ပဲခူးတိုင်း ပဲခူးမြို့တွင် အသက် ၁၅ နှစ်အရွယ် အိမ်အကူအလုပ်သမ မအေးယုအောင်ကို လက်ရောက်ကျူးလွန်မှုဖြင့် အမှုဖွင့် တိုင်ကြားခံထားရပြီးနောက် ပုန်းရှောင်နေသူ ဒေါ်ဖြူဝင်းသက်အား သက်ဆိုင်ရာရဲစခန်းသို့ ခင်ပွန်းဖြစ်သူ ပဲခူးဒုတိယ တရားသူကြီး ကိုယ်တိုင် လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရောက်ကျူးလွန်မှုဖြင့် မအေးယုအောင်က အိမ်ရှင် ဒေါ်ဖြူဝင်းသက်အား ပဲခူးမြို့ အမှတ် (၁) ရဲစခန်းတွင် မေလ ၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ဒေါ်ဖြူဝင်းသက်မှာ ၂ လကျော် တိမ်ရှောင်နေခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်းက ၎င်းကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံမည်ဟု ပြောဆိုလာကြောင်း အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ဦးသိန်းဦးက ပြောသည်။
“ဦးအောင်ဖုန်းဝင်းက သူကိုယ်တိုင်ပဲ ကျနော်တို့ စခန်းကို လာအပ်မယ်လို့ ပဲခူးမြို့နယ် တရားရုံးကို ဆက်သွယ်လာတယ် ဆိုတာကို တရားရုံးက ကျနော့်ဆီ အကြောင်းကြားလာတာပါ၊ ဘယ်နေ့ဘယ်ရက် ဆိုတာတော့ မသိသေးပါဘူး” ဟု စခန်းမှူး ဦးသိန်းဦးက ဧရာဝတီသို့ ပြောသည်။
တရားလိုဘက်မှ ရဲစခန်းတွင် အမှုဖွင့်စဉ် ထွက်ဆိုချက်များအရ ယခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာများ ရရှိထားသကဲ့သို့ ဝမ်းဗိုက်တွင်လည်း ဓားထိရှ ဒဏ်ရာများ ရထားပြီး ဦးခေါင်းတွင် ပုလင်းနှင့် ရိုက်ထားကြောင်း ဒဏ်ရာများနှင့်တကွ ထွက်ဆိုထားသည်ဟု သိရသည်။
ဒဏ်ရာများနှင့် မအေးယုအောင်ကို တရပ်ကွက်တည်း ပြည်သူများက တွေ့ရှိပြီးနောက် ရုပ်သံမှတ်တမ်းများ ရိုက်ယူပြီး ရဲစခန်းသို့ တိုင်ကြားရန် ကြိုးစားခဲ့ကြပြီးနောက် မအေးယုအောင်ကို ဒဏ်ရာများပျောက်ကင်းသည်မထိ တလကျော်ကြာ ထိန်းသိမ်းခဲ့ပြီး မိခင်ထံ ပြန်လည်အပ်နှံခဲ့သည်။ နေရပ်ရင်းပြန်ရောက်သော မအေးယုအောင်က တရားစွဲဆိုပြီးနောက် ဒေါ်ဖြူဝင်းသက်က ပုန်းရှောင်နေခြင်း ဖြစ်သည်။
နှစ်လကျော်ကြာ ပုန်းရှောင်နေသော ဒေါ်ဖြူဝင်းသက်ကို ပဲခူး အမှတ် (၁) စခန်းတာဝန်ရှိသူများ အနေဖြင့် တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး ၎င်းရောက်ရှိ နေထိုင်နိုင်သော နေရာများကို ဆက်သွယ်ရှာဖွေနေကြောင်း ဦးသိန်းဦးက ဆိုသည်။
“ကျနော်တို့ဘက်ကတော့ သူဘယ်မှာရှိတယ် ဆိုတာကိုတော့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး တောက်လျှောက် စုံစမ်းနေတာပေါ့လေ။ တရားခံ တိမ်းရှောင်နေတဲ့နေရာကို အတိကျမသိနိုင်သေးတော့ ဖမ်းဆီး ရမိနိုင်ခြင်း မရှိသေးဘူးပေါ့” ဟု ဦးသိန်းဦးက ဧရာဝတီသို့ ပြောသည်။
ဒေါ်ဖြူဝင်းသက်အမှု ဖြစ်ပွားပြီးနောက် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်းကို ပဲခူးတရားရုံးက တောင်တွင်းကြီးမြို့နယ်သို့ ရွှေ့ပြောင်း တာဝန်ပေးအပ်ခဲ့ပြီးနောက် ပဲခူးရဲတပ်ဖွဲ့အနေဖြင့် တောင်းတွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့အကူညီဖြင့် ထိုနေရာသို့ သွားရောက် စစ်ဆေးခဲ့သော်လည်း မတွေ့ရှိကြောင်း သိရသည်။
ပုန်းရှောင်နေသူ ဒေါ်ဖြူဝင်းသက်ကို ပဲခူးရဲနှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်းတို့က ရှာမတွေ့နိုင်ဘဲ ဖြစ်နေသော်လည်း တရားခံဘက်မှ ဆွေမျိုးများက တရားလိုဘက်က အမှုကျေအေးပေးစေရန် ပဲခူးတိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဥက္ကဋ္ဌ မင်္ဂလာရာမ ကျောင်းတိုက် ဆရာတော် အရှင်နန္ဒဝံသထံ ယခင်လ လဆန်းပိုင်းက သွားရောက်လျှောက်ထားမှုများ ရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ဆရာတော် အရှင်နန္ဒဝံသက ဒေါ်ဖြူဝင်းသက်အား တရားလိုများဘက်မှ ကျေအေးပေးရန် မအေးယုအောင်ဘက်မှ အမှုကို ကူညီဆောင်ရွက်ပေးနေသူ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကို ဆက်သွယ်ခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။
မအေးယုအောင်သည် ယခုအခါ မိခင်ဖြစ်သူနှင့်အတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် နေထိုင်လျက်ရှိသည်။ သို့သော် အိမ်ရှင် ဒေါ်ဖြူဝင်းသက်က မအေးယုအောင်အား ပုလင်းဖြင့်ရိုက်ထားခဲ့သည့် ဦးခေါင်းဒဏ်ရာမှာ မကြာခဏ နာကျင်ပြီး စိတ်ပုံမှန်အနေအထားတွင် မရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ကြူကြူက ပြောသည်။