ထိုင်းနိုင်ငံရှိ ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမ များကို ပြန်ပို့မည့် အစီအစဉ်ကို ထိုင်း အာဏာပိုင်များက အတည်ပြု လိုက်ပါက တရားမဝင် အလုပ်သမား ပိုများလာမည် ဖြစ်ကြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။
“မြန်မာ အစိုးရအနေနဲ့ တရားဝင် အလုပ်သမားတွေ ဖြစ်အောင် လိုက်လုပ်ပေးနေတဲ့ အချိန်မှာ ထိုင်း အစိုးရက အဲဒီလို လုပ်မယ် ဆိုရင် တရားမဝင်တဲ့ အလုပ်သမားတွေ ပိုများသွားမယ်” ဟု ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ တရားဝင် နေထိုင်လျှက်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် အထက်ပါ အစီအစဉ်ကြောင့် တရားမဝင် အလုပ်သမားများ အဖြစ် ပြန်လည် နေထိုင် သွားမည်ကို စိုးရိမ်ရကြောင်းလည်း ၎င်းက ဆိုသည်။
ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမ များအား ပြန်ပို့မည့် အစီအစဉ်၌ ထိုင်းတွင် ရောက်ရှိနေသော မြန်မာပြည်သားများ သာမက အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။
“သူတို့ အဲဒီလိုမျိုး ပြန်ပို့မယ် ဆိုရင် ဘယ်အလုပ်သမားကမှ သူတို့ ကိုယ်ဝန် သုံး၊ လေးလ ရှိတယ်ဆိုတာကို ထိုင်း အစိုးရ သိအောင် အကြောင်းကြားမှာ မဟုတ်ဘူး” ဟု ဦးထူးချစ်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လက ယင်း အစီအစဉ်ကို ထိုင်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ်၍ ဆောင်ရွက် ခဲ့သည်ဟု ဆိုသော်လည်း လတ်တလော ထိုင်းနိုင်ငံရှိ လူ့အခွင့် အရေး လှုပ်ရှားနေသူများ၏ အတိုက်အခံ ပြုမှုများကို ရင်ဆိုင်နေရသည်။
ထိုင်း အလုပ်သမား ဝန်ကြီးဌာနမှ တာဝန် ထမ်းဆောင်နေသူ တဦးကလည်း ယင်း အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက် လုပ် ဆောင်ရန် အတွက် ဥပဒေနှင့် ဆိုင်သော အချက်အလက်များကို အချိန်ယူ လေ့လာနေဆဲ ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကလေး မွေးဖွား ပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင် နိုင်ကြောင်း၊ ယင်း အစီအစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ကြေညာထားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုက ကလေး မလိုချင်ကြသူများကြောင်း၊ ထိုင်း အစိုးရ၏ အစီအစဉ်သည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) မှ ဦးစိန်ဌေးက ပြောသည်။
“ကလေးမွေးမယ် ဆိုပြီတော့ ပြန်သွားမယ်ဆိုရင် ဖခင် လုပ်တဲ့လူက ဒီမှာ ကျန်ခဲ့တာလေ၊ ဒါ မိသားစုရေးကို ခွဲတာ၊ နောက် မွေးကင်းစ ကလေးကို ထားခဲ့ပြီးတော့ ဒီကို ပြန်လာပြီးတော့ အလုပ်လာလုပ် ရအုံးမယ် ဆိုတာ အဓိပ္ပာယ် မရှိဘူး။ ဒါ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” ဟု ဦးစိန်ဌေးက ဆက်ပြောသည်။
ထိုင်းအစိုးရက ယင်းအစီအစဉ်ကို အတည်ပြုခဲ့ပါက နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ ကန့်ကွက်မှုများ ကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုင်းနှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံ ပူးပေါင်း ပါဝင်သည့် Mekong Migration Network (MMN) အဖွဲ့ အစည်းနှင့် ရွှေ့ ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသူ Adisonrn Kerdmongkol တို့က ယင်းသို့ စီစဉ်နေခြင်းသည် လူ့အခွင့် အရေး ချိုးဖောက်ရာ ရောက်ကြောင်း ကန့်ကွက် ပြောဆိုထားပြီး ဖြစ်သည်။
MMN အဖွဲ့ အစည်းတွင် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမား အရေး ဆောင်ရွက် နေသော ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော သတင်းစာများတွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ လူ့အခွင့် အရေး အဖွဲ့များက ဝေဖန်သည်ကို ဆက်တိုက် ဖော်ပြနေသည်။
မကြာသေးခင်က မြန်မာအစိုးရ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ ရပိုင်ခွင့် အပြည့်အဝ ရရှိရေး အတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဟု အစိုးရ သတင်းစာများမှ တဆင့် တရားဝင် ပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။