မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆည်မြောင်းရေနံရံ တည်ဆောက်ရာတွင် ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်ရှိ စမ္ပာနဂိုရ် ကျေးရွာနှင့် ညောင်ရင်းကျေးရွာ အိမ်ခြေ ၁၁၉ အိမ်ရှိ ရွာသားများကို မြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်အားပေး ခိုင်းစေခဲ့ပြီး ရွာသားတယောက်လျှင် သဲ ၆ ကျင်း ဖို့ခိုင်းကြောင်း၊ အလုပ်မဆင်းသူကို ဒဏ်ကြေးအနေဖြင့် ကျပ် ၅ ထောင် ကောက်ခံကြောင်း၊ ထို့အပြင် အလှူငွေအနေဖြင့် တအိမ်ထောင်ကို ကျပ် ၃၅၀၀ ပေးဆောင် ကြရကြောင်း ညောင်ရင်း ကျေးရွာတွင် နေထိုင်သော ရွာခံတဦးက ဆိုသည်။
အဆိုပါ ကိစ္စရပ်များကို ကျေးရွာဒေသခံများက လက်မခံနိုင်သည့်အတွက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) သို့ ယခုလ ၇ ရက်နေ့က စာတင် တိုင်ကြားခဲ့ရာ ILO ရုံးက အဓမ္မခိုင်းစေမှု မြောက်ကြောင်း မှတ်ချက်ပေးပြီး သက်ဆိုင်ရာသို့ တိုင်ကြား စစ်ဆေးသွားမည်ဟု ယင်းရုံး၏ အထက်မြန်မာပြည် ကိုယ်စားလှယ် ကိုအေးသိန်းက ဧရာဝတီကို ပြောသည်။
‘‘ILO ရုံးက ဇူလိုင် ၇ ရက်နေ့မှာ စာကိုလက်ခံတယ်။ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ ဒါကို စစ်ဆေးပြီး မှတ်ချက်ပေးတယ်။ ၁၀ ရက်နေ့မှာ ဂျနီဖာကို တင်ပါတယ်။ အဓမ္မ စေခိုင်းမှု မြောက်တယ်ဆိုပြီး စာထဲမှာ မှတ်ချက် ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးရုံးကို ဧရာဝတီက ဖုန်းနှင့် ဆက်သွယ် မေးမြန်းရာ ‘‘မိုးတွင်းမှာ ရေတွေလျှံပြီး ကျေးရွာထဲ ရေတွေဝင်လို့ ရေထိန်းနံရံ ပြန်လုပ်တာပါ။
ဆည်မြောင်းမလုပ်ခင်တုန်းက ကျေးရွာသူ ကျေးရွာသားတွေကို နည်းပညာနဲ့ ငွေစိုက်ထုတ်မယ်၊ လူအင်အားစိုက်ထုတ် ပေးမလားလို့ မေးတော့ သူတို့ပဲ ကူပေးမယ်ဆိုလို့ ကျနော်တို့ဘက်က လုပ်ခဲ့တာပါ။ ရွာသားတွေကိုယ်တိုင် လက်မှတ်ထိုးတာတွေ အခုထိ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့ ဘယ်သူ့ကိုမှ အဓမ္မ စေခိုင်းတာတွေ မရှိပါဘူး” ဟု ဒုတိယ ဦးစီးမှူး ဦးစန်းမင်းက ဖြေကြားသည်။
သပိတ်ကျင်းမြို့နယ် စမ္ပာနဂိုရ် ကျေးရွာတွင် မိုးတွင်း ရေများလျှံခြင်းကြောင့် ဒေသခံပြည်သူများ နေအိမ်တွင် ရေများ နှစ်စဉ် လွှမ်းမိုးခံရကြောင်း သိရသည်။ ထို့အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း စာရင်းဖွင့်ကာ မတ်လမှ စတင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ဒုဦးစီးမှူးက ရှင်းပြသည်။
သို့သော်လည်း ကျေးရွာနှစ်ရွာရှိ ဒေသခံပြည်သူများမှာ ၎င်းတို့၏ စိတ်ဆန္ဒမပါရှိဘဲ အထက်မှ တအိမ်တယောက် အလုပ်မဆင်း မနေရ လုပ်အားပေးရမည် ဆိုသည့်အတွက် လုပ်ဆောင်ခဲ့ရကြောင်း၊ အလုပ်မဆင်းသည့် သူများကို ဒဏ်ငွေ ရိုက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့ အလုပ်မဆင်းသည့် သူများကိုလည်း အမှန်တကယ် ဒဏ်ငွေရိုက်ခဲ့ကြောင်း ဒဏ်ရိုက်ခံရသည့် ကိုမောင်ညွန့်က ပြောပြသည်။
‘‘အဲဒီနေ့ ကျနော်က ခရီးလွန်နေတာ၊ အဲဒါ သူတို့ခိုင်းတာ မလုပ်လို့ဆိုပြီး ဒဏ်ငွေရိုက်တာ ကျပ် ၅ ထောင် ပေးလိုက်ရပါတယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးက လာကောက်သွားတာပါ” ဟု သူက ဆိုသည်။
အဓမ္မစေခိုင်း ခံရသည့် ကျေးရွာသူ၊ ကျေးရွာသားများက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနှစ်ရွာ အုပ်ချုပ်ရေးမှူးတို့ကို ပုဒ်မ ၃၇၄ နှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။