သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့သော မန္တလေးမြို့လယ် ကြားပွဲတန်းရပ်ကွက်ရှိ မြေနေရာတွင် တရုတ်လုပ်ငန်းရှင် တဦးက ဂါလန် ၅ သောင်းဆံ့ ဆီကန်ဆောက်လုပ်၍ လောင်စာဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအပေါ် ဒေသခံများက ကန့်ကွက်သည်ကို သက်ဆိုင်ရာက အရေးမယူသဖြင့် ယနေ့ စတင် ဆန္ဒပြနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ကြားပွဲတန်းရပ်ကွက် ၂၆ ဘီလမ်း၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြားရှိ အလျား ပေ ၁၇၀၊ အနံ ပေ ၈၀ ရှိသော မြေကွက်လပ်ပေါ်တွင် ပိုင်ရှင် အမည်ပေါက် ဒေါ်နန်းလင်းထွန်းက ဆီလှောင်ကန်နှင့် လောင်စာဆီ အရောင်းဆိုင် ဆောက်လုပ်ခွင့် ရရှိကြောင်း ဇွန်လ ၃ ရက်နေ့ မန္တလေးနေ့စဉ်ထုတ် သတင်းစာတွင် ကြေညာချက် ပါရှိစဉ်ကတည်းက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဒေသခံများက ကန့်ကွက်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့သည် နှစ်စဉ် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့် လောင်စာဆီ သိုလှောင်ကန်နှင့် အရောင်းဆိုင်များကို မြို့ပြင် အဝေးပြေးလမ်းမကြီးများ အနီးတွင်သာ တရားဝင် ဖွင့်လှစ်ခွင့်ပေးထားသည်။
ယခု ဖွင့်လှစ်မည့် ဆီဆိုင်သည် မြို့လယ် ပွဲစားတန်းများ အကြား အချက်အချာကျသော နေရာတွင် တည်ဆောက် နေခြင်းကြောင့် မန္တလေး မြို့ရှိ အရာရှိကြီးတဦးနှင့် ဆက်စပ် လုပ်ကိုင်နေသည့် ဆီဆိုင် ဖြစ်နိုင်ကြောင်း မြို့ခံလူထုက သုံးသပ်ကြသည်။
“မြေဝယ်တဲ့ နေ့မှာပဲ ဆီဆိုင်ဖွင့်မယ်ဆိုပြီး အဆောက်ဦးတွေ ဆောက်တယ်၊ အဲဒီနေ့ပဲ ဆီဆိုင်ဆောက်လုပ်ခွင့် အမိန့် ကျတယ်ဗျာ။ စဉ်းစားသာကြည့်တော့” ဟု ကြားပွဲတန်း ရပ်ကွပ်နေ ရပ်မိရပ်ဖ တဦးက ပြောသည်။
လောင်စာ ဆီလှောင်ကန်နှင့် အရောင်းဆိုင် ဆောက်လုပ်နေသည့် နေရာ အနီးဝန်းကျင်တွင် ဂွေးချိုတိုက်၊ ထီးလင်းတိုက်၊ မိုးကောင်းတိုက်၊ ငါးဆူတိုက်၊ စကုတိုက်၊ ရှင်မကန်တိုက်၊ ပုဂံတိုက်၊ ချမ်းသာကြီး အစရှိသည့် စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်း မြောက်မြားစွာ တည်ရှိနေသည့်အတွက် သက်ဆိုင်ရာ တိုက်အုပ် ဆရာတော်များကိုလည်း စာပို့ထားကြောင်း သိရသည်။
“တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီကလည်း ဘာမှ အကြောင်း ပြန်မလာတဲ့အတွက်၊ အခု တိုင်း သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကို လိပ်မူပြီး ဒီကိစ္စကို ရပ်တန်းက ရပ်ဖို့၊ ဘာသာရေး အားဖြင့် ဆုံးမတားဆီးဖို့ စာတင်ထားပါတယ်။ တကယ့် မြို့လယ်ခေါင် ဖြစ်နေတဲ့အတွက် မြို့ခံတွေရဲ့ ခံစားချက် သောကကိုလည်း နားလည်ပေးစေချင်ပါတယ်” ဟု ကန့်ကွက်မှုကို ဦးဆောင်သူ ကိုအေးသိန်းက ပြောသည်။
