ဦးဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် ကချင်စစ်ပြေး ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။
စစ်ပြေး ဒုက္ခသည်များသည် ဒုက္ခသည်စခန်းများထက် ပိုမို လုံခြုံနိုင်မည့် နေရပ်ကို ရှာဖွေလိုနေကြသဖြင့် စခန်း တာဝန်ရှိသူများက ဖျောင်းဖျ ပြောဆိုနေရကြောင်း ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ စခန်းထဲမှာ ဦးဘရန်ရှောင်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ခြောက်ခြားကုန်ကြပြီ။ အခုဖြစ်သွားတဲ့ အပေါ်မှာ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ ဒုက္ခသည်တွေကို ကာကွယ်မပေးနိုင် တော့ဘူးလို့လည်း ခံစားနေရတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ကြီးနား ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စုသည်လည်း လိုင်ဇာမြို့အနီးမှ ဂျဲယန် ဒုက္ခသည် စခန်းသို့ ၄ ရက်အကြာ လမ်းလျှောက် ထွက်ပြေးလာကြောင်း စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာ့ က ပြောသည်။
အဆိုပါ မိသားစုဝင်များသည် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်အား KIA အမည်တပ်ကာ နှိပ်စက် ဝန်ခံခိုင်းသည့် သတင်းများ ကြားရသဖြင့် ထိတ်လန့်ပြီး ထွက်ပြေးလာကြသည်ဟု သူက ဆိုသည်။
ကျွန်းပြင်သာ ဒုက္ခသည် စခန်းတွင် ဇွန်လ ၁၇ ရက်နေ့ ညက ရဲ၊ စရဖနှင့် ရပ်ကွက် လူကြီးများက လူစာရင်း လာရောက် စစ်ဆေးခဲ့ကြောင်း၊ ယခု ထွက်ပြေးလာသည့် မိသားစု တစုမှ အိမ်ထောင်ဦးစီး ဖြစ်သူ၏ မှတ်ပုံတင်ပါ အမည်နှင့် စခန်းတွင် ပေးသွင်းထားသည့် အမည် ကွဲလွဲနေသဖြင်း စခန်းပြင်ပသို့ ထွက်ခွာခွင့် မပြုတော့ပဲ နေစေခဲ့ကြောင်း သိရသည်။
“စခန်းမှာ စာရင်းပေးတော့ အိမ်နာမည်ပဲ ပေးထားတာ၊ မှတ်ပုံတင်က နာမည်ပေးရမယ်လို့လည်း မပြောတော့ မသိဘဲနဲ့ နေခဲ့မိတာ။ ဒါနဲ့ပဲ လာစစ်တဲ့သူတွေက ရှေ့ကနေ၊ ဘေးကနေ ဓာတ်ပုံတွေ အများကြီး ရိုက်သွားပြီး ဘယ်မှ မသွားဘဲ နေဖို့ ပြောခဲ့တယ်” ဟု အဆိုပါ အိမ်ထောင်ဦးစီး၏ ဇနီးက ဆိုသည်။
ထွက်ပြေးလာသည့် မိသားစု ၄ စုသည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ကတည်းက မြစ်ကြီးနားသို့ လာရောက် ခိုလှုံကြသူများ ဖြစ်သည်။
“ကျမတို့ ထွက်ပြေးလာတဲ့သူတွေ အားလုံး KIA နဲ့ ဘာမှ မပတ်သက်ပါဘူး” ဟု ထွက်ပြေးလာသည့် မိသားစုများထဲမှ အိမ်ရှင်မ တဦးက ပြောသည်။
ဂျန်မိုင်ကောင် စခန်းမှ ဦးဘရန်ရှောင်ကို ဖမ်းဆီး နှိပ်စက် ဝန်ခံခိုင်းသည့် သတင်းများသည် တဆင့်စကား တဆင့် တခြား ဒုက္ခသည် စခန်းများသို့ ရောက်လာခဲ့သည့်နောက်တွင် ဒုက္ခသည်များသည် ၎င်းတို့ နေထိုင်ရာစခန်းများမှ ထွက်ပြေးရန် စီစဉ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်စခန်းကို တာဝန်ခံထားသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ကလည်း ဒုက္ခသည်များ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး တိကျပြတ်သားသည့် အာမခံချက် မပေးနိုင်ကြောင်း ထွက်ပြေးလာသူ ဒုက္ခသည် တဦးက ဆိုသည်။
