နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တရားမဝင် ရိုဟင်ဂျာများ ကိစ္စ ကမ်းလှမ်းချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ Mr. Antonio Guterres က လက်မခံကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမဟုတ်ဘဲ ပြည်ပမှ ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံထားရှိရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ UNHCR အနေဖြင့် ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်း ဖွင့်လှစ်ကာ ထောက်ပံ့ပေးပြီး တတိယ နိုင်ငံသို့ ပို့ပေးရန် စီစဉ်ပါက မြန်မာအစိုးရအနေဖြင့် အကူအညီပေးမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်ကို Mr. Antonio Guterres က ရန်ကုန် ဆီဒိုနားဟိုတယ်တွင် ယမန်နေ့ ညနေက ကျင်းပသည့် UNHCR ၏ သတင်းစာ ရှင်းလင်းပွဲ၌ ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
“UNHCR ရဲ့ ပြန်လည် နေရာချထားရေးဆိုတာက နိုင်ငံတခုကနေ တခြားနိုင်ငံ တခုကို အခြေအနေ တရပ်ရပ်ကြောင့် စွန့်ခွာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အတွက်ပါ။ ရခိုင်အခြေအနေက အဲဒါနဲ့ လုံး၀ မသက်ဆိုင်ပါဘူး။ ကျနော် ပြောနိုင်တာက UNHCR အနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုတော့ လူ့အဖွဲ့အစည်း နှစ်ရပ်စလုံးကို ခွဲခြားမှု မရှိဘဲ ပေးသွားမှာပါ” ဟု Mr. Antonio Guterres က ဆိုသည်။
UNHCR အနေဖြင့် ရခိုင်ဒေသတွင် လူသားချင်းဆိုင်ရာ ထောက်ထားမှု အကူအညီများ ပေးအပ်ရန် အစိုးရနှင့်
ဆွေးနွေးခဲ့ပြီး ယင်း အကူအညီများကြောင့် ရခိုင်လူ့အဖွဲ့အစည်းနှင့် မွတ်စလင် လူ့အဖွဲ့အစည်းအကြား ပြန်လည် သင့်မြတ်မည်ဟု မျှော်လင့်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အစိုးရ ဝန်ကြီးဌာနတွေ အနေနဲ့လည်း ရခိုင်ဒေသမှာ လိုအပ်တာတွေ လုပ်ဆောင် နေပြီ ဖြစ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတွေ အဲဒီဒေသမှာ ပြန်လည် ထူထောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်လာ ရင်တော့ လူ့အဖွဲ့အစည်း နှစ်ခုအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် UNHCR ၏ အာရှဒေသဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ကစ်တီ မက္ကင်ဆီကလည်း ရိုဟင်ဂျာများသည် ၎င်းတို့နိုင်ငံ အတွင်း အိုးအိမ်မဲ့ နေသူများသာ ဖြစ်ပြီး ကုလသမဂ္ဂက အသိအမှတ် ပြုထားသော ဒုက္ခသည်များ မဟုတ်ကြောင်း၊ ထို့ကြောင့် ရိုဟင်ဂျာများအနေဖြင့် တတိယ နိုင်ငံတွင် ဒုက္ခသည်အဖြစ် အခြေချရန် အကျုံးမဝင်ကြောင်း ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ယာယီစခန်းများတွင် နေထိုင်သူများကို စောင်၊ မီးဖိုချောင်သုံး ပစ္စည်း၊ ခြင်ထောင်၊ မိုးကာဖျင်များအား ထောက်ပံ့ရာတွင် ရိုဟင်ဂျာ မွတ်စလင်များနှင့် ဒေသခံ ရခိုင် တိုင်းရင်းသား အပါအဝင် တခြားတိုင်းရင်းသား များကိုပါ ကူညီပေးနေကြောင်း သူက ဆက် ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ ကာလအတွင်း ကုလသမဂ္ဂနှင့် တခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များမှ ဝန်ထမ်း ၁၀ ဦး နီးပါး ဖမ်းဆီးစစ်ဆေး ခံနေရကြောင်း၊ အဆိုပါ ဝန်ထမ်းများနှင့် ပတ်သက်သော သတင်း အတိအကျလည်း မရသေးကြောင်း Mr. Antonio Guterres ၏ အဆိုအရ သိရသည်။
