တရုတ်ပြည်အတွင်းမှ ဖယ်ရှားခိုင်းထားသော ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ ခုတွင် ယခုအခါ ပြန်လည်နေထိုင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စခန်း ၂ ခုကို ဇူလိုင် ၇ ရက်နေ့တွင် အပြီး ဖယ်ရှားခိုင်းထား သော်လည်း ကချင်စစ်ပြေး ဒုက္ခသည်များက တရုတ်ပြည်တွင် အေးချမ်းစွာနှင့် တရုတ်အစိုးရ၏ ဆန္ဒအတိုင်း နေထိုင်သွားမည်ဖြစ်ကြောင်း စုပေါင်း အသနားခံသဖြင့် ပြန်လည် နေထိုင်ခွင့် ရခဲ့ကြောင်း ရမ်လူးစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
“အခုတော့ ငြိမ်းချမ်းရေးရတဲ့အထိ နေပါလို့ ပြန်ပြောတယ်။ ဒါပေမယ့် စခန်းထဲက အိမ်တွေကို ပြန်ပြင်ခိုင်းတယ်။ ခေါင်မိုး နည်းနည်း ပြန်မြှင့်ခိုင်းတာပေါ့။ ပြီးတော ထမင်းချက်တဲ့ နေရာကို သီးသန့် ထားဖို့၊ မီးသတိပြုဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
တရုတ်ပြည်တွင်းမှ ဒုက္ခသည် စခန်းများသည် ၎င်းတို့၏ နေရပ် ဒေသ မဟုတ်သဖြင့် နေထိုင်ချင်စိတ် မရှိကြောင်း၊ မိမိဌာနေကို အမြန် ပြန်ချင်သော်လည်း စစ်ကို ကြောက်ခြင်းကြောင့် တိုင်းတပါးနယ်မြေတွင် မှီခိုနေရသည့် ဒုက္ခသာရှိကြောင်း တရုတ် ပြည်၏ ပြောဆိုမှုကို ခံရပြီး အသနာခံကာ နေထိုင်ဖု့ိ တောင်းဆိုနေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောဆိုသည်။
“ကျနော့် အနေနဲ့ကတော့ ကိုယ့်နေရပ်ကို ပြန်ချင်တယ်။ ဒါပေမယ့် ပြန်ရင် ကျနော်တို့ စိတ်မချဘူး။ မြေမြှုပ်မိုင်းတွေ ကလည်း ရှိတယ်လေ။ ငြိမ်းချမ်းရေး ရရင်တော့ စိတ်ချပါ၊ ပြန်ပါ့မယ်လို့ တရုတ်ပြည်က သက်ဆိုင်ရာကို ပြောထားပါတယ်” ဟု လောင်ဖိုင်း စခန်းမှ တာဝန်ရှိသူက ဆိုသည်။
ယခုကာလသည် မိုးရာသီ ဖြစ်နေသဖြင့် စခန်း ပြောင်းရွှေ့ရမည့်အရေး အခက်အခဲ ရှိနေကြောင်း၊ စခန်းပြန်လည် တည်ဆောက်ရေး မှာလည်း မလွယ်ကူကြောင်း၊ ထိုသို့ ပြောင်းရွှေ့ရမည့် အရေးနှင့် ပတ်သက်၍ စစ်ပြေးဒုက္ခသည်များ
စိတ်ဒဏ်ရာ ရမည်ကို စခန်း တာဝန်ခံများက စိုးရိမ်နေကြကြောင်း သိရသည်။
စစ်ပြေးဒုက္ခသည်များ နေထိုင်သည့် အခန်းတခန်းလျှင် ၈ ပေ ပတ်လည်သာ ရှိသော်လည်း မိသားစုဝင် ၆ ဦး၊ ၇ ဦးခန့် နေထိုင်ရကြောင်း သိရသည်။
တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့် စခန်းများသည် မြန်မာပြည်နှင့် ၃ ဖာလုံ ခန့်သာ ဝေးပြီး တရုတ်ပြည် နန်တောင်းမြို့ အတွင်းပိုင်းတွင် ကျရောက်နေရာ တရုတ်ပြည် လူနေရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။
ရန်လူးစခန်းတွင် လူဦးရေ ၁၄၀၀ ကျော်နေထိုင်ပြီး လောင်ဖိုင်း စခန်းတွင် လူဦးရေ ၇၀၀ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO) တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့် နေရပ်ရင်းသို့
မပြန်နိုင် ကြသေးချေ။