ဘင်္ဂလာဒေ့ချ်နိုင်ငံ နယ်စပ်မြို့ တာခ်နာတွင် မြန်မာနိုင်ငံဘက်မှလာသည့် ရာဘစိတ်ကြွဆေးပြား ၂၂၀၀၀ ကို နယ်စပ်လုံခြုံရေးအဖွဲ့များက ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ယင်းစိတ်ကြွဆေးပြားများကို ဇူလိုင်လ ၉ ရက်နေ့ နံနက်က ကောက်စ်ဘဇားခရိုင်၊ တာခ်နာမြို့နယ်၊ လေဒါကျေးရွာတွင် ဘင်္ဂါလီ တရားခံ ၄ ဦးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာခ်နာအခြေစိုက် အမှတ် ၄၂ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ ဗိုလ်မှူး Jahid Hasan က အတည်ပြုပြောကြားကြောင်း ယမန်နေ့က ကောက်စ်ဘဇားသတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ရာဘ စိတ်ကြွဆေးပြားတွေ ဖမ်းမိတဲ့ဆိုတာ မှန်ပါတယ်။ နတ်မြစ်နဲ့ ကပ်နေတဲ့ လေဒါရွာထဲက မိတာ။ မနက်အစောစော BGB တွေ ကင်းလဲတဲ့အချိန်မှာ မြန်မာဘက်ခြမ်းက ဝင်လာတာယူလို့ ယူဆရတယ်။ မသင်္ကာတဲ့ လူတွေခေါ် ရှာရင်းကနေ ဖမ်းမိတာပါ။ ဖမ်းမိတဲ့လူတွေက မြန်မာဘက်က မဟုတ်ဘူး။ ဘင်္ဂလာဒေ့ချ် နိုင်ငံသားတွေပါပဲ။ အဲဒီဖြစ်တဲ့နေ့ နောက်တရက်မှာပဲ သူတို့ကို တာခ်နာရဲစခန်းကို ပို့လိုက်တယ်။ မောင်တောမှ ပြသနာဖြစ်တဲ့ ရက်ပိုင်းတွေကတော့ ရာဘတွေ ဖမ်းမိတာ မရှိသလောက် ဖြစ်သွားတယ်။ အခု ပြန်ဖမ်းတာ၊ မိတာ” ဟု တာခ်နာရှိ စုံစမ်းထောက်လှမ်းရေး အထွေအထွေ ညွှန်ကြားရေးမှူးရုံး (Directorate General of Forces Intelligence – DGFI) မှ အမည်မဖော်လိုသူတဦးက ဧရာဝတီသို့ပြောသည်။
မူးယစ်မှောင်ခို ကုန်သည်များက ရေလမ်းခရီးကို အသုံးပြုကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် မှတဆင့် တရားမဝင် လမ်းကြောင်း အမျိုးမျိုးမှ ဝင်ရောက်နေသော စိတ်ကြွဆေးပြားများသည် ဘင်္ဂလာဒေ့ချ်နိုင်ငံ တာခ်နာမြို့၊ ကောက်စ်ဘဇာမြို့နှင့် စစ်တကောင်းမြို့များသို့ တိုက်ရိုက် သို့မဟုတ် တဆင့်ခံဝင်ရောက်နေပြီး ထိုမှတဆင့် ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးသို့ ဆက်လက်တင်ပို့နေကြောင်း သိရသည်။
“ဒီစိတ်ကြွဆေးပြားတွေက တနိုင်ငံလုံးကို ပြန့်နှံ့နေတာကြာပြီ။ သုံးစွဲသူတွေလည်း များသည်ထက်များလာတယ်။ ကျနော်တို့ အစိုးရအတွက် ဝန်ထုတ်တခုလို ဖြစ်လာနေတယ်။ နှစ်နိုင်ငံနယ်စပ် အာဏာပိုင်တွေ ဆွေးနွေးတိုင်းမှာလည်း မြန်မာဘက်က တားဆီးပေးဖို့ အမြဲတောင်းဆိုနေတာပါပဲ။ ဒါပေမယ့် နယ်စပ် တရားမဝင်လမ်းကြောင်း အမျိုးမျိုးကနေ ဝင်လာနေတာပါပဲ။ အခု အာဏာပိုင်တွေ ဖမ်းမိတဲ့အရေအတွက်ဟာ ဝင်လာနေတဲ့ အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံလောက်ပဲရှိတယ်” ဟု DGFI မှ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
တာခ်နာမြို့ခံ မျက်မြင်တဦးက“အခု ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေက အခုမှ မောင်တောဘက်က ဝင်လာတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ရခိုင်ထဲမှာ ပြသနာဖြစ်ပြီးနောက်ပိုင်း ဒါပထမဆုံး ပြန်ဝင်လာတယ်လို့ ပြောလို့ရတယ်။ နောက်ပြီးတော့ ပစ္စည်းတွေကို
ဖမ်းမိတာကလည်း နတ်မြစ်ကမ်းစပ်ကနေ ဖြစ်နေတာလေ” ဟု ပြောသည်။
မြန်မာဘက်ခြမ်း မောင်တောတွင် စိတ်ကြွဆေးပြား တပြားလျှင် ကျပ် ၁၅၀၀ မှ ၄၀၀၀ ကျပ်အထိ ဈေးအသီးသီးရှိပြီး ဘင်္ဂလာဒေ့ချ်ဘက်တွင် စိတ်ကြွဆေးပြား တပြားလျှင် တာကာငွေ ၅၀၀၊ ၃၅၀ နှင့် ၂၅၀ အသီးသီးပေါက်ဈေး ရှိနေကြောင်း သိရသည်။ ယနေ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ငွေလဲနှုန်းမှာ ၁ တာကာလျှင် ၉.၂၀ ကျပ် ပေါက်ဈေးရှိသည်။
ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ မဖြစ်မီ မေလ ၁၇ ရက်နေ့က စိတ်ကြွဆေးပြား အလုံးရေ ၃ သိန်းကို စစ်တကောင်းမြို့ ဆိပ်ကမ်းတခုတွင် ဖမ်းဆီးရမိပြီးနောက် ယခု ပထမဆုံးအကြိမ် စိတ်ကြွဆေးပြားများ ဖမ်းမိခြင်း ဖြစ်သည်။