တလောက facebook စာမျက်နှာထက်မှာ “အရင်က ဟစ်ပ် ဟော့ပ် အဆိုတော် ဇေယျာသော်၊ အခု လွှတ်တော်အမတ်
ဖြိုးဇေယျာသိန်း (ခေါ်) ဇေယျာသော်” ရဲ့ ဝတ်စားဆင်ယင်မှု စတိုင် အပြောင်းအလဲကို နှိုင်းယှဉ် ပြထားတဲ့ ဓာတ်ပုံ တပုံ တွေ့လိုက်တော့ မစပ်စု သတိရ သွားတာလေးတွေကို ရေးမိချင် ပါတော့တယ်။
ဦးထုပ် နောက်ပြန် ဆောင်းတာကနေ ခေါင်းပေါင်း၊ အကျႌပွပွ အစား စတစ်ကော်လာနဲ့ တိုက်ပုံ၊ ခွ ကျကျ ဘောင်းဘီကနေ လုံချည် သပ်သပ်ရပ်ရပ် ပြောင်းလဲ ဆင်မြန်းလာပြီး ဟစ်ဟော့ပ်အဆိုတော် ဘဝကနေ လွှတ်တော်အမတ် ဘဝကို ပြောင်းလဲလာတာ ကလည်း မြန်မာနိုင်ငံမှာ သူတဦးတည်းပေကိုး။
“ဟစ်ပ်ဟော့ပ် လောကမှာလည်း ပထမဆုံးလမ်းဖောက်ခဲ့တဲ့ အက်ဆစ် အဖွဲ့ဝင် တဦးလည်း ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့
သက်တမ်း တလျှောက် ပထမဆုံး အဆိုတော်ကနေ အမတ်ဖြစ်တာ သူတယောက်တည်း ဖြစ်တဲ့အတွက် ကျနော်တို့ ဟစ်ပ်ဟော့ပ် လောကသား တယောက်အနေနဲ့ ဂုဏ်ယူပါတယ်” လို့ ဟစ်ပ်ဟော့ပ်အဆိုရှင် ယုန်လေးက ဧရာဝတီကို ပြောပါတယ်။
ဒီလို ဟစ်ဟော့ပ် အဆိုတော် တယောက်က လွှတ်တော်ထဲအထိ ရောက်သွားလောက်မယ်ဆိုတာ ပြည်ပနိုင်ငံတွေမှာ မဆန်းလောက်ပေမယ့် မြန်မာပြည် အတိုင်းအတာနဲ့တော့ ထူးဆန်းတယ် ဆိုရမှာပါ။ သူ ကြားဖြတ် ရွေးကောက်ပွဲမှာ နေပြည်တော်ကနေ ဝင်ရောက် အရွေးချယ် ခံမယ်ဆိုတုန်းကတည်းက အံ့သြဝေဖန်သံတွေ မိုးလုံးညံခဲ့ပါ သေးတယ်။
အခုခေတ် အချိန်မှာသာ ဟစ်ပ်ဟော့ပ် ဆိုတဲ့ ဂီတက မြန်မာပြည်သူတွေနဲ့ နည်းနည်း ယဉ်ပါးစ ပြုလာပေမယ့်၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလ လောက်ကတော့ ဖရိုဖရဲ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ စင်ပေါ်တက်ပြီး ရန်ဖြစ်နေသလို၊ သီချင်း မဆိုဘဲ စာတွေ ရွတ်ပြနေတဲ့ ဒီဂီတကို လူကြီးတွေရဲ့ မျက်စိရော နားရော နောက်ခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒီလိုအနုပညာ လမ်းကြောင်းနဲ့ နာမည် ကျော်ကြားလာတဲ့ လူငယ်တဦးကို လွှတ်တော်ထဲက ခေါင်းပေါင်းနဲ့ တိုက်ပုံဝတ် အမတ်တဦး အဖြစ် စိတ်ကူးထဲမှာ အိမ်မက်တောင် မက်ထားပုံ မရခဲ့တာပါ။
ဒီလိုပြောင်းလဲသွားတဲ့ ဇေယျာသော်ရဲ့ ဘဝစတိုင်နဲ့ ပတ်သက်လို့ ဟစ်ပ်ဟော့ပ်ရဲ့ ဒုတိယမျိုးဆက်လို့ ဆိုရမယ့် ဂျေမီက သဘောကျ နှစ်သက်တယ်လို့ ဆိုပါတယ်။
“အဓိက ကတော့ လူဆိုတာက အမြဲတမ်း ပြောင်းလဲနေရမှာကိုး။ တချိန်လုံး သရီးကွာတား ကြီးနဲ့ လမ်းပေါ်မှာပဲ နေနေလို့ မရဘူး။ လူဆိုတာ တခါတလေကျရင် အသက်အရ၊ စဉ်းစားပုံ စဉ်းစားနည်းရော ငယ်ငယ်တုန်းကလို မဟုတ်ဘဲ ဖြည်းဖြည်းချင်း တက်လာရတယ်။ ပိုပြီးတော့ အရင်ထက် အဆိုးအကောင်းကို ညှိတတ် သွားသလိုပဲ။ သူက စာပေသမားကိုး။ ငယ်ကတည်းက စာကို အသေဖတ်တဲ့သူဆိုတော့ သူတကယ် ဝါသနာပါခဲ့တဲ့ အချက်တွေ လေ့လာရင်း၊ လိုက်ရှာရင်းနဲ့ တွေ့သွားတယ် ထင်ပါတယ်” လို့ ဂျေမီက ပြောပါတယ်။
ဟစ်ပ်ဟော့ပ် အဆိုတော် ယုန်လေးက အဆိုတော်၊ လွှတ်တော်အမတ် ဇေယျာသော်အနေနဲ့ တိုင်းပြည်အတွက် အကျိုးရှိတာတွေ လုပ်ဆောင်ပေး နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
လူငယ်တွေကြားထဲ ဟစ်ပ်ဟော့ပ် ဂီတနဲ့အတူ ဒီဂီတရဲ့ ဝတ်စားမှုစတိုင်တွေ စီးဝင်စေခဲ့တယ်၊ နောက် တချို့ လူငယ်တွေအကြား နိုင်ငံရေးဆိုတဲ့ စကားလုံးတလုံးကို စိတ်ဝင်စားမိလာအောင် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) ဆိုတဲ့ အဖွဲ့ကိုလည်း ဦးဆောင်ခဲ့တယ်။
အရင်က မိုက်ကရိုဖုန်းရှေ့မှာ ဟစ်ပ်ဟော့ပ်သီချင်း ဆိုလာသူ ဇေယျာသော် တယောက် လွှတ်တော်ထဲမှာ ဦးဇေယျာသော် အဖြစ် သူ့ထိုင်ခုံရှေ့ စားပွဲပေါ်က မိုက်ကရိုဖုန်းနဲ့ ပြည်သူတွေကိုယ်စား ဘာတွေများ ပြောဆို ဆွေးနွေးလေမလဲလို့ မစပ်စု သိချင်နေမိ ပါတယ်။
အမေရိကားကို လေယာဉ်နဲ့ ဆို
မစပ်စုတို့ရဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာပြည်က ဆိုသူ၊ ကသူ၊ ရေးသူ၊ တီးသူ အနုပညာရှင်တွေဟာ အမေရိကားနဲ့ ရွှေလမ်းငွေလမ်း ဖောက်နေတယ်လို့ ပြောရင် မမှားလောက်ဘူး ထင်ပါရဲ့။
ဆိုလိုတာက အမေရိကားမှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံရတာတွေ များလာတဲ့ သဘောပါ။ ဖျော်ဖြေပွဲတွေ များလွန်းလို့ တဖွဲ့နဲ့တဖွဲ့ ဝင်တိုက်မိမှာတောင် စိုးရိမ်ရတယ်လို့ ပွဲစီစဉ်သူတွေရဲ့ သတင်းရပ်ကွက်က ကြားသိရပါတယ်။
“၂၀၁၀ မတိုင်ခင် လောက်ကဆိုရင် တနှစ်ကို တစ်ဖွဲ့နှစ်ဖွဲ့ လောက်ပဲ လာနိုင်တယ်။ အခုတော့ တင်တဲ့ ဗီဇာတိုင်းသာရပြီး လာကြမယ်ဆိုရင် တနှစ်ကို အနည်းဆုံး ၇ ပွဲ၊ ၈ ပွဲလောက် ရှိမယ်ထင်တယ်။ ခေါ်တဲ့ အဖွဲ့အစည်းတွေလည်း များတယ်။အဲဒီလောက်အထိ များနေတော့ ပွဲကြည့် ပရိသတ်လည်း ဘယ်ပွဲကြည့်လို့ ကြည့်ရမှန်းမသိဘဲ အီသွားလိမ့်မယ်။ တပွဲဆို တပွဲလာပြီး လူတွေအတွက် တန်အောင် လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့” လို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမှာ နေတဲ့ ပွဲစီစဉ်သူတဦးက ဆိုပါတယ်။
အခု လတ်တလောမှာတင် အမေရိကန် ပြည်ထောင်စုမှာ 3rd Generation လို့ နည်မည် ပေးထားတဲ့ ခိုင်ထူး၊ တင်ဇာမော်၊ ချောစုခင်၊ ဆုပန်ထွာ တို့အဖွဲ့က မြို့တွေအလိုက် ဖျော်ဖြေနေကြ တာပါ။ ဒါတောင် ဇူလိုင် ၁၄ မှာ ရန်အောင်နဲ့ မေသန်းနုတို့ လာရောက်မယ့် အစီအစဉ်က ဗီဇာ အခြေအနေကြောင့် ရက်ပြန်လည် ရွှေ့ဆိုင်း လိုက်ရတယ်လို့ သိရတယ်။ နောက် Iron Cross၊ The Tree Music Band တို့နဲ့အတူ အနုပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့၊ တင်မောင်ဆန်းမင်းဝင်း၊ ထွန်းထွန်း၊ မိုးမိုး၊ မေကဗျာတို့ အဖွဲ့ စတဲ့ အဖွဲ့တွေ တဖွဲဖွဲ လာရောက်ကြဖို့ ဆိုင်းပြင်း နေကြပါတယ်။
“ကျနော်တို့တောင် ပထမက လေးဇီးကလပ်နဲ့ ဒီဇူလိုင်ကို သွားဖို့ရှိတာ ပြန်ရွှေ့လိုက်တယ်။ အဲဒီကို မြန်မာပြည်က အဆိုတော် အဖွဲ့တွေ ၆ ဖွဲ့လောက် ရောက်နေတယ်။ အဲဒီတော့ သွားလည်း အရမ်းများနေတော့ ပရိသတ်တွေက အရမ်း အီသွားမှာလေ။ အဲဒါကြောင့် ကျနော်တို့ နောက်နှစ်ကို ပြန်ရွှေ့လိုက်တယ်” လို့ အဆိုတော် ဇော်ပိုင်က ဧရာဝတီကို ပြောပါတယ်။
အမေရိကားမှာက အရင် နအဖ အစိုးရ အမျက်တော် ရှခံထားရတဲ့ နိုင်ငံရေးသမားဟောင်း၊ နိုင်ငံရေး သမားသစ်တွေ၊ နိုင်ငံရေး ခိုလှုံသူတွေ များပြားလေတော့ ၂၀၁၀ မတိုင်ခင်က ဆိုရင် အနုပညာသမားတွေထဲက သွားရောက် ဖျော်ဖြေဖို့ နည်းနည်း လန့်ကြတာ အမှန်ပါပဲ။