“ကျမ ယောကျာ် အနှိပ်စက်ခံရလို့ ဒုက္ခိတဖြစ်သွားရင် ကျမတို့ကို ဘယ်သူ လုပ်ကျွေးမှာလဲ။ ကလေးတွေကလည်း ငယ်သေးတယ်၊ ဒီမှာ ကြောက်ကြောက်လန့်လန့်နဲ့ နေရတာထက် စာရင်တော့ ဟိုမှာ ပိုလွတ်လပ်မယ် ဆိုပြီး မိသားစု ၄ စု တိုင်ပင်ပြီး ထွက်လာခဲ့ကြတာ” ဟု ၎င်းက ပြောသည်။
ထွက်ပြေးလာသည့် အိမ်ထောင်စု ၄ စု စလုံးတွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်များ ရှိကြပြီး ကလေးငယ်များ မှာလည်း အစိုးရကျောင်း တက်ရောက်နေကြဆဲ ဖြစ်သည်။
အဆိုပါ အိမ်ထောင်စု ၄ စုသည် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အဝတ်တထည် ကိုယ်တခုနှင့် ထွက်ခဲ့ပြီး တောထဲတွင် ၃ ညအိပ်ကာ ၄ ရက်ခရီး လမ်းလျှောက်ခဲ့ကြကြောင်း၊ ဇွန် ၂၅ ရက်နေ့တွင် ဂျဲယန် ဒုက္ခသည်စခန်းသို့ ရောက်ခဲ့ကြောင်း၊ ထွက်ပြေးလာစဉ် အခင်းများ သယ်ဆောင်လာနိုင်ခြင်း မရှိသဖြင့် လက်ရှိတွင် ဝါးကြမ်းခင်းပေါ်၌ အိပ်စက်နေရကြောင်း သိရသည်။
“သူတို့ကိုလည်း တခြားလူတွေလိုပဲ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပြီး နေရာချထား ပေးပါတယ်” ဟု ဂျဲယန်စခန်းမှ တာဝန်ရှိသူက ပြောပြသည်။
နောင်တွင် ဒုက္ခသည်များ ထိုကဲ့သို့ ထွက်ပြေးသွားခြင်း မပြုစေရန် အကာအကွယ် ပေးမှု တစုံတရာ မရှိကြောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က နောက်နောင်တွင် ဝင်ရောက် ဖမ်းဆီးခြင်းမပြုရန် နှုတ်ဖြင့်သာ ပြောခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးခလမ်ဆမ်ဆွန်က ဆိုသည်။
“နောက်လူတွေ ထပ်မပြေးဘူးလို့ မပြောနိုင်ဘူး။ ဒါကတော့ အခု ဦးဘရန်ရှောင်ရဲ့ တရားရုံး ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတယ်။ ဒုက္ခသည်တွေ ကတော့ မလုံခြုံတော့ဘူးလို့ ခံစားနေကြရပါပြီ” ဟု ၎င်းက ဆက်ပြောသည်။
KIA အဖြစ် စွပ်စွဲကာ ဖမ်းဆီးနိုပ်စက်ခြင်း ခံထားရသည့် ဦးဘရန်ရှောင်ကို ယနေ့ ဒုတိယ အကြိမ် ရုံးထုတ် စစ်ဆေးလျှက် ရှိသော်လည်း တရားရုံး၏ အဖြေကို ဧရာဝတီက စုံစမ်း၍ မရသေးပေ။
နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် မှီတင်းနေထိုင်ကြသော ဒုက္ခသည်များ ကြောက်ရွံ့မှုများ ဖုံးလွှမ်း နေခြင်းမှ ကာကွယ်ပေးရန်နှင့် KIA အရာရှိအဖြစ်နှင့် ဖောက်ခွဲ့မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ တရားစွဲဆိုခံထားရသော ဦးဘရန်ရှောင် ကိစ္စကို အမှန်တရားဘက်မှ ရပ်တည်ကာ ကင်းလွတ်ခွင့်ပေးရန် သမ္မတဦးသိန်းစိန်ထံ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ယခုလ ၁၂ ရက်နေ့တွင် စာဖြင့် တင်ပြ တောင်းဆိုထားကြောင်း သိရသည်။