မန္တလေးတိုင်း မိထ္တီလာခရိုင် မြို့နယ် ၄ မြို့နယ်ရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေးအတွက် အဆိုပါ လယ်မြေများပေါ်တွင် ဝင်ရောက် ထွန်ယက်မှုများကို ယနေ့မှ စ၍ ၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း လယ်သမားများက ပြောသည်။
“ကျနော်တို့ပိုင်တဲ့ လယ်တွေ ပြန်ရဖို့ လုပ်တာပါ။ ထွန် ရှဉ်း ၉ ရှဉ်းနဲ့ တပြိုင်တည်း ထွန်နေကြတာပါ။ အရေးယူခံရမှာ မကြောက်ပါဘူး။ မစိုးရိမ်ပါဘူး။ ကိုယ်ပိုင်တာ ရအောင်လုပ်လို့ ကိုယ့်ဘက်က မှန်တယ်လို့ ထင်တယ်။ သမ္မတကြီး ဆီကိုလည်း လယ်တွေ ပြန်ရရေး စာတင်ထားပါတယ်” ဟု ဝမ်းတွင်းမြို့နယ် အိုးပြွန်ကန် ကျေးရွာမှ လယ်သမား ဦးကျော်ဝင်းက ပြောသည်။
ထိုကဲ့သို့ ဝင်ရောက်ထွန်ယက်ခြင်းကို လယ်သမားများက ထွန်တုံးတိုက်ပွဲဟု အမည်ပေးထားကြောင်း သိရသည်။
ဒေသခံ တောင်သူ ၁၈ ဦးပိုင် လယ်ယာမြေ ဧက ၇၀ ကျော်ကို ကောင်းကင် ကုမ္ပဏီက ကုမ္ပဏီပိုင်မြေအဖြစ် ယမန်နှစ် နိုဝင်ဘာ လက သိမ်းဆည်းခဲ့ကြောင်း၊ လျော်ကြေး တစုံတရာလည်း မရရှိကြောင်း၊ ယခုအခါ အဆိုပါ မြေများ၏ တချို့အစိတ်အပိုင်းများတွင် သရက်ပင်နှင့် သနပ်ခါးပင်များကို စိုက်ပျိုးထားကြောင်း ဦးကျော်ဝင်းက ဆိုသည်။
ထို့အတူ မိထ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်များရှိ အဓမ္မ သိမ်းဆည်းခံထားရသော လယ်မြေ ဧက ၃၀၀ နီးပါးတွင်လည်း သိမ်းဆည်းခံ လယ်မြေပြန်ရရေးအတွက် ထွန်ယက် စိုက်ပျိုးမှုများလုပ်နေပြီး တချို့လယ်ယာမြေများမှာ ထွန်ယက်မရသည့်အတွက် မိမိပိုင်မြေအဖြစ် တိုင်စိုက်မှတ်သားမှုများ ပြုလုပ်ကြသည်ဟု လယ်ပိုင်ရှင်များက ပြောသည်။
လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံလယ်မြေများတွင် ဝင်ရောက်ထွန်ယက်မှုများ ပြုလုပ်သည်ကို မြို့နယ်အုပ်ချုပ် ရေးရုံး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့မှ စောင့်ကြည့်မှုများ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်း ရိုက်ယူခြင်းများ ပြုလုပ်နေသည်ဟု လယ် သမား များကို ကူညီသူများက ပြောသည်။
“အနှောင့်ယှက်တော့ မပေးပါဘူး။ ကုမ္ပဏီနဲ့ လယ်သမားတွေကြား ညှိနှိုင်းပေးမယ်ဆိုတဲ့ သဘောမျိုး၊ ပြဿနာ မဖြစ်အောင် ထိန်း ထိန်းသိမ်းသိမ်းလုပ်တဲ့ အနေအထားမျိုးပေါ့လေ။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒီကိစ္စကို ဖြေရှင်းပေးပါမယ် ပြောတယ်” ဟု မိထ္တီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက ပြောသည်။