“ဘယ်သူမှ ဥပဒေအထက်မရှိဘူး ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းတွေကလည်း ဥပဒေကို လေးစား လိုက်နာရမယ်ဆိုတာ နားလည်ပါတယ်။ ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ဘာကြောင့် စွဲချက် တင်ထားတယ် ဆိုတာလည်း မသိပါဘူး။ ကျနော်တို့ ဝန်ထမ်းတွေနဲ့ တွေ့ဖို့ ကြိုးစားနေပါတယ်။ WFP က နှစ်ယောက်၊ UNHCR က သုံးယောက်၊ တခြားအဖွဲ့အစည်း တွေကပါဆိုရင် ဖမ်းဆီးထိန်းသိမ်းခံ နေရတဲ့သူတွေက အားလုံး ၁၀ ဦးလောက်ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။
သမ္မတ ဦးသိန်းစိန်နှင့် Mr. Antonio Guterres တို့ ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံခဲ့စဉ် သမ္မတက သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာ သည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်း လာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ် အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူ များလည်း ရှိကြောင်း ပြောခဲ့သည်ဟု သိရသည်။
“ကျမတို့က အိုးအိမ်မဲ့ ဖြစ်သွားတဲ့ သူတွေကို ကူညီဖို့ ကုလသမဂ္ဂ တဖွဲ့လုံးနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ အဲဒီ အကူအညီတွေကို သူတို့ရဲ့ အခြေခံ လိုအပ်ချက်အရ ကူညီပေးတာဖြစ်တယ်။ ကျမတို့က နောက်ခံသမိုင်း၊ ဒါမှမဟုတ် နိုင်ငံသား ဇစ်မြစ်တွေကို မကြည့်ပါဘူး။ ကျမတို့က သူတို့ကို လူသားအဖြစ်ပဲ ကြည့်ပြီး ကူညီတာပါ” ဟု မစ္စ မက္ကင်ဆီက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေတွင် ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသည့် တတိယ မျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟု ပါရှိသည်။
“ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်ခင်မှာ ဘင်္ဂါလီတွေက ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်း ရိုဟင်ဂျာ နာမည်ခံပြီး ခိုးဝင်လာသူတွေ စသည်ဖြင့် ရှုပ်ထွေးနေတဲ့အတွက် နိုင်ငံ တည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက် လာတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်းနှင့် တိုင်းရင်းသား များကို တာဝန်ယူမည် ဟုလည်း ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒေသခံပေါင်း ၉၁၀၀၀ ခန့် ထိခိုက်ခဲ့ရကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့က ခန့်မှန်းထားသည်။ ထိုပဋိပက္ခကြောင့် ထိခိုက်နစ်နာသူများမှာ ယာယီစခန်း ၈၂ ခုတွင်ခိုလှုံ နေကြသည်။
ရခိုင်ပြည်နယ်အတွင်း ဒေသခံ တိုင်းရင်းသား များနှင့် ရိုဟင်ဂျာများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာတွင် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ တိုက်ခိုက်မှု ပေါင်း ၉၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇၈ ဦးရှိကာ ထိခိုက်ဒဏ်ရာရသူ အရပ်သား ၈၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါ အဝင် မီးလောင်ကျွမ်း ပျက်စီးခဲ့သော အိမ်ခြေပေါင်း ၁၃၅၈ လုံးရှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသည်။
UNHCR အကြီးအကဲ Mr. Antonio Guterres သည် ဇူလိုင် ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ကိစ္စ တွေ့ဆုံဆွေးနွေး သွားရန် ရှိကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။