ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ ၁ နှစ်ကျော်ကြာသည် အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ် ကလေးစစ်သား ၅ ဦးအပါအဝင် မြန်မာအစိုးရ တပ်သား ၃၄ ဦးကို KIA ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရသည့် မြန်မာ့တပ်သားများနှင့် ကလေးစစ်သားများကို အစိုးရတပ်များဘက်သို့ အေးချမ်းစွာ ပြန်လည်ပို့ဆောင် ချင်ကြောင်း KIA ဒုတိယ စစ်ဦးစီးမှူး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
“ဒီတပ်သားတွေ အားလုံးကို သူတို့တပ်ရင်း ပြန်ပို့ချင်တယ်။ အေးချမ်းစွာနဲ့ပေါ့။ အဲဒီအထဲမှာ ကလေးစစ်သား တွေလည်းပါ တယ်။ သူတို့ တပ်ကိုပြန်ရောက်အောင်၊ ဘာပြဿနာမှ မဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဦးအောင်သောင်း တို့ကို စာပို့ထားပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန် သေးဘူး” ဟု သူက ဆိုသည်။
ယခုအခါတွင် KIA ထိန်းချုပ်ထားသည့် ကချင်စစ်ပြေး ဒုက္ခသည် စခန်းတခုတွင် ရောက်ရှိနေသော ကလေး စစ်သားတဦး ဖြစ်သည့် မောင်သန့်ဇင်အောင်က “ကျနော် စစ်တပ်ထဲ ဝင်လာတာ ဝါသနာပါလို့ မဟုတ်ဘူး။ အိမ်နဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ဆင်းလာတော့ ကျနော့် အစ်ကိုဝမ်းကွဲက စစ်တပ်ထဲကို လိုက်ပို့တာပါ။ အဲဒီမှာ စစ်ကျောင်းဆင်းပြီးတာနဲ့ ချက်ချင်း စစ်ပွဲဖြစ်တဲ့ နေရာကို စစ်လာ တိုက်ခိုင်းတယ်။ ကျနော် သေနတ်မကိုင်ချင်ဘူး၊ စစ်မတိုက်ချင်ဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်မတိုက်ချင်ကြောင်း ၎င်း၏ အထက်လူကြီး များအား ပြောရာ ကြိုးတုတ်၍ ရိုက်နှက်ခံရခြင်းကြောင့် စစ်တပ်မှ ထွက်ပြေး လာခဲ့ကြောင်း၊ KIA ဘက်က သူ့အား ဖမ်းဆီး လိုက်ကြောင်း၊ မြန်မာအစိုးရ တပ်များဘက်သို့ ပြန်ပို့မည်ကို စိုးရိမ်နေကြောင်း၊ တပ်ပြေး စစ်သားတဦးသည် ထောင်ဒဏ် တသက်တကျွန်း ကျနိုင်ကြောင်း မောင်သန့်ဇင်အောင်က ဆိုသည်။
ကချင်စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များထဲမှ တဦးဖြစ်သူ ကိုမြအေးက “လိုင်ဇာရောက်တော့ ဒုစစ်ဦးစီးမှူး ဂွမ်မော်က KIA ဘက်မှာ ဖမ်းထားတဲ့ အစိုးရ စစ်သား ၃၄ ဦးကို မြန်မာပြည် ပြန်ပို့ချင်တယ်၊ မြန်မာအစိုးရက ဘယ်လိုတာဝန်ယူမလဲ ဆိုတဲ့ မေးခွန်းမေးတယ်လို့ သိလိုက်ရတော့ ကျနော့် အနေနဲ့ ဝမ်းသာပါတယ်။ အဲဒီအထဲမှာ ကလေးစစ်သား တွေလည်း ပါနေတယ်။ သူတို့ အနေနဲ့ သူတို့ နေရပ်ကို ပြန်ချင်ကြတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ အမိန့်ကို ကြောက်ကြတယ်။ တပ်ပြေးဆိုရင် ထောင်ဒဏ်က တသက်တကျွန်း ဆိုတော့ ကြောက်ကြတယ်။ အဲဒါကို ကျနော် မျက်မြင်တွေ့လာတာပါ” ဟု ပြောသည်။
စစ်ပွဲများကြောင့် တချို့ ကျောင်းသားအရွယ် ကလေးငယ်များ စစ်သုံ့ပန်းအဖြစ် အသုံးပြုခံနေရသည်ကို တွေ့ရကြောင်း၊အစိုးရ ကိုလည်း စွပ်စွဲပြောဆိုခြင်း မပြုလိုကြောင်း၊ စစ်တပ်သည် နိုင်ငံကို ကာကွယ်ရန် တာဝန်ယူပြီး စည်းစနစ် ရှိရမည်ဖြစ်ကြောင်း၊ယခုခေတ်သည် လူသားအချင်းချင်း တိုက်ခိုက်ရမည့် ခေတ်မဟုတ်တော့ကြောင်း၊ ထိုသို့ အချင်းချင်း တိုက်နေခြင်းကြောင့် ကြုံရာလူကို တပ်ထဲသွင်းသဖြင့် ကလေးစစ်သားများ တပ်ထဲရောက်လာရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ အိမ်ပြန်ချင်တယ်။ ဒါပေမယ့် အခုက တပ်စွန့်ခွာမှု၊ နယ်မြေစွန့်ခွာမှု၊ လက်နက်စွန့်ခွာမှု အဲဒီအမှုသုံးခု ဆွဲခံရမယ်။ တပ်ပြေးဆိုရင် တသက်တကျွန်း ဖြစ်သွားနိုင်တယ်။ ကျနော်ကတော့ ပြန်ရင်လည်းမထူးဘူး။ ဒီမှာနေရင်လည်း မထူးပါဘူး။ ပြန်ချင်တယ်၊ အေးအေးပဲ နေချင်တယ်။ စစ်တပ်ထဲ မနေချင်တော့ဘူး” ဟု ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ကလေးစစ်သား တစ်ဦးဖြစ်သူ မောင်အေးက ဧရာဝတီသို့ပြောသည်။
