ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုလိုက်သော “မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု
အား အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုတွင် လက်မခံနိုင်စရာ အချက်တချို့ ပါရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အလွတ်သဘော ဝေဖန် ထောက်ပြခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် သင့်တော်သည့် လူပုဂ္ဂိုလ်တဦးကို ရွေးချယ်ပေးရန် ဖြစ်သော အထက်ပါ အဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက လွှတ်တော်တွင် ကြားဖြတ်တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်သော တနင်္သာရီတိုင်းမှ ဦးဌေးမြင့် (ယုဇန ဦးဌေးမြင့်)၊ ဦးဝင်းသန်း၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေတို့က ထောက်ခံဆွေးနွေးကာ ပြည်သူ့လွှတ်တော်က အရေးကြီးအဆိုအဖြစ် လက်ခံ အတည်ပြုခဲ့သည်။
ဒေါ်နန်းဝါနု၏ အဆိုကို ထောက်ခံခဲ့သူ ယုဇန ဦးဌေးမြင့်က ယင်းနေ့ လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လာနှုတ်ဆက်စဉ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအဆိုနှင့်ပတ်သက်၍ မနှစ်သက်သော အချက်များကို ထောက်ပြပြောဆို သွားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က ယုဇနဦးဌေးမြင့်နဲ့ စကားပြောရင်း အဓိက ပြောတာက တဘက်နိုင်ငံက စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ စေချင်ရင် တဘက်က မကြိုက်မယ့် စကားလုံး ဘာလို့သုံးရသလဲ၊ နောက်ပြီး စီးပွားရေး ပိတ်ဆို့မှုကြောင့် ပြည်တွင်း စစ်ပွဲ မရပ်နိုင်ဘူးဆိုတာ သဘာဝမကျဘူး၊ နောက်တခုကတော့ အဆိုမှာ သုံးထားတဲ့ မည်သူမဆို (Anyone) မည်သည့် နည်းလမ်းမဆို (Any Way) အသုံးပြုပြီး စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ ညှိနှိုင်း ဆောင်ရွက်ရမယ် ဆိုတဲ့ စကားလုံးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မသင့်လျော်ဘူးလို့ ပြောတယ်” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။
ယင်းနေ့ လွှတ်တော်အစည်းအဝေး အပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖိတ်ခေါ်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံခဲ့ကြကြောင်း၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို
မသိရှိရကြောင်း ဦးအုန်းကြိုင်က ဆိုသည်။
ဒေါ်နန်းဝါနု အဆိုတင်သွင်းစဉ် NLD လွှတ်တော်အမတ် တချို့က ယင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကြိုးစားခဲ့ သော်လည်း မိုက်ကရိုဖုန်း ပြဿနာကြောင့် ဆွေးနွေးခွင့် မရခဲ့ကြောင်း သိရသည်။
“ကျနော်နဲ့ ဦးဝင်းထိန်နဲ့က အဲဒီစီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းရေး တိုက်တွန်းကြောင်း အဆိုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ မိုက် ခလုတ်ကို နှိပ်တယ်။ ဒါပေမယ့် မိုက်ကရိုဖုန်းက မီး လင်းမလာဘူး။ ပြောခွင့်မရခဲ့ဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။
NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကလည်း စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အကျိုးတရားများသည် ယခင် စစ်အာဏာရှင် အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အကြောင်း တရားများကို ပြုပြင်မှသာလျှင် ပိတ်ဆို့မှုများ တဖြည်းဖြည်း လျော့ကျ၍ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီအဆိုကို မထောက်ခံရင် အမျိုးသားသစ္စာဖောက် အဖြစ် ရောက်သွားမယ့် ပုံမျိုး လုပ်ထားတယ်။ ကျနော်တို့က
လွှတ်တော်ထဲကို လာတာ နိုင်ငံရေး ကစားဖို့ လာတာမဟုတ်ဘူး။ ပူးပေါင်း ဆောင်ရွက်ဖို့လာတာ။ အဲဒီတော့ အခုလိုမျိုး
နိုင်ငံရေး ကစားကွင်း ဖန်တီးတာမျိုးကို စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုလိုက်ပြီး စီးပွားရေး ပိတ်ဆို့မှု တချို့ကို သမ္မတ အိုဘားမား၏ အမိန့်ဖြင့် ရုပ်သိမ်းခဲ့သည်။
စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုသော်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ၎င်းက AFP သတင်းဌာနသို့ ထုတ်ဖော် ပြောဆိုထားသည်။
ဆက်စပ်သတင်း ဤနေရာတွင် ဖတ်ပါ