ဆီသိုလှောင်ကန်နှင့် ဆီဆိုင် ဆောက်လုပ်နေမှုကို ရပ်တန့်မပေးပါက ၂၆ ဘီလမ်းတွင် နေထိုင်သူ ဒေသခံပြည်သူများက လမ်းပေါ်ထွက် ဆန္ဒ ထုတ်ဖော်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ကျနော်တို့က တိုင်းဒေသကြီးကိုလည်း ကန့်ကွက်စာတင်ထားတယ်။ စည်ပင်သာယာနဲ့ မြို့တော်ဝန် အပြင် တိုင်းမီးသတ် ကိုလည်း ကန့်ကွက်စာ တင်တယ်။ ဒီကြားထဲကနေ သူတို့က ဆက်လုပ်နေတာပါ” ဟု ကြားပွဲတန်း ရပ်ကွက်တွင် နေထိုင်သူ ကိုလှဝင်းမောင်က ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်တင်တင်မာကလည်း အဆိုပါ ကိစ္စရပ်ကို ၎င်းတို့ပါတီမှတဆင့် အထက်ကလူကြီးများ သိရှိစေရန် တင်ပြပေးသွားမည် ဖြစ်ကြောင်း ယခုကိစ္စကို အေးဆေးစွာ ဖြေရှင်းစေချင်ကြောင်း ပြောဆိုသည်။
ယခု လောင်စာဆီကန် ဆောက်လုပ်ရန် ပြင်ဆင်နေသည့် အိမ်အမှတ် ၂၈ သည် မြန်မာ့ရုပ်ရှင် သမိုင်းတွင် မှတ်တမ်း တင်နိုင် ခဲ့သည့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့သည့် အိမ်ဖြစ်သည်။ မူရင်းပိုင်ရှင်မှာ ဒေါက်တာ သိန်းအောင် ဆိုသူဖြစ်ပြီး ၎င်း ကွယ်လွန်ပြီးနောက် အိမ်နှင့် မြေနေရာကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ ထိုအိမ်ကို ဖျက်ပြီး ခြံဝန်းအတွင်း မြေများတူးလျှက် အဆောက်ဦးများ တည်ဆောက် နေပြီဖြစ်သည်။

“ဒီကိစ္စကို ကျနော်တို့ မတားဆီးနိုင်ရင် ကျနော်တို့ သားသမီးတွေကို အမွေဆိုးတခု ပေးခဲ့သလိုဖြစ်မယ်။ ဒါကို မဖြစ်မနေ တွန်းလှန်ရမှာ” ဟု ၂၆ ဘီလမ်းတွင် နေထိုင်သူ ဦးစိုးနိုင်က ပြောသည်။
ဒေသခံများ၏ ကန့်ကွက်ချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ လုပ်ဆောင်မှု မပြုလုပ်သောကြောင့် အဆိုပါ ရပ်ကွက် အတွင်းရှိ နေအိမ်များ၌ “၂၆ လမ်း၊ ၉၀ – ၉၁ လမ်းကြားတွင် ဓါတ်ဆီဆိုင် ဖွင့်လှစ်မည်ကို ဝိုင်းဝန်း ကန့်ကွက်ကြပါစို့” ဟူသည့် ဗီနိုင်းလ် ပိုစတာ စာတမ်းများ အိမ်တိုင်းစေ့ ချိတ်ဆွဲကာ စတင် ဆန္ဒ ထုတ်ဖော်နေကြောင်း သိရသည်။
မန္တလေးမြို့တွင်းရှိ အစိုးရဆီဆိုင် ၃၆ ဆိုင်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်း ပုဂ္ဂလိက ဆီဆိုင်များအဖြစ် ပြောင်းလဲ ရောင်းချခွင့်ပေးခဲ့ပြီး လက်ရှိတွင် ရောင်းချနေသော ပုဂ္ဂလိက ဆီဆိုင်ကြီး ၇၀ ကျော်ခန့် ရှိသည်။
မန်းသားလေး ပူးပေါင်းရေးသားသည်။