ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လယ်သမား ၂၀၀ ကျော်တို့သည် အစိုးရ၏ ခွင့်ပြုချက်ယူ၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဟောပြောခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်သမားများ ပိုင်ဆိုင်သော လယ်မြေများကို ၁၉၉၃ ခုနှစ်ကတည်းက နအဖ အစိုးရက သိမ်းယူခဲ့သဖြင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ယခုအခါ ၎င်းတို့ ပိုင်ဆိုင်သည့် လယ်မြေများတွင် သီးစားခဖြင့် ပြန်လည် လုပ်ကိုင်ခွင့် ရလိုသောကြောင့် ဆန္ဒထုတ်ဖော် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် လယ်သမားများက ပြောသည်။
“ငယ်ငယ် ကတည်းက လုပ်ကိုင်ခဲ့တဲ့ လယ်တွေ ဆိုတော့ တော်တော်ကို နှမြောတာပေါ့နော်။ အခုတော့ ဈေးရောင်း၊ ဈေးဝယ်လေးပဲ လုပ်စားနေရတယ်။ ဘာမှမပြောဘဲ သိမ်းသွာတယ်။ ဒီကနေ့ အခွင့်အရေးလေးတွေ ပေးမယ်ဆိုရင် ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးကို လိုချင်ပါတယ်” ဟု ထောက်ကြံ့မြို့နယ် သင်္ဃန်းကြီး ကျေးရွာတွင် လယ် ၁၅ ဧက ပိုင်ဆိုင်ခဲ့သည့် ဒေါ်ဝိုင်းလှက ဆန္ဒပြရာတွင် ပါဝင်လာရသည့် အကြောင်းရင်းကို ရှင်းပြသည်။
၁၉၉၃ ခုနှစ်ကုန်ပိုင်းတွင် လယ်မြေ ၁၁ ဧကကျော်ကို သိမ်းဆည်းသွားပြီး ၁၉၉၄ ခုနှစ်တွင် ယင်းလယ်များအား ဝယ်ယူသည်ဟု ဆိုကာ လျော်ကြေးငွေ အတင်းအကျပ် လာပေးကြောင်း၊ လျော်ကြေးငွေမှာလည်း တဧကကို ကျပ် ၁ သိန်းမှ ၁၀ သိန်းအထိ တဦးနှင့် တဦး မတူညီကြောင်း၊ လယ်သမားများမှာ လျော်ကြေးငွေ မလိုချင်ဘဲ လယ်သာ ပြန်လုပ်လို ကြကြောင်း သိရသည်။
“ဟိုကသိမ်း၊ ဒီကသိမ်းနဲ့ လယ်တွေဖဲ့ဖဲ့ ပေးလိုက်ရတော့ ကျနော်တို့ တောင်သူ လယ်သမားတွေက အလုပ်မဲ့ ကျန်ခဲ့ရတယ်။ လယ်ပြန်လုပ်ချင်တဲ့ အတွက် အခုလို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်တယ်။လယ်သမားတွေ နစ်နာမှုကို ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက် ပေးနိုင်မလဲ၊ ဖြေရှင်းပေးမလဲ သိချင်တယ်။ ကျနော်တို့ လယ်ယာမြေကို ကျနော်တို့ လုပ်ပိုင်ခွင့် ရချင်တယ်။ မိဘဘိုးဘွား လက်ထက် ကတည်းက လယ်လုပ်ခဲ့တဲ့ အတွက် လယ်ပဲ လုပ်ချင်တယ်။ မလုပ်ရတော့ဘူး ဆိုရင်လည်း ကျနော်တို့ ရပိုင်ခွင့်ကို ထိုက်ထိုက်တန်တန် လိုချင်တယ်” ဟု ရန်ကုန်တိုင်းအတွင်း လယ် ၁၀ ဧက ပိုင်ဆိုင်ခဲ့ဖူးသူ ဦးမြင့်စိုးက ပြောသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်သည့် အဆိုပါ လယ်သမား ဆန္ဒပြပွဲတွင် ရန်ကုန်တိုင်း အတွင်းရှိ ရွှေပြည်သာ၊မင်္ဂလာဒုံ၊ လှည်းကူး၊ ဝါးတရာ စသည့် ဒေသတို့မှ လယ်သမားများ ပါဝင်ပြီး ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခြင်းနှင့် မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာ ပန်းခြံတွင် စုရုံး ဟောပြော ခြင်းများ ပြုလုပ်ခဲ့သည်။
“ဆန္ဒပြတဲ့ အဓိကရည်ရွယ်ချက်က ဘေးလူတွေ မြင်အောင်လုပ်တာ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စတွေမှာ ကျနော်တို့နဲ့ သဘောမမျှဘူး၊ မကြိုက်ဘူး ဖြစ်လာတဲ့အခါ စာရေးတင်တယ်၊ အလုပ်မဖြစ်ဘူး ဆိုရင် အရပ်လည်ပြီး တိုင်တဲ့ သဘောပါ” ဟု ဦးနေမျိုးဝေက ဆိုသည်။
ဆက်လက်၍ ၎င်းက အစိုးရကို ဖုန်းဆက်ရုံ၊ စာရေးရုံနှင့် ပြီးမြောက်မည် ဆိုပါက မည်သူမျှ ဆန္ဒထုတ်ဖော်ရန် မလိုကြောင်း ပြောသည်။
“အစိုးရကို စိန်ခေါ်ချင်တာက ဥပဒေအဟောင်းနဲ့ လုပ်ချင်လုပ်၊ အသစ်နဲ့ လုပ်ချင်လုပ်၊ အရှုံးအနိုင်ကို စိတ်မဝင်စားဘူး၊ ဥပဒေနဲ့ ညီဖို့ပဲလိုတယ်။ အသစ်အအဟောင်း ကြားကာလဖြစ်လို့ ဆိုင်းငံ့ထာမယ် ဆိုလည်း လက်ခံတယ်။ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့ ဥပဒေနဲ့လုပ်ပါ။ ဥပဒေမဲ့တော့ မလုပ်ပါနဲ့” ဟု ၎င်းက ဆိုသည်။
တရားဝင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပြုပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် စတင် ဖော်ပြသည့် နေ့ကတည်းက သက်ဆိုင်ရာ ခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာ မြို့နယ်မှူးထံ လျှောက်လွှာ တင်ခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြရန် တောင်းဆိုရာတွင် ရဲများက မကြာခဏ ခေါ်ဆောင် မေးမြန်းခြင်း ခံရသောကြောင့် အခက်အခဲ ဖြစ်ရကြောင်း၊ မြို့နယ်ဖြတ်ကျော် ဆန္ဒပြရာတွင် ဖြတ်ရမည့် မြို့နယ်များအတွင်း ထပ်မံ ခွင့်ပြုချက် တင်ရခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ထို့အပြင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများ၏ ဆန္ဒဖော်ထုတ်မှုများကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက အကူအညီပေးသွားမည် ဖြစ်ကြောင်း ဦးနေမျိုးဝေက ပြောသည်။