KIA ဘက်က ဖမ်းဆီးထားမိသည့် ကလေးစစ်သားများသည် အတန်းပညာ အရည်အချင်း မရှိကြကြောင်း၊ ၎င်းတို့ ဆန္ဒဖြင့်
စစ်တပ်ထဲသို့ ဝင်လာခြင်းလည်း မဟုတ်ကြောင်း၊ အများစုသည် နေအိမ်နှင့် စိတ်အခန့်မသင့်ချိန်၊ လမ်းပေါ် ရောက်နေချိန်တွင် အတင်းအဓမ္မ ခေါ်ဆောင်ကာ တပ်ထဲသို့ ပို့ဆောင်ပြီး စစ်ပွဲတွင် အသုံးပြု ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် KIO နှင့် အစိုးရတပ်များ အကြားဖြစ်ပွားနေသော စစ်မြေပြင်၌ အသက် ၁၂၊ ၁၃ နှစ်အရွယ် ဒေသခံ ကလေး များကို အစိုးရ စစ်တပ်က ပေါ်တာဆွဲ၍ လူသားမိုင်းရှင်း ကိရိယားအဖြစ် လည်းကောင်း၊ အကာအကွယ် အဖြစ်လည်းကောင်း အသုံးပြုနေခြင်းများ ရှိကြောင်း KIO ၏ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဆိုသည်။
“ဒီလ ၄ ရက်နေ့က ကျနော်တို့နဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ အဲဒီကလေးလေး တွေကို ရှေ့ကနေထားပြီး သူတို့က လာတိုက်တယ်။ ကလေးတွေက မိုင်းပေါက်ပြီး ဒဏ်ရာရသွားတယ်။ ဒဏ်ရာရနေတဲ့ ကလေးတွေကို အဲဒီမှာပဲ ထားခဲ့လို့ ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့တယ်။ အခု အဲဒီကလေးတွေကို ကျနော်တို့ ရှေ့တန်း ဆေးခန်းမှာ ဆေးကုပေးနေတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအတွက် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ယခုလ အတွင်း လက်တွေ့ လုပ်ငန်းစဉ်ဖော်ဆောင်ရေး သဘောတူညီမှု (Plan of Action) စာချုပ်ကို နေပြည်တော်တွင် လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့ သဘောတူကြသည့် လုပ်ငန်း ဖော်ဆောင်ရေး အစီအစဉ်တွင် ယခင်နှင့် မတူညီဘဲ ကလေးစစ်သားအဖြစ် အသုံးပြုနေကြသည့် လက်နက်ကိုင်အဖွဲ့များမှ လွတ်မြောက်လာကြသည့် ကလေးသူငယ်များကို အစိုးရက ပြန်လည်ပြုစု ပျိုးထောင်မည်ဆိုသည့် လုပ်ငန်းစဉ် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) အနေဖြင့် ၂၀၁၄ ခုနစ်တွင် မြန်မာတဝန်းလုံး၌ ကလေးစစ်သား လုံးဝပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ တပ်မတော်တွင် ကလေးစစ်သား မရှိကြောင်း နှစ်ပေါင်းများစွာက ငြင်းဆိုခဲ့ခြင်း၊ ကလေး စစ်သားများ ပပျောက်ရေး ကြိုးပမ်းခြင်းများ ရှိခဲ့သော်လည်း ကျယ်ပြန့်စွာ မဆောင်ရွက်နိုင် သေးသကဲ့သို့ ကလေးစစ်သားများ ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များက ဆိုသည်။
ကလေးစစ်သားနှင့် အရွယ် မရောက်သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေသည်မှာ မြန်မာအစိုးရ စစ်တပ် တခုတည်း သာ မဟုတ်ဘဲ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ် (SSA-S)၊ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့လည်း အရွယ်မရောက် သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေကြောင်း ကုလသမဂ္ဂ၏ ၅ နှစ် စစ်တမ်းအရ သိရသည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ထိတွေ့ဆွေးနွေးကာ ကလေးစစ်သား ပပျောက်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း UNICEF က ဆိုသည်။
အသက်မရွယ် မပြည့်သည့် ကလေးငယ်များကို လက်နက်ကိုင် အဖွဲ့များက အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ကြောင်း နိုင်ငံတကာ ဥပဒေတွင် ပြဌာန်းထားကြောင်း၊ အသက် ၁၈ နှစ် မပြည့်သေး သူများကို လက်နက်ကိုင်အဖွဲ့က အသုံးပြုခြင်းသည် အရွယ်မရောက်သေးသူအား စစ်မှုထမ်းစေခြင်းဟု သတ်မှတ်ထားကြောင်း သိရသည်။