မလှိုင်မြို့နယ် တပ်ကုန်းအုပ်စု သရက်ခြံကျေးရွာ အမြန်လမ်းမ မိုင်တိုင် ၂၄၇ အနီးရှိ လယ်ယာမြေများကို ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ဖောက်လုပ်စဉ်က ခေတ္တသိမ်းယူခြင်းဟုဆိုကာ သိမ်းဆည်းခဲ့ပြီး ယနေ့ချိန်အထိ လယ်ပိုင်ရှင်များ ပြန်လည် ထွန်ယက်ခွင့် မရခဲ့ကြောင်း သူက ဆိုသည်။
“အမြန်လမ်းဖောက်ဖို့ ခေတ္တသိမ်းတယ်ဆိုပြီး ဆောက်လုပ်ရေးဌာနက သိမ်းထားတာ၊ အခုထိ ပြန်မရသေးဘူး။ လယ်ယာမြေ ဥပဒေ အရ တောင်သူတွေ ပြန်ရပိုင်ခွင့်ရှိတဲ့မြေ ဖြစ်တဲ့အကြောင်း၊ သမ္မတဆီ ပြီးခဲ့တဲ့အပတ်က စာတင်ထားတယ်။ သာစည် ဘက်က ဆိုရင်လည်း အသိမ်းခံရတာ နှစ် ၂၀ ကျော်တဲ့ လယ်မြေတွေပါတယ်” ဟုလည်း ဒေါ်မြင့်မြင့်အေးက ပြောသည်။
၎င်းကဆက်၍ “မလှိုင် မြို့နယ်၊ ရွာသစ်နဲ့ မန်ကျည်းကန်ကြားဆိုရင်လည်း ၂၀၀၄ ခုနှစ်ကတည်းက ရွာတဆက်တည်း ဖြစ်အောင် လုပ်ဖို့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း လုပ်မယ်ဆိုပြီး သိမ်းထားတာကို စာသင်ကျောင်းပဲ ဆောက်ထားသေးတယ်။ ကျန်တာဘာမှ မလုပ်ဘူး။ သိမ်းထားတာကြာတော့ လယ်တွေက အခု ပြန်ဖော်နေရတယ်” ဟု ပြောဆိုသည်။
မိတ္ထိလာ မြို့နယ်တွင်သာမက တခြားသော ပြည်နယ်နှင့် တိုင်းတချို့တွင်လည်း အလားတူ လယ်ယာမြေများ သိမ်းဆည်းခံ ထားရသဖြင့် လယ်သမားများက ၎င်းတို့ပိုင် လယ်မြေများအတွင်း ဝင်ရောက်ထွန်ယက်သော ထွန်တုံးတိုက်ပွဲ လှုပ်ရှားမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် ပွင့်လင်းမြင်သာမှုများ ရှိလာသည်ဟု ဆိုကြသည်နှင့် အညီ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားများ၏ လယ်ယာမြေ ပြန်လည်ရလိုမှု ဆန္ဒထုတ်ဖော်မှုများ၊ လှုပ်ရှားမှုများလည်း ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပေါ်လာနေသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အပါအဝင် အခြားသော လူမှုရေး၊ ဥပဒေရေးရာ ကျွမ်းကျင်သူများက တောင်သူ လယ်သမားများ၏ အခွင့်အရေးအတွက် ကူညီဆောင်ရွက်မှုများ တိုးမြင့်ပြုလုပ်လာကြပြီး ဧရာဝတီတိုင်း ဇလွန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးတင်ထွတ်ကလည်း လယ်ယာမြေ သိမ်းဆည်းခံထားရခြင်းများကို စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရေးတို့အတွက် လက်ရှိကျင်းပနေသော လွှတ်တော်တွင် အဆိုတင်သွင်း မှုများ ပြုလုပ်သည်။