သတင်း

NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး ကို အလေးထား ဆွေးနွေးရန် တိုင်းရင်းသား ပါတီများ က တိုက်တွန်းလိုက်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်နှင့် ၂၀၁၀ ရွေးကောက် ပွဲဝင်ခဲ့သည့် ချင်းတိုးတက်ရေး ပါတီ တို့ ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် သဘောတူညီ ခဲ့ကြခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသည့် တိုင်းရင်သား အရေး အဆို တခု ကို ထောက်ခံဆွေးနွေးရန် NLD ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား အတိုက် အခံ အင်အားစုများက တိုက်တွန်းထားကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောပြသည်။

ဦးတီခွန်မြတ်၏ အဆိုနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် က သိရှိလိုသည့် အတွက် NLD ပါတီမှ ကိုယ်စားလှယ် တချို့သည်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ယမန်နေ့တွင် လာရောက် ဆွေးနွေးခဲ့ရာ ၎င်းတို့၏ သဘောထားကို ပြောဆိုလိုက်ကြောင်း SNLD ၏ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောသည်။

တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတရပ် ပြဌာန်းရေးအဆိုကို ကြံ့ခိုင်ရေး ပါတီ၏ ရှမ်း ပြည်နယ် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ဇူလိုင်လ ၁၃ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ် သည်။

“ဦးတီခွန်မြတ်ရဲ့ အဆိုက တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုထားတာ မဟုတ်ပါဘူး၊ ကျနော်တို့ တိုင်းရင်းသား အားလုံးရဲ့
တန်းတူရေး အတွက်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်မှရမယ် ဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ပါတယ်”
ဟု ဦးစိုင်းလိတ် က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲသို့ သွားရောက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် အဓိက ပါဝင်သည်ဟုလည်း ဆိုထားသည်။

“တိုင်းရင်းသားအားလုံး လိုချင်တာက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်၊ တန်းတူရေး၊ ကိုယ့်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး ကိစ္စတွေပါ၊ ဒါတွေကို ရဖို့ဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်မှ ရမှာပါ၊ ပြင်ဆင်လို့ရတဲ့ အထိ ကျနော်တို့တွေက တောင်းဆို ရမှာပဲ”ဟု ALD ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။

ဦးတီခွန်မြတ်၏ အဆိုသည် ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်အလက်များအပေါ် အခြေခံ၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ် ကျေး မှု၊ စာပေ၊ ဘာသာ စကားများ လွတ်လပ်စွာ သင်ကြားနိုင်ရေး၊ ထိန်းသိမ်းရေး စသည့် အချက်အလက်များကိုသာ ဦးစားပေး ဖော်ပြထားကြောင်း၊ တိုင်းရင်းသား အားလုံးလိုအပ်နေသည့် ဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြ ဌာန်းခွင့်၊ ဥပဒေ ပြုရေး စသည့်တို့ ပါဝင်ခြင်း မရှိဟု သိရသည်။

ချင်း တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ် ကလည်း“လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေဖြစ်ဖြစ်၊ တိုင်းရင်းသား အဖွဲ့ တခု ခု ကဖြစ်ဖြစ်၊ ဥပမာ ဖက်ဒရယ် စနစ်လိုမျိုး တင်ပြတောင်းဆို လာရင် ဥပဒေ ပြဌာန်းပြီးသား ဖြစ်လို့ မလိုအပ်ပါဘူး ဆိုတာမျိုးတွေ၊ ဒီဥပဒေ နဲ့ပဲ ထောက်ပြလာမှာကို ကျနော် စိုးရိမ်တယ်”ဟု ပြောသည်။

ဦးတီခွန်မြတ်၏ အဆိုသည် တိုင်းရင်းသားများ အတွက် တင်သွင်းခြင်း ဖြစ်၍ ကြိုဆိုကြောင်း၊ သို့သော် တိုင်းရင်းသားများ အ တွက် အရေးကြီးသည့် ပြည့်စုံကောင်းမွန်သော အချက်များကို ဦးစားပေး ထည့်သွင်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

လွှတ်တော်ထဲရှိ အတိုက်အခံ တိုင်းရင်းသား အင်အားစုများ၊ လွှတ်တော်ပြင်ပရှိ နိုင်ငံရေး အတိုက်အခံ တိုင်းရင်းသားများ သည် ကိုယ်ပိုင် ပြဌာန်းခွင့်၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး များကို အလေးထား ဆောင်ရွက်နေကြ သည့် အချိန်၌ ဦးတီခွန်မြတ်၏ အဆို ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ ၎င်း၏အဆိုအား မကြာခင် ရက်ပိုင်းအတွင်း ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရသည်။

“ဒီ ဥပဒေအပြင် ပြည်နယ်တွေ အတွက် ကိုယ်ပိုင် ဥပဒေ ပြုရေး နဲ့ ပြည်နယ် အစိုးရတွေကို ဒီထက် လုပ်ပိုင်ခွင့်ပေး လိုက်ရင် သီးခြား ဥပဒေ ပြဌာန်းနေစရာတောင် မလိုအပ်ပါဘူး”ဟုလည်း ဦးနိုထန်ကပ် က ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများသည် တန်းတူညီမျှ မရှိသည့် အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေးတို့ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အရေးကြီးသည့် ကဏ္ဍမှ ပါဝင်နေကြောင်းလည်း ဆိုသည်။

ဖွဲ့စည်းပုံ၌ ပြင်ဆင်ရမည့်အချက်များ၌ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားရေး ဦးဆောင်မှု ကဏ္ဍမှ ပါဝင်နိုင်ခြင်း၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်သည် အချိန်မရွေး အာဏာသိမ်းယူနိုင်ခြင်း၊ ရွေးကောက်ခံရန်မလိုအပ်ဘဲ လွှတ်တော်တွင်း၌ ၂၅ ရာခိုင်နှှုန်းသော တပ်မတော်သား ပါဝင်နိုင်ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်သည် အရေးပါသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ရေး စသည့် ဝန်ကြီးများအား ရွေးချယ် ခန့်အပ်နိုင်ခြင်း စသည့် အချက်များကို ပြင်ဆင်ရန် လိုလားနေကြခြင်း ဖြစ်သည်။

အလားတူ သမ္မတ ရွေးချယ်ရေး စနစ်နှင့် ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များကို နိုင်ငံတော် သမ္မတ မှ တိုက်ရိုက် ရွေးချယ် ခန့်အပ်ခြင်း စသည့် အချက်များကိုလည်း ပြင်ဆင်နိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်များက ကြိုးစားနေကြကြောင်း သိရသည်။

Loading