Environment

ဂရိတ်ဝေါလ် သကြားစက်မှ ရေဆိုးဒဏ် ဒေသခံများ ခံစားနေရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ဂရိတ်ဝေါလ် သကြားစက်မှ ရေဆိုးများ ဖောက်ချမှုကြောင့် အနံ့အသက် ဆိုးရွားသည့် အပြင် တခြား သဘာဝ ပတ်ဝန်းဆိုင်ရာ ဒဏ်များကို အနီးအနားရှိ ဒေသခံ ကျေးရွာများ ခံစားနေရကြောင်း ကြားသိရသည်။

သကြားစက်မှ ရေဆိုးများ လျှံကျမှုကြောင့် ဇူလိုင်လ ၄ ရက်နေ့က စက်ရုံအနီးဝန်းကျင်ရှိ မလိုင်ခြုံကျေးရွာမှ ခိုင်းနွားတကောင် သေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။

“စက်ရုံက ရေဆိုးကန်ကနေ ဧရာဝတီ မြစ်ထဲကို ဖောက်ချတယ်။ အဲဒီနေ့ကတော့ ရေတက်တဲ့အချိန် မြစ်ကနေ ရွာဘက်ကို လာတဲ့ ချောင်းရိုးလေးအတိုင်း ရေတွေက တက်လာတာ။ ငါးအသေတွေပါ ပါလာတယ်။ အဲဒါကို ကလေးတွေက ပြေးကောက်တယ်။ ရေတွေက နီနေတယ်။ အဲဒီရေကို သွားသောက်မိတဲ့ နွားက သောက်ပြီးချက်ချင်းပဲ ဆန့်ငင် ဆန့်ငင်ဖြစ်ပြီး သေသွားတာ” ဟု ၎င်းက ရှင်းပြသည်။

ရေတက်ချိန်ချောင်းရိုးမှ တက်လာသော ရေများသည် အနီရောင်ရှိပြီး အနံ့အသက်လည်း ဆိုးရွားကြောင်း သူက  ဆိုသည်။

ဂရိတ်ဝေါလ် သကြားစက်ရုံမှ ထွက်ရှိသော ရေဆိုး အညစ်အကြေးနှင့် အနံ့အသက် ဆိုးများကို အများဆုံး ခံစားနေရသော ကျေးရွာများမှာ မောင်းကုန်းရွာ၊ မလိုင်ခြုံရွာ၊ ဥစ္စုံရွာ၊ ကင်ပွန်းကြီးရွာ၊ ကင်ပွန်းလေးရွာ၊ ဘူးကြီးကန်းရွာ၊ တောရရွာ၊ သပြေကုန်းရွာနှင့် မြတောင်ကျေးရွာတို့ ဖြစ်သည်။

ဂရိတ်ဝေါလ် သကြားစက်ရုံသည် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ ဒေသတွင် တည်ရှိပြီး တရက်လျှင် ကြံတန်ချိန် ၂၀၀၀ ကြိတ်ဝါးနိုင်သော သကြားစက်ကြီး ဖြစ်သည်။ ၂၀၀၈ ခုနှစ် ကြံရာသီတွင် စတင်လည်ပတ်ခဲ့ပြီး သကြားစက်အပြင် ဘေးထွက်ပစ္စည်းများမှ ဘိုင်အိုဒီဇယ် အီသနောနှင့် ဇီ၀ ဓာတ်မြေသြဇာများ ကိုလည်း ထုတ်လုပ်ကြောင်း သိရသည်။

ထိုသို့ သကြားစက်မှ ရေဆိုးဖောက်ချခြင်းအပြင် တကောင်းတောင် နီကယ် စက်ရုံစီမံကိန်း အတွက် လယ်ယာမြေ သိမ်းယူခဲ့ မှုများကိုပါ ကန့်ကွက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆန္ဒထုတ်ဖော်မည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ ဒေသခံ ကာတွန်း ဟာကျူလီက “ဒေသခံတွေ မခံမရပ်နိုင်လို့ ဆန္ဒထုတ်ဖော်မယ် ဆိုရင်တော့ ဒါဟာ လုပ်သင့်လုပ်ထိုက် ပါတယ်။ ကျနော်တို့ ကသာက လူတွေ လက်တွေ့ သိတာကတော့ အဲဒီနား ပတ်ဝန်းကျင်က အနံ့အသက် လုံး၀ မကောင်းဘူး။ စက်ရုံရဲ့အောက်ဘက် မြစ်ထဲက ကိုင်းမြေတွေက တနှစ်ထက် တနှစ် အထွက်လျော့ လာတယ်။ တခါတလေ ငါးတွေ အုပ်လိုက်သေပြီး ပက်လက်မျောနေတာ သွားရင်လာရင်း တွေ့ရတယ်။ သဘာဝပတ်ဝန်းကျင် ပြဿနာ သေချာပေါက်ဖြစ်နေပြီ” ဟု ပြောသည်။

ကန့်ကွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရန် ထီးချိုင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးသို့ စာတင်ထားပြီး ထွက်ရှိထားသည့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် နည်းဥပဒေ အတိုင်းသာ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

ရေဆိုးများကို ဧရာဝတီမြစ်အတွင်း ထုတ်လွှတ်နေပုံ (ဓာတ်ပုံ – နေရောင်)

“ဆန္ဒပြဖို့ စာတင်ထားတာက နည်းဥပဒေ မထွက်ခင် ကတည်းကပါ။ နိုင်ငံတော် သမ္မတနဲ့ တခြား သက်ဆိုင်ရာတွေဆီ စာပို့ဖို့လည်း စီစဉ်နေပါတယ်။ စက်ရုံအောက်ဘက် မြစ်ထဲက ငါးတွေတင် မကဘူး အင်မတန် အသက်ပြင်းပါတယ် ဆိုတဲ့ မျှော့တွေ၊ ကဏန်းတွေပါ သေတဲ့အထိ ဆိုတော့ ကျနော်တို့ ကလေးတွေမှာ ဘယ်လောက် အန္တရာယ်ရှိနေပြီလဲ။ အခု လောလောဆယ်တော့ အဲဒီက ရေကို ဓာတ်ခွဲခန်း ပို့ထားတယ်။ ခွင့်ပြုချက်ရတာနဲ့ ဆန္ဒထုတ်ဖော်မယ်” ဟု ဥပဒေ ကျွမ်းကျင်သူ တဦးဖြစ်သည့် ဦးစိန်လှက ပြောသည်။

ဆန္ဒ ထုတ်ဖော်ရာတွင် တကောင်းတောင် နီကယ်စက်ရုံအတွက် သိမ်းဆည်းထားသော လယ်မြေများ အတွက် ထိုက်သင့်သော လျော်ကြေးပေးရန်၊ ဂရိတ်ဝေါလ် သကြားစက်ရုံအား ဒေသခံများ၏ ကျန်းမာရေးနှင့် သဘာ၀၀န်းကျင်ကို မထိခိုက်စေရေးအတွက် တည်ဆဲဥပဒေများနှင့် ပြန်လည် ထိန်းချုပ်ပေးရန်၊ ကသာခရိုင်နှင့် ထီးချိုင့် မြို့နယ်အတွင်းရှိ အကျင့်ပျက် ဝန်ထမ်းများကို အရေးယူပေးရန်တို့ကို အဓိကထား တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading