ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်တောင်းမြို့အတွင်း သိမ်းယူခံထားရသော လယ်မြေများတွင် လယ်ပြန်စိုက်ခွင့် ရရှိရန်
ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမား ၇ ဦး ယနေ့နံနက်တွင် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
အဆိုပါ လယ်သမားများကို နံနက် ၁၀ နာရီခန့်က ပန်းတောင်းမြို့နယ် တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၃ က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံရ သူများမှာ ဆင်တဲကျေးရွာအုပ်စု ရွာသစ်ကုန်း ကျေးရွာမှ လယ်သမား ၅ ဦးနှင့် ပုတီးတော ကျေးရွာမှ လယ်သမား ၂ ဦးတို့ဖြစ်ကြောင်း ဒေသခံ လယ်သမား တဦးက ပြောသည်။
“မနေ့က လယ်ထွန်နေတဲ့ လယ်သမားတွေကို ကပစ ၃ က ဗိုလ်ကြီးတွေ လာပြီးတော့ လယ်ဆင်းမထွန်ဖို့ ပြောတယ်။ ပြီးတော့ လယ်ခွန် ပြေစာ ရှိတယ်ဆိုရင် ကြေးတိုင်နဲ့ မြေစာရင်းကို သွားရှင်းဖို့ ပြောတယ်။ ဒီမနက် ကြေးတိုင်နဲ့ မြေစာရင်းကို အသွား လမ်းမှာ အဖမ်းခံ လိုက်ရတာပါ” ဟု လယ်သမား ၎င်းက ရှင်းပြသည်။
အဖမ်းဆီး ခံရပြီးနောက် ကပစ ၃ အုပ်ချုပ်ရေး ရုံးသို့ ခေါ်ဆောင်သွားကြောင်း၊ ယခု ညနေ ၅ နာရီခွဲခန့် အထိ ပြန်ရောက် မလာသေးကြောင်း သူက ဆက်ပြောသည်။
ဆင်တဲကျေးရွာ အုပ်စုမှ လယ်မြေများသည် ကပစ အမှတ် ၃ နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ၁၉၈၈၊ ၈၉ ခုနှစ် ကတည်းက သိမ်းယူ ခံထားရခြင်းဖြစ်ပြီး သိမ်းယူပြီးနောက် သက်ဆိုင်ရာ စစ်တပ်ကို သီးစားခ ပေး၍ စိုက်ပျိုးခွင့် ရခဲ့သော်လည်း ယခုနှစ်မှ စတင်၍ လယ်လုံးဝ စိုက်ခွင့် မပေးတော့ကြောင်း သိရသည်။
“သီးစားခက မနှစ်က တဧကကို ၁၆ တင်း ပေးရတယ်။ ကိုယ့်လယ် ကိုယ်လုပ်ပြီး သီးစားခပြန်ပေးရတာ ကိုက်တော့ မကိုက်ဘူး၊ ဒါပေမယ့် လုပ်စားစရာ ရှိသေးတယ်။ ဒီနှစ်တော့ လုံး၀ မလုပ်ရတော့ဘူးလို့ ပြောလာတော့ ကိုယ့်လယ်ကိုယ်
ပြန်လုပ်ချင်တဲ့အတွက် ဖြစ်တဲ့နည်းနဲ့ တိုက်ပွဲဝင်နေရတာ” ဟု ပုတီးတော ကျေးရွာမှ လယ်သမား ကိုအာကာထက်က ပြောသည်။
သီးစားခဖြင့် စိုက်ပျိုးခွင့် ပေးထားသော လယ်မြေများကို ယခုနှစ်မှစတင်ပြီး လုပ်ခွင့် မပေးနိုင်တော့ကြောင်း လယ်သမား များကို ဇွန်လအတွင်းက အစည်းအဝေးခေါ်ယူ၍ အသိပေး အကြောင်းကြားခဲ့ရာ လယ်သမားများက လက်မခံ နိုင်သဖြင့်
လယ်မြေများတွင် ဝင်ရောက်ထွန်ယက်ခြင်းကို ဇူလိုင်လ ၁၁ ရက်နေမှ စတင်၍ နွား ၂၇ ရှဉ်းဖြင့် စတင်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်း မိတ္ထီလာ ခရိုင်နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းတွင်လည်း သိမ်းဆည်း ခံထားရသော လယ်မြေများ ပြန်လည် ရရှိရေးအတွက် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ ထွန်တုံးတိုက်ပွဲများ ဆင်နွှဲလျှက်ရှိသည်။
ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင်လည်း စက်မှုဇုန် စီမံကိန်း အမျိုးမျိုး အမည်တပ်၍ လယ်ယာမြေ သိမ်းဆည်း ခံရမှုများအတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် လယ်သမားများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။