နအဖ အမျက်တော်ရှခံ ထိထားတဲ့ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံ ဖျော်ဖြေလို့ ဆိုတဲ့ ပြစ်ချက်တွေနဲ့ ပြည်တော် ပြန်မဝင်နိုင်တဲ့ အနုပညာရှင်တွေရဲ့ သာဓကတွေကလည်း ရှေ့မှာ ရှိထားတာပေကိုး။
အခုတော့လည်း မစပ်စုတို့ သမ္မတကြီးက ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ တိုးတိုးတမျိုး၊ တိတ်တိတ်တမျိုး ဖိတ်ထားလေတော့ ပြည်ပက အနုပညာရှင်တွေ ပြည်တွင်းကို ဝင်နေသလို၊ အမေရိကန်နဲ့ မြန်မာအစိုးရရဲ့ “အပြစ်မမြင်တော့ဘူး ချစ်ချင်တာပဲ သိတယ်နော်” ဆိုတဲ့ သီချင်းသံလေးကြောင့် ပြည်တွင်းက အနုပညာရှင်တွေ အမေရိကားကို ရဲရဲတင်းတင်း သွားနိုင်နေပါပြီ။
အမေရိကား ပြီးရင်တော့ အင်္ဂလန်နဲ့ သြစတြေးလျကို မြန်မာ အနုပညာရှင်တွေ အများဆုံး သွားရောက် ဖျော်ဖြေကြတယ်လို့ သိရပါတယ်။
အရင်ကတော့ မြန်မာပြည်က အနုပညာရှင်တွေဟာ နယ်ပွဲတွေ အပြိုင်အဆိုင် ထွက်ဆိုကြပေမယ့် အခု ခေတ်မီလာပြီ ဆိုတော့ ပြည်ပကို အပြိုင်အဆိုင် ထွက်ဆိုလာကြတာ စတိုင်တခု ဖြစ်နေပါပြီ။ ပြည်တွင်းက ပေါ့ပ် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာလည်း အနုပညာရှင်တွေရဲ့ နိုင်ငံခြား ဖျော်ဖြေရေး ခရီးစဉ် သတင်းတွေ ပလူပံျနေတာ တွေ့ရပါလိမ့်မယ်။
“အရင်က ပြည်ပရှိုး တော်တော် နည်းတယ်ဗျ။ အခု တော်တော်လေး များလာတယ်။ အခု လတ်တလော မှာကို သြစတေးလျ ရောက်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ သွားတာတော့ တော်တော်လေး သွားကြတယ်။ ရန်ကုန်မှာတောင် အဆို တော်တွေ သိပ်မရှိကြဘူး” လို့ ဇော်ပိုင်က ပြောပါတယ်။
၂၀၁၀ မတိုင်ခင်က ထိုင်း၊ စင်ကာပူ၊ မလေးရှား စတဲ့ အာဆီယံ နိုင်ငံတွေလောက်တင် လှည့်ပတ် ဖျော်ဖြေလာခဲ့တဲ့ မစပ်စုတို့ရဲ့
မြန်မာ အနုပညာရှင်တွေဟာ အခုဆိုရင် ကမ္ဘာပတ်နေပြီဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကမ္ဘာအနှံ့ နိုင်ငံတိုင်းမှာ မြန်မာ မရှိတဲ့ နိုင်ငံ တော်တော်ရှားမယ် ထင်ပါတယ်။
မစပ်စု စဉ်းစားမိတာ တခုကတော့ အဲဒီ နိုင်ငံခြားတိုင်းပြည် တွေက ရှိရှိသမျှ မြန်မာတွေ အကုန်လုံး ပြည်တွင်း ပြန်ရောက်လာ ခဲ့ရင် မြန်မာအနုပညာရှင် တွေရဲ့ ပြည်ပဖျော်ဖြေရေး ခရီးစဉ်ဆိုတာ ရှိနိုင်ပါဦးမလားလို့ …။