ်မှာ မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၅ က ကျောင်းဆင်း ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အမှတ် ၅ အထူး စစ်ဆင်ရေး ဗြူရို အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။