ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဝန်ထမ်းများ နှင့် ဘာသာရေး ခေါင်းဆောင်တချို့ကို ရုံးထုတ် စစ်ဆေးနေကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ဝန်ထမ်းနှစ်ဦး အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဝန်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာခါတုန် တို့ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ မောင်တော တရားရုံးတွင် ရုံးထုတ် စစ်ဆေး နေကြောင်း၊ ၎င်းတို့အား ပုဒ်မ(၁၅၃၊ ၁၄၇) ဆူပူမှုဖြစ်စေရန် လှှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေ မှုတို့ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
“ဒေါ်ချိုလေးမာခါတုန် နဲ့ အမျိုးသားဝန်ထမ်း နှစ်ဦးပါ၊ ရုံးထုတ်တာ ဒီနေ့ဆိုရင် ၄ ရက်ရှိနေပြီ၊ အမိန့်ချဖို့ ကြာဦးမှာပါ၊ ဝန်ထမ်း တချို့ကတော့ ခိုင်လုံမှုမရှိလို့ ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်”ဟု မောင်တောမြို့ခံ တဦးက ပြောသည်။ ဒေါ်ချိုလေးမာခါတုန် သည် အငြိမ်းစား အထက်တန်းပြ ဆရာမ တဦးလည်း ဖြစ်သည်။
မောင်တော အကြမ်းဖက်မှုအား ဦးဆောင်ခဲ့သည်ဟုဆိုကာ သင်္ကာမကင်း၍ ဖမ်းဆီးခံထားရသူ ဒေါက်တာ ထွန်းအောင်(ခေါ်) နုရ်ဟောက် နှင့် အဖွဲ့ဝင် ၉ ဦးကို စစ်တွေခရိုင် တရားရုံး၌ ဇူလိုင် ၉ ရက်နေ့မှ စတင် ရုံးထုတ် စစ်ဆေးနေကြောင်း၊ ၎င်းတို့အား သီးသန့်ပုံစံဖြင့် ရုံးထုတ်စစ်ဆေးနေပြီး ကြားနာစစ်ဆေးရာသို့ ဒေသခံပြည်သူများ လာရောက် နားထောင်ခွင့် မရကြောင်း စစ် တွေ ဒေသခံ ရှေ့နေတဦးက ပြောသည်။
၎င်းတို့အဖွဲ့ ရုံးထုတ်စစ်ဆေးရာသို့ တရားရေး ဝန်ထမ်း တချို့နှင့် ပြည်နယ်အစိုးရ အဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တို့မှ တာ ဝန်ရှိသူ တချို့ တက်ရောက် နားထောင်ကြကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက် အား ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀ ၊ ၄၆၈ ၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၁၅၃ စသည့် ပုဒ်မ တို့ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။
ဒေါက်တာ ထွန်းအောင်ကို ဖမ်းဆီးထားသည့်ကိစ္စအား အာဏာပိုင်အဖွဲ့က အတည်ပြုသော်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့တာဝန်ခံ ဦးဝင်းမြိုင်က ကုလသမဂ္ဂ လက်အောက် ခံ ဝန်ထမ်းများအား ဖမ်းဆီးထားခြင်း မရှိကြောင်း ပြောဆိုသည်။
ဒေါက်တာ ထွန်းအောင်သည် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်ပြီး တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှု အတွက် မောင်တောမြို့ရှိ ဗလီကျောင်း တခုတွင် ဆုတောင်းပွဲ ပြုလုပ်ရန်နှင့်ပြဿနာ တစုံတရာ မဖြစ်ပွားရန် တာဝန်ယူ သည် ဟု အာမခံချက်ပေးသည့်အတွက် ဒေသဆိုင်ရာအာဏာပိုင်များထံ တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့နေ့၌ပင် မောင်တောမြို့၌ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်း မောင်တော ဒေသခံများက ပြောသည်။
ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်မှု ကူညီပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုကြောင်း အမေရိကန် The New York Times သတင်းစာ၌ ဇွန်လ ၂၇ ရက်နေ့ က ဖော်ပြထားသည်။
မောင်တောမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ရုံးမှ ဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင်ကို စစ်တွေ လေဆိပ် ၌ ဇွန်လ ၁၁ ရက်နေ့တွင် ခေတ္တခေါ်ယူထိန်းသိမ်းစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ဒေါ်မြနန္ဒာအောင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ တို့အား ရန်ကုန် တာမွေမြို့နယ်တရားရုံတွင် တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေါ်မြနန္ဒာအောင်သည် ဒေါက်တာ ထွန်းအောင် ၏ သမီးဖြစ်ပြီး UNHCR ဝန်ထမ်း တဦးလည်း ဖြစ်သည်။
ဒေါက်တာ ထွန်းအောင်နှင့် သမီးဖြစ်သူတို့ ထံမှ သင်္ကာမကင်းသည့် စာရွက်စာတမ်း အထောက်အထားတချို့ သိမ်းဆည်း ရမိ သကဲ့သို့ မောင်တောမြို့၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ လက်အောက်ခံ ဝန်ထမ်းတချို့ကိုလည်း ၎င်းတို့ သားအဖနှင့် ဆက်နွယ်ပတ်သက်နေသည့် အတွက် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများတွင် ပြော ဆို ဆွေးနွေးနေကြသည်။
ကုလသမဂ္ဂ လက်အောက်ခံ ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း တို့နှင့်ပတ်သက်၍ အတည်ပြုချက် ရယူ ရန် သက်ဆိုင်ရာ တရားရုံးများနှင့် ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံးများသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။